သွေးရင်းများ
Vol. 9 Ch. 161
ရှန်းရူယန်သည်လည်း အဆိုပါလူစုကို သတိပြုမိလိုက်သည်။ သူမ၏နတ်ဘုရားအာရုံဖြင့် ထိုလူစုသည် သာမညောင်ည သေမျိူးလူသားများ မဟုတ်ဘဲ မိမိတို့၏ အော်ရာများကို ကွယ်ဝှက်ထားသော ကျင့်ကြံသူများ ဖြစ်ကြောင်းသိရှိလိုက်ရသည်။ ထိုကျင့်ကြံသူများ၏ အဆင့်အတန်းမှာ မြင့်မားလှခြင်းမရှိသော်လည်း အများစုမှာ ချီသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးသူများဖြစ်သည်။ သူတို့ထဲတွင် ကျင့်ကြံမှုအမြင့်ဆုံးပုဂ္ဂိုလ်မှာ ချီသန့်စင်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည်။
ထိုလူများ၏ ကျင့်ကြံမှုအဆင့်အရ ကျန်းချန်ရွှမ်တို့နှစ်ဦးအတွက် ပြောပလောက်စရာ ခြိမ်းခြောက်မှုမျိုး မဟုတ်၊ သို့သော် သည်နေရာတွင် ပြဿနာတစ်ခုရှိနေသည်။ ကျင့်ကြံသူများသည် အဆင့်နိမ့်သူဖြစ်စေ၊ မြင့်သူဖြစ်စေ သေမျိုးလူသားများနှင့် ရောနှောနေထိုင်ရိုးထုံးစံမရှိပါ။ ထို့ပြင် အဆိုပါကျင့်ကြံသူများသည် မိမိတို့၏ ကျင့်ကြံမှုနှင့် အော်ရာများကို ဖုံးကွယ်ထားပြီး သာမန်သေမျိုးများကဲ့သို့ ဟန်ဆောင်နေခြင်းကလည်း မသင်္ကာဖွယ်ကောင်းနေသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အဆိုပါလူစုကို မျက်တောင်မခတ်တမ်း စိတ်ဝင်စားစွာ စူးစိုက်ကြည့်ရှုနေသည်ကို ရှန်းရူယန် သတိထားမိလိုက်သည်။ ထို့ကြောင့် မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။
“ယောက်ျား ဒီလူတွေနဲ့ ပတ်သက်ပြီး တစ်ခုခုသိထားတာမျိုးရှိလား”
ထိုအခါ စိတ်အားထက်သန်စွာ တမေ့တမောကြည့်ရှုနေသော ကျန်းချန်ရွှမ်သည် ဇနီးဖြစ်သူ၏အမေးကို ကြားလိုက်မှ အသိဝင်လာပြီး
“ကိုယ်သေချာမသိသေးဘူး၊ ဒါပေမဲ့ သူတို့နဲ့ကိုယ် သွေးချင်းဆက်နွှယ်နေမယ်လို့ထင်တယ်”
“ဘယ်လို”
သူ့စကားကြောင့် ရှန်းရူယန် အံ့အားသင့်မိသွားသည်။ ကျန်းချန်ရွှမ်နှင့် သူမ စတင်သိကျွမ်းပြီးချိန်မှစ၍ ထိုလူစုနှင့် ကျန်းချန်ရွှမ် တွေ့ဆုံဖူးခြင်း မရှိသည်မှာ သေချာသည်။ အတိတ်တွင်လည်း ပတ်သက်ဆက်နွှယ်မှု ရှိမည်မဟုတ်ဟုလည်း ရှန်းရူယန်ထင်မြင်မိသည်။ ထိုစဉ် ကျန်းချန်ရွှမ်သည် လက်ချောင်းများကို တို့ဆိတ်လျက် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုနေသည်ကို ရှန်းရူယန်မြင်လိုက်ရသောကြောင့် အနှောက်အယှက်မပြုတော့ဘဲ အသာကြည့်နေလိုက်သည်။
ထိုတစ်ခဏတွင် ရှန်းရူယန်အနေနှင့် ကျန်းချန်ရွှမ်နှင့် ထိုလူစုအကြားတွင် သွေးသားတော်စပ်မှု ရှိလိမ့်မည်ဟူသော ခံစားချက်တစ်ခုရလိုက်သည်။ ခဏအကြာတွင် ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်ကို အသုံးပြုပြီးဖြစ်ကာ သူ့မျက်နှာတွင် အကြီးအကျယ် တုန်လှုပ်နေသည့်အသွင်ဆောင်နေသည်ကို ရှန်းရူယန်မြင်လိုက်ရ၍ သူမ၏နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာတော့သည်။
“ယောက်ျား ရှင်ဘာတွေ့လိုက်လို့လဲ”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး စိတ်ကိုတည်ငြိမ်ရန် ခေတ္တမျှ စောင့်ဆိုင်းလိုက်သည်။
ထို့နောက် ရှန်းရူယန်၏ အမေးကို စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။
“ဟုတ်တယ်၊ ဒီလူတွေနဲ့ ကိုယ်တို့ကြားမှာ နက်ရှိုင်းတဲ့ သွေးသားတော်စပ်မှုရှိနေတယ်”
ရှန်းရူယန်တစ်ယောက် ငြိမ်ကျသွားသည်။ တစ်ချိန်တည်းတွင် သူမ၏ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ တသီကြီးပေါ်လာသည်။ ကျန်းချန်ရွှမ်သည် သေမျိုးလူသားတစ်ဦးအဖြစ် မွေးဖွားလာခြင်းဖြစ်သလို အဖေ၊ အဘိုး၊ အဘေး စသည့် ဆွေမျိုးအစဉ်အဆက်သည်လည်း သေမျိုးများသာဖြစ်သည်။ သူတို့မျိုးနွယ်စု နေထိုင်လာသည့် မြို့လေးသည်ပင် သာမန်သေမျိုးများ နေထိုင်သည့်နေရာတစ်ခုဖြစ်ရာ အဆိုပါကျင့်ကြံသူများနှင့် ကျန်းချန်ရွှမ်တို့အကြား နက်ရှိုင်းသည့် သွေးသားတော်စပ်မှုရှိနေခြင်းကို ရှန်းရူယန်နားမလည်နိုင်ပါ။ ဇနီးဖြစ်သူ စိတ်ရှုပ်ထွေးသွားသည်ကို ရိပ်မိသွားသော ကျန်းချန်ရွှမ်က
“ဒီလူတွေက ယွင်နိုင်ငံက မဟုတ်ဘူး။ အိမ်နီးချင်း လျန်နိုင်ငံကပဲ၊ သူတို့ရဲ့ နောက်ခံအချက်အလက်တွေကိုတော့ လောလောဆယ် တွက်ချက်ဖို့မလွယ်သေးဘူး။ မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ ကိုယ်ပြန်ပေးရမဲ့တန်ဖိုးနဲ့ မတန်သေးလို့ပဲ၊ ဒီအစား သူတို့ကို လူချင်းတွေ့ပြီး မေးလိုက်တာ ပိုကောင်းမယ်”
နှစ်ယောက်သား စကားပြောနေကြသည့် အချိန်တွင်ပင် အဆိုပါလူစု စီးနင်းလိုက်ပါလာသည့် လှေကြီးသည် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာတော့သည်။ ထိုလူစုသည် အခြားသေမျိုး ခရီးသည်များအကြားတွင် မသိမသာရောနှော၍ ကမ်းပေါ်သို့ တက်လာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထို့လူစုအနက် ခေါင်းဆောင်ဖြစ်ဟန်တူသော ချီသန့်စင်ခြင်း စတုတ္ထအဆင့်ပုဂ္ဂိုလ်၏ နံဘေးတွင် လိုက်ပါလာသူမှာ မိန်းမချောလေးတစ်ဦး ဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။
ထိုမိန်းကလေးသည် လယ်တောသူတစ်ဦးကဲ့သို့ ရုပ်ဖျက်ထားပြီး ဝတ်ဆင်ထားသော အစိမ်းရောင်ဝတ်စုံသည်လည်း အရောင်မှေးမှိန်သည့် ဖျင်ကြမ်းအဝတ်သာ ဖြစ်သည်။ ထိုမိန်းကလေးသည် ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူအနားသို့ တိုးကပ်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“အဖေ သမီးတို့ ဒီမြို့မှာ ဘယ်လောက်ကြာကြာနေရမှာလဲ၊ မူလအပြန်ဂိုဏ်းကလူတွေ ဒီနေရာအထိတော့ လိုက်မလာလောက်ပါဘူးနော်”
မိန်းကလေး၏ဖခင်ဖြစ်သူ သက်လတ်ပိုင်းအရွယ်ရှိသည့် ချီသန့်စင်ခြင်း စတုတ္ထအဆင့်ပုဂ္ဂိုလ်က ကြံရာမရဟန်နှင့် ခေါင်းခါလိုက်ပြီး
“မပြောတတ်ဘူး သမီး။ အဖေတို့အနေနဲ့ သတိကိုမပြတ်ထားဖို့ လိုတယ်၊ ဒီသေမျိုးတွေနေတဲ့ မြို့မှာ ခဏလာပုန်းရှောင်တာက အဖေတို့အတွက် အကာအကွယ်တစ်ခုဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဖေတို့မိသားစုရဲ့ ကျင့်ကြံမှုအဆင့်အရ အမှားအယွင်းလုပ်လို့တော့ မဖြစ်ဘူး”
ထို့နောက် ဖခင်ဖြစ်သူသည် စိုးရိမ်ပူပန်ဟန်နှင့် ရေရွတ်လိုက်ပြန်သည်။
“သမီးရဲ့ ဘကြီးနဲ့ ဦးလေး ၃ တို့လည်း အဆင်မှပြေကြရဲ့လားမသိဘူး”
“သူတို့လွတ်မှာပါ အဖေရဲ့၊ ဘကြီးနဲ့ ဦးလေး ၃ က သတိအရမ်းကြီးတယ်၊ ပြီးတော့ အကြီးအကဲလျူကလည်း ကူညီပေးနေတာဆိုတော့ လျန်နိုင်ငံကနေ လွတ်အောင်ပြေးနိုင်မှာပါ”
မိန်းကလေးက အဖေဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။ များမကြာမီ သားအဖနှစ်ဦးသည် စကားတပြောပြောနှင့် ကျင့်ကြံသူအုပ်စုကြီးကို ဦးဆောင်လျက် လျန်ယွင်မြို့တွင်းသို့ ဝင်ရောက်သွားကြတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မလှမ်းမကမ်းမှ နောက်ယောင်ခံလိုက်သွားကြသည်။ မြို့တွင်းသို့ ရောက်လျှင်ရောက်ချင်း ခေါင်းဆောင်လူကြီးသည် တည်းခိုခန်းများကို ရှာဖွေပြီး နောက်လိုက်နောက်ပါများကို လူစုခွဲ၍ ဖြန့်ကျက်နေရာချလိုက်သည်။ သူတို့အုပ်စု အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ပါက တစ်ဖွဲ့လုံးမမိဘဲ လွတ်မြောက်သူအချို့ရှိရန် ရည်ရွယ်ရင်းဖြစ်ပုံရသည်။ ထိုအခါ ရှန်းရူယန်က
“ယောက်ျား ရှင့်အမျိုးတွေ ဒုက္ခတစ်ခုခုနဲ့ ကြုံလာလို့ ဒီကိုထွက်ပြေးလာပုံပဲ၊ သူတို့ကို ကိုယ်တိုင်သွားမေးလိုက်ရင် မကောင်းဘူးလား”
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး
“အရင်ဆုံး စောင့်ကြည့်လိုက်ပါဦး၊ နောက်မှမေးလည်း နောက်မကျပါဘူး”
ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။ ထိုတစ်ခဏတွင် သူတို့နှစ်ဦးသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ကောင်းကင်ထက်ကို မော့ကြည့်မိလိုက်ကြသည်။ ဓားအလင်းတန်းတစ်ခုသည် လျန်ယွင်မြို့ကို ဦးတည်ပြီး အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ အဆိုပါမြင်ကွင်းကြောင့် မြို့နေလူထုသည် ရုတ်ရုတ်သဲသဲဖြစ်သွားသလို သားအဖနှစ်ဦးနှင့် နောက်လိုက်နောက်ပါ ကျင့်ကြံသူများသည်လည်း ကယောင်ကတမ်းနှင့် ကောင်းကင်ကို မော့ကြည့်လိုက်မိကြသည်။ ကောင်းကင်တစ်နေရာတွင် ဝတ်ရုံပြာဝတ် ကျင့်ကြံသူတစ်ဦးသည် ဓားပျံကို စီးနင်းလျက် မြို့ကိုငုံ့ကြည့်နေသည်။
“အင်မော်တယ်တစ်ပါးပဲ”
မြို့နေလူထုမှာ အုံအုံကျက်ကျက်ဖြစ်သွားပြီး အဆိုပါကျင့်ကြံသူအား ဒူးထောက်၍ အလုအယက် ဂါရဝပြုကြကုန်သည်။ သို့သော် သားအဖနှစ်ဦးမှာမူ ဝတ်ရုံပြာလူကို မြင်လျှင် မျက်နှာပျက်သွားကြသည်။
“မူလအပြန်ဂိုဏ်းရဲ့ တတိယအကြီးအကဲ လန်ချန်းဟယ် ပဲ”
သားအဖနှစ်ဦးနှင့်တကွ နောက်ပါကျင့်ကြံသူများသည် အဆိုပါဝတ်ရုံပြာကို မြင်ပြီးနောက် နှလုံးသားများ အေးစက်သွားသည်အထိ ပြင်းထန်စွာ တုန်လှုပ်မိသွားကြသည်။ သူတို့အနေနှင့် လန်ချန်းဟယ်ဆိုသူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာသိရှိပြီးဖြစ်သည်။ လန်ချန်းဟယ်သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးနယ်ပယ်ကို ရောက်ရှိပြီးဖြစ်သလို စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦးလည်း ဖြစ်နေသေးသည်။ တစ်ခါက ထိုလူကြီးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အမြောက်အများကို တစ်ဦးတည်း သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ဟု ကြားသိရသည်။
သို့သော် သားအဖနှစ်ဦး စိုးထိတ်နေရခြင်းမှာ ထိုအချက်တစ်ခုတည်းကြောင့် မဟုတ်ပေ။ သူတို့နှစ်ဦးနှင့် နောက်ပါကျင့်ကြံသူများသည် ယွင်နိုင်ငံကဲ့သို့ ဝေးကွာသည့်နေရာကို ရုပ်ဖျက်ပြီး သေပြေးရှင်ပြေး ပြေးလာခဲ့သော်လည်း ထိုလူကြီးသည် သူတို့အဖွဲ့အား အလွယ်တကူခြေရာခံ လိုက်လာနိုင်ခြင်းအတွက်ဖြစ်သည်။ ထိုအချိန်မှာပင် ဝတ်ရုံပြာလူကြီးသည် လူအုပ်ကြားထဲရှိ သူတို့သားအဖနှစ်ဦးကို သတိပြုမိသွားပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဖူယွင်ရှန်း မင်းတော်တယ်၊ ဒီနေ့ မင်းငါတို့အတွက် အကျိုးဆောင်ခဲ့တယ်၊ ငါတို့မူလအပြန်ဂိုဏ်းကို မင်းပြန်လာလို့ရပြီ။ မင်းကိုငါတို့ကတိပေးထားတဲ့အတိုင်း ကောင်းကောင်းဆုချမယ်”
***