← Chapters

မွေးရပ်မြေကိုပြန်ပြီ

Vol. 8 Ch. 158

မွေးရပ်မြေကိုပြန်ပြီ

Vol. 8 Ch. 158

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ လက်ရှိအခြေအနေအရ တစ်ကိုယ်တော် ကျင့်ကြံသူများအဖြစ် ရပ်တည်လိမ့်မည် မဟုတ်ဟု ရွှီချန်းဟယ်ရှုမြင်သည်။ ဤသို့ရှုမြင်ရခြင်းသည် ရွှီချန်းဟယ်အနေနှင့် တစ်ကိုယ်တော်ကျင့်ကြံခြင်းကို သဘောမကျခြင်းကြောင့်မဟုတ်၊ သူကိုယ်တိုင်ပင် တစ်ချိန်က တစ်ကိုယ်တော် ကျင့်ကြံသူဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ ထိုအချက်ကြောင့်ပင် ကျင့်ကြံခြင်းလောကတွင် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ပင်ပန်းခက်ခဲစွာ ရုန်းကန်ရှင်သန်ရကြောင်း သူကောင်းစွာနားလည်ပြီးဖြစ်သည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအနေနှင့် အရာရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်ရသည်။

အဆောင်လက်နက်များ၊ ဝိညာဉ်ဆေးဝါးများမှအစ ကျင့်ကြံရာလှိုဏ်ဂူနှင့် မှော်ဝင်ပစ္စည်းများအထိ အရာအားလုံးကို ကိုယ့်အားကိုယ်ကိုး၍ ရှာ‌ဖွေရသည်လေ။ ထို့ကြောင့်ပင် ကျင့်ကြံသူအများစုသည် ကျီဖုအဆင့်၊ ရွှေအမြုတေအဆင့်နှင့် အခြေတည်ဝိညာဉ်အဆင့်များကို ရောက်ရှိပါက ကိုယ်ပိုင်ဂိုဏ်း သို့မဟုတ် မိသားစုများကို တည်ထောင်လာရခြင်းဖြစ်သည်။ သို့မှသာ ရှေ့ဆက်ရမည့် ကျင့်ကြံခြင်းခရီးအတွက် ရင်းမြစ်များကို အလွယ်တကူ ရယူနိုင်ပြီး အဆက်အသွယ် ကွန်ရက်ကိုလည်း တစ်ပါတည်း ချဲ့ထွင်နိုင်မည်ဖြစ်သည်။

အခြားအဆင့်နိမ့်ကျင့်ကြံသူများကို အကာအကွယ်ပေးလျှင် ထိုသူများမှ မိမိအား တစ်ဖန် ပြန်လည်၍ သစ္စာခံအမှုထမ်းပေးလိမ့်ဖြစ်သည်။ ကျင့်ကြံခြင်းဂိုဏ်းများနှင့် မိသားစုများ၏ ဖွဲ့စည်းပုံမှာ ပိရမစ်အသွင်ရှိပြီး ထိပ်ဆုံးလူနည်းစုမှသည် အောက်ခြေလူအများစုထိ အဆင့်အားလုံးသည် သူ့အနေအထားနှင့်အတူ အရေးပါကြသည်။ တစ်နေရာရာ ချို့ယွင်းနေပါက အဖွဲ့အစည်း၏ ဖြစ်တည်မှုကို ခြိမ်းခြောက်လာနိုင်ပြီး အချိန်မီ မပြင်ဆင်နိုင်ခဲ့လျှင် ရေရှည်တွင် အဆိုပါအဖွဲ့အစည်းသည် ပျက်စီးခြင်းအဖြစ်သို့ ဆိုက်ရောက်သွားမည်ဖြစ်သည်။ ထို့အပြင် ကျင့်ကြံမှုအဆင့်မြင့်ပြီး စွမ်းအားကြီးမားရုံနှင့် မစွမ်းဆောင်နိုင်သည့် အရာများလည်းရှိပါသေးသည်။ စွမ်းဆောင်နိုင်သည်ထားဦး အချိန်လောက်ငှနိုင်မည် မဟုတ်ပေ။

ရင်းမြစ်ရှာဖွေစုဆောင်းခြင်းနှင့် အဆောင်လက်နက်များ ဖန်တီးခြင်းကဲ့သို့သော အလုပ်များတွင် အချိန်ကုန်ဆုံးနေမိလျှင် ပို၍အရေးကြီးသော ကျင့်ကြံခြင်းအတွက် အချိန်လောက်ငှမည်မဟုတ်ပေ။ ကျင့်ကြံခြင်းလောကတွင် ကျီဖုအဆင့်နှင့် ရွှေအမြုတေအဆင့်များအပြင် အခြေတည်ဝိညာဉ်အဆင့်များတွင်ပင် တစ်ကိုယ်တော် ကျင့်ကြံသူများ မရှိမဟုတ် ရှိပါသည်။ သို့သော် အဆိုပါ တစ်ကိုယ်တော် ကျင့်ကြံခြင်းဘဝသည် ကျန်းချန်ရွှမ်တို့နှစ်ဦးအတွက် သင့်လျော်မည်ဟု ရွှီချန်းဟယ် မယူဆပါ။ ရွှေအမြုတေအဆင့်ဂိုဏ်းတစ်ခုကို ဝင်ရောက်ခြင်းသည်ပင် သင့်တော်ဦးမည် မဟုတ်ဘဲ ကိုယ်ပိုင်မိသားစု၊ ဂိုဏ်းတစ်ခုတည်ထောင်ခြင်းသည်သာ သူတို့နှစ်ဦးအတွက် အသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု သူမြင်သည်။

ကျန်းချန်ရွှမ်တို့သည်လည်း သည်ပြဿနာကို စဉ်းစားပြီးသားဖြစ်သည်။ ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး

“ဒီကိစ္စအတွက်တော့ မဆုံးဖြတ်ရသေးဘူး။ ကျုပ်တို့နှစ်ယောက် ယွင်နိုင်ငံကနေ အရင်ထွက်ပြီး တခြားကျင့်ကြံရေးနိုင်ငံတွေကို ခရီးသွားကြည့်ပြီးမှ ဘာဆက်လုပ်မလဲ စဉ်းစားဖြစ်ဖို့များတယ်”

ထို့နောက် ကျန်းချန်ရွှမ်က ဝတ်ရုံထဲမှ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်ပြီး ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်ကို ကမ်းပေးလိုက်သည်။

“အဇူရာနဂါး သစ်သားသလင်းကျောက်နဲ့ အဆင့် ၂ အလယ်အဆင့် ရွှေသံချပ်ကာ ရုပ်သေးအဆောင် သန့်စင်နည်းတွေပါ။ ဒီပစ္စည်းနှစ်ခုကို နှုတ်ဆက်လက်ဆောင်အနေနဲ့ ရှန်းမိသားစုကို ပေးခဲ့ချင်ပါတယ်”

ကျန်းချန်ရွှမ်အနေနှင့် အရာအားလုံးကို အချိန်ယူစဉ်းစားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှန်းမျိုးနွယ်စုသည် ဇနီးဖြစ်သူနှင့် တာအိုကျင့်ကြံဖော်ဖြစ်သူ ရှန်းရူယန်၏ သွေးရင်းမိသားစုဖြစ်သည်။ ယခုအခါ ရှန်းရူယန်ကို ရှန်းမိသားစုထံမှ ခေါ်ယူသွားမည်ဖြစ်၍ ရှန်းမိသားစုအား တစ်ခုခု ပြန်လည်ပေးဆပ်မှ သင့်မည့်အကြောင်း သူတွေးမိသည်။ သစ်သားသလင်းကျောက်နှစ်ခုအနက် တစ်ခုသာ ပေးရသည့်အကြောင်းမှာ ကျန်တစ်ခုကို နတ်ဘုရားစွမ်းအား ကျင့်ကြံရေးအတွက် လိုအပ်နေသောကြောင့်ဖြစ်သည်။ အဆင့် ၂ အလယ်အဆင့် ရုပ်သေးအဆောင်ကို လက်ဆောင်အဖြစ် ပေးရသည့်အကြောင်းမှာလည်း ရှင်းပါသည်။

အမှန်တွင် ကျန်းချန်ရွှမ်အနေနှင့် အဆင့် ၂ အမြင့်ဆုံးအဆင့် ရုပ်သေးအဆောင် သန့်စင်နည်းကိုလည်း ရရှိပြီးဖြစ်သည်။ သို့သော် စနစ်ထံမှ အဆင့် ၃ အဆောင်သန့်စင်နည်းကို ရရှိရန်မှာမူ အခွင့်အခါသင့်ဖို့ လိုဦးမည်ဖြစ်သည်။ သူ့အနေနှင့် အဆင့် ၃ အဆောင်လက်နက် သန့်စင်စီရင်သူဖြစ်ရန် လတ်တလောတွင် အလှမ်းဝေးနေပါသေးသည်။ ထိုအတောအတွင်း အဆင့် ၂ အလယ်အဆင့် သန့်စင်နည်းကိုပါ မေ့လျော့သွားနိုင်သည်ဟု ကြိုတင်တွက်ဆပြီး အရန်သင့် ပြင်ဆင်သည့်အနေနှင့် အဆိုပါသန့်စင်နည်းကို ဖြန့်ဝေထားခြင်းဖြစ်သည်။ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့မှာ ကျန်းချန်ရွှမ်၏ လက်ဆောင်များကိုမြင်လျှင် ပထမတွင် တုန်လှုပ်သွားပြီး လက်ဆောင်နှစ်ခုကို ပြန်ယူသွားရန် တိုက်တွန်းမည်ပြုသေးသည်။ အထူးသဖြင့် သစ်သားသလင်းကျောက်ဖြစ်သည်။ တန်ဖိုးကြီး၍ ရှားပါးသည့်ပစ္စည်း ဖြစ်သည့်အပြင် ကျန်းချန်ရွှမ်အတွက်လည်း လိုအပ်နေမှန်း သူတို့သိထားကြသည်လေ။

သို့သော် ရွှေသံချပ်ကာ ရုပ်သေးအဆောင် ဖန်တီးနည်းကို မြင်သောအခါ သူတို့နှစ်ဦးစလုံး လက်တွန့်သွားကြသည်။ အဆိုပါ ရုပ်သေးအဆောင်သည် သူတို့မိသားစု၏ အုတ်မြစ်ကို ခိုင်မာစေမည့်အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်လည်း အလွန်အသုံးဝင်ပါလိမ့်မည်။ ကျန်းချန်ရွှမ်ထံမှ အဆိုပါဖန်တီးနည်းကို ဝယ်ယူရန်ပင် သူတို့စဉ်းစားခဲ့ဖူးသေးသည်။ ယခုအခါ အဆိုပါဖန်တီးနည်းသည် သူတို့မျက်စိရှေ့မှောက်တွင် ရောက်ရှိနေပြီးဖြစ်ရာ ငြင်းပယ်ရန် လက်တွန့်နေမိတော့သည်။

***

All Chapters