← Chapters

မွေးရပ်မြေသို့ပြန်ပြီ (၂)

Vol. 8 Ch. 159

မွေးရပ်မြေသို့ပြန်ပြီ (၂)

Vol. 8 Ch. 159

အဆိုပါ အဆောင်လက်နက်သည် မိသားစု၏ အုတ်မြစ်ကို ခိုင်မာတောင့်တင်းစေမည်မှာ သေချာပါသည်။ ကျန်းချန်ရွှမ်က ရှန်းယွမ်လုံတို့ တွန့်ဆုတ်နေသည်ကို နားလည်ပြီး သူတို့လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။

“အစ်ကိုတောက်မင်နဲ့ ဘိုးဘိုး ၅ ကျွန်တော်တို့ ပေးတဲ့လက်ဆောင်ကို အားနာမနေဘဲ လက်ခံလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက မိသားစုတွေပဲလေ။ အခုလိုပေးလိုက်လို့ ကျွန်တော်လည်း ဘာမှမထိခိုက်သွားပါဘူး”

ထို့နောက် ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်နှင့်

“ဒါပေမယ့် ကျွန်တော် သတိပေးစရာတစ်ခုရှိတယ်။ ဒီသလင်းကျောက်ကို ဘိုးဘိုး ၅ နဲ့ အစ်ကိုတောက်မင်တို့ပဲ အသုံးပြုစေချင်တယ်။ ကျန်တဲ့လူတွေကို ပေးမယ်ဆိုရင် အစ်ကိုတောက်မင်တို့မှာ ခရမ်းရောင်စစ်မှန်မှုဆေးပြား လက်ဝယ်ရှိပြီးမှ ပေးစေချင်တယ်။ မဟုတ်ရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်။ အခုအကြီးအကဲရွှီ ကျီဖုအဆင့်ကို ရောက်သွားတာကိုတောင် သူတို့ တစ်မျိုးမြင်သွားနိုင်တယ်။ ဘိုးဘိုး ၅ နဲ့ အစ်ကိုတောက်မင်တို့အနေနဲ့ သူတို့ သလင်းကျောက် လာတောင်းရင် သေချာရှင်းပြ သတိပေးဖို့လိုမယ်ထင်တယ်”

ကျန်းချန်ရွှမ်၏ သတိပေးချက်မှာ ခိုင်လုံမှုရှိသောကြောင့် ရှန်းယွမ်လုံတို့လည်း လက်ခံလိုက်ကြသည်။ ထို့နောက်တွင် ရှန်းယွမ်လုံက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး

“ငါတို့ ရှန်းမိသားစုအနေနဲ့ မင်းတို့ကို ပေးနိုင်တာ များများစားစားတော့ မရှိပေမဲ့ ဒီလက်ဆောင်ကိုတော့ လက်ခံစေချင်တယ်။ ဓာတ်ငါးပါး အဆီအနှစ် ချီစီးကြောင်း နှစ်သိန်းနဲ့ လျှပ်စီးဓာတ် ချီစီးကြောင်း ငါးသောင်းတို့ပါ။ ဒါတွေရှိထားရင် အချိန်အတိုင်းအတာ တစ်ခုအထိ ပြတ်လပ်မှာ မစိုးရိမ်ရတော့ဘူး”

ရှန်းယွမ်လုံပြောသလိုပင် ကျီဖုအဆင့်နှင့်အထက် ကျင့်ကြံသူများအဖို့ အဆိုပါပစ္စည်းများသည် လောက်ငှသည်ဟူ၍ မရှိဘဲ အမြဲတစေပြတ်လပ်နေသည်သာ ဖြစ်သည်။ အကြောင်းမှာ ဓမ္မရတနာများ ပျိုးထောင်ရာနှင့် အဆင့်မြှင့်တင်ရာတွင် ချီစီးကြောင်းများသည် မရှိမဖြစ် အရေးပါသောကြောင့်ဖြစ်သည်။ အဆိုပါချီစီးကြောင်းများကို ကျင့်ကြံသူများကိုယ်တိုင် အချိန်ယူကာ သိပ်သည်းပြီးဖန်တီးရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများကို တက်လမ်းနည်းပါးသည့် အဆင့်နိမ့်ကျင့်ကြံသူများက အဓိက ပြုလုပ်လေ့ရှိကြသည်။ အဆင့်မြင့်ကျင့်ကြံသူများအနေနှင့် အဆင့်နိမ့်ကျင့်ကြံသူများကို ပစ်ပယ်၍မရသည့် အကြောင်းရင်းများအနက် သည်အချက်သည်လည်း အပါအဝင်ဖြစ်သည်။

ရှန်းယွမ်လုံပေးလိုက်သည့် ပမာဏသည် ရှန်းမိသားစုတွင် လက်ရှိသိုမှီးထားသည့် ချီစီးကြောင်းအရေအတွက် အကုန်ပင်ဖြစ်သည်။ ထို့အတွက် သူတို့အနေနှင့် ထပ်မံအလိုရှိပါက မိသားစုဝင် ကျင့်ကြံသူများကို စေခိုင်း၍သော်လည်းကောင်း၊ ပြင်ပဈေးကွက်မှ ဝယ်ယူ၍သော်လည်းကောင်း ရယူရမည်ဖြစ်သည်။ ရှန်းယွမ်လုံသည် ရှန်းမိသားစုကိုယ်စား သူတို့ကို နောက်ဆုံးလက်ဆောင် ချီးမြှင့်လိုက်ခြင်းဖြစ်သည်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားလည်လိုက်သောကြောင့် လက်ခံရန်ဆုံးဖြတ်လိုက်သည်။

တစ်လခန့်အကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ယွီဟွာတောင်မှ တိတ်တဆိတ် ထွက်ခွာလာကြတော့သည်။ မကြာမီတွင် ပင်းချွမ်စီရင်စုအပြင်သို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ရှန်းရူယန်က ကျန်းချန်ရွှမ်အား

“ယောက်ျား ကျွန်မ ရှင့်ကိုသိတာကြာလှပါပြီ၊ ဒါပေမဲ့ ရှင့်ရဲ့မွေးရပ်မြေကို တစ်ခါမှ မရောက်ဖူးဘူး။ ကျွန်မတို့မှာလည်း လတ်တလော လုပ်စရာမရှိသေးတာမလို့ ရှင့်ရဲ့မွေးရပ်မြေကို သွားကြရင် မကောင်းဘူးလား”

“ကိုယ့်ရဲ့ မွေးရပ်မြေ ဟုတ်လား”

ကျန်းချန်ရွှမ်မှာ ရှန်းရူယန်၏စကားကြောင့် မှင်သက်မိသွားသည်။ တစ်ချိန်တည်းတွင် ဖုံးကွယ်ထားသည့် မှတ်ဉာဏ်ပုံရိပ်များ ပြန်လည်ရှင်သန်ပေါ်ထွက်လာတော့သည်။ သူ၏စိတ်အာရုံထဲတွင် ခမ်းနားခြင်းမဲ့သည့် မြို့ငယ်လေးတစ်မြို့၏ ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။ ကျစ်ဆံမြီးနှစ်ခုထိုးထားသည့် ကလေးမလေးတစ်ဦးသည် လူငယ်လေးတစ်ဦး၏ လက်မောင်းကို ချစ်စဖွယ် လှုပ်ယမ်းလျက် အမောတကော မေးမြန်းနေသည်။

“အစ်ကိုချန်ရွှမ် ဆက်ပြောပြလေ၊ မျောက်မင်းကို ဓာတ်ငါးပါးတောင်အောက် ဖိပြီးတော့ ဘာဆက်ဖြစ်လဲ”

ထို့နောက် မြင်ကွင်းပြောင်းသွားသည်။ အသက် ၆ နှစ်၊ ၇ နှစ် ခန့်ရှိသည့် မိန်းကလေးငယ်တစ်ဦးနှင့် သက်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲသည် တံခါးဝတွင် ရပ်လျက် အိမ်မှထွက်ခွာတော့မည့် လူငယ်တစ်ဦးကို ငေးကြည့်နေကြသည်။ မိန်းကလေးငယ်က မျက်ရည်များစီးကျလာပြီး

“အစ်ကိုချန်ရွှမ် အစ်ကိုချန်ရွှမ် အစ်ကိုမသွားလို့မရဘူးလား။ အစ်ကိုသွားရင် သမီးလွမ်းနေတော့မှာ”

ထို့နောက်တွင် မိန်းကလေးသည် သူ့ကိုချုပ်ကိုင်ထားသော စုံတွဲလက်မှ အတင်းရုန်းပြီး ထွက်ခွာသွားပြီဖြစ်သည့် လူငယ်နောက်သို့ ပြေးလိုက်သည်။ ပြေးနေရင်းနှင့် မိန်းကလေးငယ်သည် ငိုယိုမြည်တမ်းလျက်ရှိသည်။

“အစ်ကိုချန်ရွှမ် အစ်ကိုချန်ရွှမ် အစ်ကို အိမ်ကို အမြန်ဆုံးပြန်လာရမယ်နော်”

***

All Chapters