← Chapters

ကတ္တီပါလမ်းခွဲ

Vol. 8 Ch. 157

ကတ္တီပါလမ်းခွဲ

Vol. 8 Ch. 157

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ထံမှ အဆိုပါ တုံ့ပြန်မှုမျိုးကို မျှော်လင့်မထား၍ အနည်းငယ် အံ့အားသင့်မိသလို တစ်ချိန်တည်းတွင် ရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားမိလိုက်ကြသည်။ ရှန်းယွမ်လုံတို့သည် သူတို့ကို မိသားစုတွင်သာ ဆက်လက်နေထိုင်ရန် ဟန်ဆောင်ပန်ဆောင် နှစ်သိမ့်ခြင်း၊ ချွေးသိပ်ခြင်းတို့ လုံးဝမပြုလုပ်ဘဲ သူတို့အမြင်ကို အရှိအတိုင်း ဖော်ပြ၍ ကတ္တီပါလမ်းခွဲတစ်ခုဖြစ်ရန် တတ်နိုင်သမျှ ကူညီပေးမည်ဟုပင် ပြောပါသေးသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်လျက် နှလုံးသားထဲတွင် တစ်စုံတစ်ရာကို နားလည်လိုက်သည်။

ရှန်းမိသားစုကို စွန့်ခွာရန် အချိန်ကျပြီဖြစ်သည်။ ရှန်းမိသားစုသည် ပင်းချွမ်စီရင်စုတွင် အင်အားမသေးလှသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း နောက်ဆုံးတွင် သာမန် ကျီဖုအဆင့် မိသားစုတစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။ ကျန်းချန်ရွှမ်တို့၏ အန္တိမရည်မှန်းချက်မှာ အင်မော်တယ်တာအိုကို ရရှိရေးဖြစ်သည့်အတွက် ဤမိသားစုကို ဆက်လက်ဖက်တွယ်နေပါက ရည်မှန်းချက်များ၊ စံနှုန်းများ ထပ်တူမကျဘဲ မိသားစုအတွင်း နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် လက်ရှိအချိန်သည် သူတို့အားလုံးနှင့် လမ်းခွဲရန် အသင့်တော်ဆုံးဟု ကျန်းချန်ရွှမ် ဆုံးဖြတ်လိုက်မိသည်။

သို့သော် ထိုအကြောင်းကို လူသိရှင်ကြား မကြေညာသေးဘဲ မိသားစု၏ ထိပ်တန်းအကြီးအကဲများကိုသာ အသိပေးရန် ကြံစည်ထားသည်။ သူတို့နှစ်ဦး ထွက်ခွာသွားမှုသည် ကျင့်ကြံမှုလောကတွင် ရှန်းမိသားစုအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာ သေချာလုနီးပါးရှိသည်လေ။ ထိုနည်းတူ ကျန်းချန်ရွှမ်တို့နှစ်ဦးသည် ရှန်းမိသားစု၏ အဓိပတိအကြီးအကဲ ရာထူးကိုလည်း တစ်ပါတည်း စွန့်လွှတ်ရန် စဉ်းစားထားသည်။ ရှန်းယွမ်လုံက အဆိုပါရာထူးကို ဆက်လက်ရယူထားရန် တိုက်တွန်းသော်လည်း အနာဂတ်တွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်လာနိုင်သည်ဟု ကျန်းချန်ရွှမ်ယူဆမိ၍ ငြင်းပယ်လိုက်သည်။

ထိုအချိန်တွင် ရွှီချန်းဟယ် ဂူပိတ်ကျင့်ကြံနေသော လှိုဏ်ဂူနေရာမှ အင်အားပြင်းထန်၍ သိပ်သည်းသော ချီလှိုင်းများ ရုတ်တရက် မြင့်တက်လာသည်ကို သူတို့လေးဦးလုံး ခံစားမိလိုက်ကြသည်။ အော်ရာများ ထွက်ပေါ်လာရာသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ ရွှီချန်းဟယ်၏ ဂူအထက်တွင် သိပ်သည်းသော ဝိညာဉ်ချီများသည် ဝဲဂယက်ပမာ စုဝေးဖြစ်တည်လျက်ရှိသည်ကို တွေ့ရသည်။ သူတို့အားလုံး၏ မျက်နှာများတွင် ဝမ်းမြောက်သည့်လက္ခဏာများ ထင်ဟပ်လာတော့သည်။ ရွှီချန်းဟယ်တစ်ယောက် ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်တော့မည်ဖြစ်သည်။

အချိန်မဆွဲတော့ဘဲ လေးဦးသား ရွှီချန်းဟယ်၏ဂူထံသို့ ပျံသန်းလိုက်ကြသည်။ ဂူရှေ့သို့ဆင်းသက်မိကြပြီးနောက် ဂူအတွင်းရှိ ချီလှိုင်းများ၏ သိပ်သည်းဆကို အာရုံခံစစ်ဆေးလိုက်ကြသည်။ သူတို့အားလုံး မတိုင်ပင်ဘဲ ပြိုင်တူ စိတ်လှုပ်ရှားနေမိကြသည်။ ရွှီချန်းဟယ်သာ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မိသားစုမှ ထွက်ခွာမည့်သတင်း‌ ပေါက်ကြားခဲ့လျှင်တောင် ရှန်းမိသားစုကို ကြီးကြီးမားမား ထိခိုက်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ရွှီချန်းဟယ်၏ ဂူအထက်ရှိ ဝိညာဉ်ချီများသည် တစ်စထက်တစ်စ သိပ်သည်းများပြားလာသည်။ သို့သော် ထုတ်လွှင့်လိုက်သော ချီလှိုင်းများသည် ရွှီချန်းဟယ်စုပ်ယူနိုင်သည်ထက် အဆမတန် များပြားနေသည်ကို မြင်ရလျှင် သူတို့အားလုံး စိုးရိမ်ပူပန်သွားကြသည်။ ထိုအခါ ကျန်းချန်ရွှမ်က ရွှီချန်းဟယ်ရှိနေသည့် ဂူအတွင်းသို့ လှမ်းအော်လိုက်သည်။

“အကြီးအကဲရွှီ ကျုပ်ကူညီပေးပါရစေ”

ထို့နောက် သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ပြီး ဝိညာဉ်ကျောက်တုံးသုံးသောင်းခန့်ကို ထုတ်ယူ၍ လက်သီးဖြင့်ဆုပ်ချေကာ ဝိညာဉ်ချီလှိုင်းအဖြစ် အသွင်ပြောင်းပြီး ဂူအတွင်းသို့ ပို့လွှတ်လိုက်သည်။ ထိုတစ်ခဏတွင် လှိုဏ်ဂူထက်ရှိ ချီလှိုင်းများသည် အတက်အကျမြန်လျက်ရှိသည်။ ထို့နောက်တွင် ကျီဖုအဆင့် ချီလှိုင်းဖိအားတစ်ရပ်သည် တောင်ထွတ်တစ်ခုလုံးပေါ်ကို ဖြန့်ကျက်သက်ရောက်သွားတော့သည်။ အဆိုပါမြင်ကွင်းကြောင့် သူတို့လေးဦးလုံး ဝမ်းမြောက်ပျော်ရွှင်သွားကြတော့သည်။ ရွှီချန်းဟယ်တစ်ယောက် ကျီဖုအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုတွင် ရောက်ရှိနေပြီဖြစ်သည်။

တစ်ခဏအကြာတွင် ကြည်နူးနှစ်သိမ့်ဟန်နှင့် အားရပါးရ ရယ်ချလိုက်သည့် အသံကြီးတစ်ခုကို သူတို့အားလုံးကြားလိုက်ရသည်။ မီးခိုးရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦးသည် ဂူထဲမှ ခေါင်းတညိတ်ညိတ်နှင့် ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် သူတို့ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ထိုသူမှာ ကျီဖုအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့် ရွှီချန်းဟယ်ပင် ဖြစ်သည်။ ရွှီချန်းဟယ်သည် ရှေးဦးစွာ ကျန်းချန်ရွှမ်ကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

“ကျေးဇူးအရမ်းတင်ပါတယ် အဓိပတိအကြီးအကဲကျန်း ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ်အောင်မြင်မှာမဟုတ်ဘူး”

ကျန်းချန်ရွှမ်ကလည်း ပြုံးလျက်ပင်

“မဟုတ်တာ ကျုပ်မကူညီလည်း ဘိုးဘိုး ၅ နဲ့ ကျန်တဲ့သူတွေ ကူညီပေးကြမှာပါဗျာ၊ ဒါနဲ့ ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”

ထို့နောက်တွင် ရှန်းယွမ်လုံ၊ ရှန်းတောက်မင်နှင့် ရှန်းရူယန်တို့ကလည်း လက်သီးဆုပ်၍ ဂါရဝပြုလိုက်ကြသည်။ ရွှီချန်းဟယ်ကလည်း အလားတူ တုံ့ပြန်ဂါရဝပြုလိုက်သည်။ ထို့နောက်တွင် ကျင့်ကြံရာလှိုဏ်ဂူကို ပြန်ပြီး ရရှိပြီးသော ကျင့်ကြံမှုအဆင့်ကို အခြေခိုင်ရန် ဆက်လက်ကျင့်ကြံလိုက်တော့သည်။ လအနည်းငယ်အကြာတွင် ကျင့်ကြံမှုအလုံးစုံကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်၍ ရွှီချန်းဟယ်တစ်ယောက် လှိုဏ်ဂူထဲမှ ထွက်လာသည်။ ထိုအခါ ရှန်းယွမ်လုံက ရွှီချန်းဟယ်ကို ဟွားဝူတောင်ထွတ်ကို ဖိတ်ခေါ်လိုက်သည်။

တောင်ထွတ်ရှိခန်းမသို့ ရွှီချန်းဟယ် ရောက်ရှိသွားသောအခါ ရှန်းယွမ်လုံအပြင် ရှန်းတောက်မင်၊ ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့လည်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ရွှီချန်းဟယ်က သူတို့လေးဦးကို ပြုံးလျက်ကြည့်ပြီး ရွှင်မြူးမြူးလေသံနှင့်

“ဘာကိစ္စလဲဗျ၊ အရေးကြီးကိစ္စ ပေါ်နေပြန်ပြီထင်တယ် ဟုတ်စ”

ရွှီချန်းဟယ်က အပြောင်အပြက်သဘောနှင့် မေးလိုက်ခြင်းဖြစ်သော်လည်း ရှန်းယွမ်လုံတို့အားလုံးက သူ့အမေးကို ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည့်အခါ ရွှီချန်းဟယ်တစ်ယောက် အံ့အားသင့်သွားပြီး မျက်နှာတည်သွားသည်။

“တစ်ခုခု ဖြစ်လို့လားဗျ”

ရှန်းယွမ်လုံက သူ့အမေးကို ခပ်ယဲ့ယဲ့ပြုံးလျက် ဖြေသည်။

“ငါတို့မင်းကို အသိပေးစရာ တစ်ခုရှိလို့ပါ။ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ ရှန်းမိသားစုကနေ ထွက်ခွာတော့မယ်”

“ဘာ ရှန်းမိသားစုကနေထွက်မယ် ဟုတ်လား”

ထိုစကားကိုကြားလျှင် ရွှီချန်းဟယ်မှာ အံ့အားသင့်လွန်း၍ ကြက်သေသေငိုင်သွားမိသည်။ ထို့နောက် ကျန်းချန်ရွှမ်တို့နှစ်ဦးကို မယုံနိုင်စွာကြည့်၍

“အကြီးအကဲကျန်းနဲ့ရှန်း ဘာလို့ထွက်မှာလဲ”

ကျန်းချန်ရွှမ်တို့ တစ်စုံတစ်ရာ မဖြေနိုင်ခင်တွင် ရှန်းယွမ်လုံက သက်ပြင်းချလျက် အကြောင်းစုံကို ရှင်းပြလိုက်သည်။ ဖြစ်စဉ်စဆုံးကို ကြားသိပြီးနောက်တွင် ရွှီချန်းဟယ်သည် သူ့ကိုယ်သူ အပြစ်တင်မိလိုက်သည်။ ကျင့်ကြံမှုလောကတွင် အနှစ်နှစ်ရာနီးပါး ကျင်လည်ပြီးပြီဖြစ်သော်လည်း အရိပ်အကဲကို မသိနားမလည်ခဲ့၍ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပါရမီအဆင့်အတန်းအရ အနှေးနှင့်အမြန် ရှန်းမိသားစုကို စွန့်ခွာရမည်ဖြစ်ပြီး ယခုအချိန်သည် စွန့်ခွာရန် အချိန်ကောင်းဖြစ်သည်ကို သူမေ့လျော့နေခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရွှီချန်းဟယ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများကို တစ်လှည့်စီကြည့်ပြီး အချိန်အတန်ကြာ တွေးတောနေမိသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်မိသည်။

“ခင်ဗျားတို့ ဘယ်တော့ ထွက်မှာလဲ၊ ဘယ်ကိုသွားမယ်လို့ စိတ်ကူးထားလဲ၊ အနာဂတ်အတွက် ဘာတွေစီစဉ်ထားလဲ။ ကိုယ်ပိုင်ဂိုဏ်း ဒါမှမဟုတ် မိသားစု တည်ထောင်ဖို့ စိတ်ကူးထားလား”

***

All Chapters