မွေးရပ်မြေကိုပြန်ပြီ (၃)
Vol. 8 Ch. 160
အတိတ်တွင် သူသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် မွေးရပ်မြေကို စွန့်ခွာပြီး တာအိုလမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာဆိုသည့်အချိန် ကုန်လွန်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က ခွဲခွာခြင်းသည် တစ်သက်စာ ထာဝရဖြစ်သွားလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း။ အတိတ်တွင် တာအိုကို ရရှိပြီးပါက မိသားစုထံပြန်လာပြီး သူတို့အားလုံးအတွက် လိုလေသေးမရှိသည့် ဘဝတစ်ခုကို ဖန်တီးပေးမည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော် နှစ်တစ်ရာကြာပြီးသည့်နောက်တွင်ပင် ကျင့်ကြံခြင်းလောကတွင် သူသည် အညတရတစ်ဦး ဖြစ်နေဆဲပင်။
တာအိုကို ရရှိဖို့ဝေးစွ၊ စနစ်သာ အချိန်မီ နိုးထလာခြင်းမရှိလျှင် သူသည် ယခုအချိန်တွင် မရှုမလှ နိဂုံးချုပ်နေလောက်မည်မှာ သေချာသည်။ ထိုစဉ် သူ၏လက်ဖဝါးပြင်ကို နွေးထွေးနူးညံ့သော လက်တစ်စုံက ညင်သာစွာ ဆုပ်ကိုင်လိုက်သည့်အတွက် အတွေးဝဲဂယက်အတွင်းမှ နိုးထလာမိသည်။ နောက်သို့လှည့်ကြည့်မိလိုက်ရာ ရှန်းရူယန်က သူ့ကို စိုးရိမ်ပူပန်ဟန်နှင့် ငေးကြည့်နေသည်ကို တွေ့ရသည်။
“ယောက်ျား ရှင့်အတိတ်ကို ပြန်သတိရနေတာလား”
ထို့နောက် ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ ပုခုံးပေါ်ကို ညင်သာစွာ တိုးဝင်မှီခိုလိုက်ပြီး
“ကျွန်မအပြစ်ပါ၊ ရှင့်အတိတ်ကို သတိရသွားအောင် ကျွန်မအစမဖော်သင့်ဘူး”
ကျန်းချန်ရွှမ်က ပြုံးလျက် ရင်ခွင်ထဲရှိ ရှန်းရူယန်ကို ကြင်နာစွာ ငုံ့ကြည့်လိုက်ပြီး
“မဟုတ်တာ၊ ကိုယ်အတွေးလွန်သွားလို့ပါ”
ထို့နောက် ကျန်းချန်ရွှမ်သည် သူ၏ခါးသီးသော အတိတ်ဘဝအကြောင်းကို ရှန်းရူယန်ကို အမှန်အတိုင်းဖွင့်ဟလိုက်သည်။ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့ခြင်းမှအစ၊ အမတတာအိုကို ရရှိရေးခရီးတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအလယ်၊ ကျင့်ကြံခြင်းလောကတွင် အောက်ဆုံးအဆင့် လူတကာ ခြေနင်းဖတ်အဖြစ် ကျင်လည်ခဲ့ရသည့် ဘဝအတွေ့အကြုံများအဆုံး မခြွင်းမချန်ပြောပြလိုက်သည်။ ရှန်းရူယန်သည် ထိုအကြောင်းများကို ကျန်းချန်ရွှမ်က တစ်ကြိမ်တစ်ခါမျှ ပြောပြဖူးခြင်းမရှိ၍ ယခုမှ စတင်ကြားဖူးခြင်းဖြစ်သည်။
စကားဆုံးလျှင် ရှန်းရူယန်၏ လှပသော မျက်ဝန်းများတွင် သနားကြင်နာသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမသည် ကျန်းချန်ရွှမ်၏ ရင်ခွင်အတွင်းသို့ တိုး၍ဝင်ရောက်လိုက်ပြီး ကြင်နာစွာ သိုင်းဖက်လိုက်သည်။
“ရှင်အတိတ်က ဒီလိုမျိုးတွေ ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့ဘူး”
ထို့နောက်တွင် နှစ်ယောက်သား အတန်ကြာ တိတ်ဆိတ်သွားတော့သည်။ အချိန်အနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်က ရှန်းရူယန်ကို ညင်သာစွာပြုံးလျက်
“သွားကြစို့၊ ကိုယ်မွေးရပ်မြေကို လိုက်ပြမယ်၊ နှစ်တွေကြာခဲ့ပြီဆိုတော့ အရင်ကအတိုင်း ကျန်နေသေးပါ့မလားပဲ”
ထို့နောက်တွင် နှစ်ဦးသား ကျန်းချန်ရွှမ်၏ မွေးရပ်မြို့လေးသို့ ဦးတည်၍ ပျံသန်းလိုက်ကြသည်။
….
လျန်ရှန်းဆိပ်ကမ်း။
လျန်ယွင်မြို့၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ကုန်တင်လှေကြီးများ နေ့စဉ်ဆိုက်ကပ်ရာ စည်းကားသည့်နေရာတစ်ခုဖြစ်သည်။ လအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်တို့နှစ်ဦး ထိုနေရာသို့ ရောက်ရှိလာကြသည်။ အတိတ်နှင့် သိသာစွာ ကွဲပြားခြားနားနေပြီဖြစ်သော မြင်ကွင်းကိုကြည့်လျက် ကျန်းချန်ရွှမ်သည် စိတ်ခံစားမှုအမျိုးမျိုးကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။ နှစ်တစ်ရာကြာပြီးနောက် သူကြီးပြင်းခဲ့သည့် မြို့ငယ်လေးသည် မမှတ်မိနိုင်လောက်အောင်ကို အလုံးစုံပြောင်းလဲသွားခဲ့ပါပြီ။
သို့သော် ကျန်းချန်ရွှမ်အနေနှင့် သည်အဖြစ်အပျက်မျိုးကို လက်ခံနိုင်ရန် တင်ကြိုပြင်ဆင်ထားပြီးဖြစ်သည်။ နှစ်ပေါင်း ၁၆၀ ကြာပြီးနောက်တွင်ပင် ဤမြို့လေးကို ယခင်ကအတိုင်း မပြောင်းလဲဘဲ ဖြစ်တည်နေသေးရန် မျှော်လင့်နေပါက ရူးမိုက်ရာကျလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ ဧရာမလှေကြီးတစ်စင်း ရွက်လွှင့်လာသည်ကို မြင်လိုက်ရသည်။ လှေပေါ်ရှိ ကုန်းပတ်တစ်နေရာတွင် အားကောင်းသည့် အော်ရာများ ထုတ်လွှတ်နေသည့် လူတစ်စုကို တွေ့ရသည်။ ထိုလူများသည် သေမျိုးလောကတွင်တော့ အံ့ချီးဖွယ်ပုဂ္ဂိုလ်များအဖြစ် မှတ်ယူခံထားရသူများဖြစ်သည်။ တစ်နည်းအားဖြင့် သိုင်းပညာရှင်များဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်၏ အကြည့်က ထိုလူများထံတွင် မဟုတ်ဘဲ ပုံပန်းသွင်ပြင် ထူးခြားခြင်းမရှိသည့် သာမန်လူများဟု ထင်မှတ်ရသည့် လူတစ်စုထံသို့ ရောက်ရှိသွားသည်။
***
စာစဉ် ၈ ပြီး၏။