သစ္စာဖောက်
Vol. 9 Ch. 162
ထိုအခါ ဖူယွင်ရှန်းဆိုသည့် အဘိုးကြီးသည် ကမန်းကတန်း ဒူးထောက်ချလိုက်ပြီး
“ကျေးဇူးကြီးလှပါတယ် အကြီးအကဲလန် ကျွန်တော်အနေနဲ့ မူလအပြန်ဂိုဏ်း အစွမ်းကုန်ပေးဆပ်ပြီး သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးပါတယ်”
“အကြီးအကဲဖူ”
အဘိုးကြီး၏စကားကိုကြားလျှင် သတ်လတ်ပိုင်းလူကြီးနှင့် အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးတို့ သားအဖသည် မိုးကြိုးနှင့်ပစ်ချခံရသည့်ပမာ မယုံနိုင်စွာ တုန်လှုပ်သွားတော့သည်။ တစ်ချိန်တည်းတွင် သားအဖနှစ်ဦး၏မျက်နှာများသည် သွေးဆုတ်သည့်ပမာ ဖြူလျော်သွားသည်။ အဆိုပါအဘိုးကြီးသည် သူတို့ကျန်းမိသားစုတွင် မျိုးဆက်တစ်ခုနီးပါး အမှုထမ်းလာခဲ့သူဖြစ်သည်။ အဘိုးကြီးဖူသည် မူလပထမတွင် အစေခံတစ်ဦးသာ ဖြစ်သော်လည်း သူတို့သားအဖနှစ်ဦးသည် ဖူယွင်ရှန်းအား မိသားစုဝင်တစ်ဦးပမာ သဘောထားပြီး ယုံကြည်စွာနေရာပေးခဲ့သည်။ ယခုအခါ သူတို့သွေးရင်းပမာ အယုံကြည်ရဆုံးသူက သစ္စာဖောက်သွားသည်ကို သိရသောအခါ မသိစိတ်က အဖြစ်မှန်ကို မယုံနိုင်စွာ ငြင်းဆန်နေမိတော့သည်။
“ဒါမဖြစ်နိုင်ဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး”
မိန်းကလေးငယ်သည် အဖြစ်မှန်ကို လက်မခံနိုင်ဘဲ ခေါင်းကိုခါယမ်း၍ တုန်လှုပ်စွာ ရေရွတ်နေမိသည်။ ဘကြီးတစ်ဦးပမာ ယုံကြည်စိတ်ချလာသူ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရ၍ စိတ်နှင့်ကိုယ်လွတ်သွားဟန်တူသည်။
“ယွင်ရုံ သတိထားလေ”
ဖခင်ဖြစ်သူ သက်လတ်ပိုင်းလူကြီးက မိန်းကလေး၏ပုခုံးကို လှုပ်ယမ်းသတိပေးလိုက်မှ ယွင်ရုံဆိုသည့် မိန်းကလေး အသိပြန်ဝင်လာသည်။ ထို့နောက် မိန်းကလေးသည် အဘိုးကြီးဖူကို ကြည့်ရင်း ကြေကွဲစွာမေးမြန်းလိုက်သည်။
“အကြီးအကဲဖူ ဘာလို့လဲဟင်”
ဖူယွင်ရှန်းက အဖြေမပေးသေးဘဲ လန်ချန်းဟယ်ကို အရင်မော့ကြည့်လိုက်သေးသည်။ လန်ချန်းဟယ်က ခေါင်းညိတ်ပြလိုက်မှ မိန်းကလေးငယ်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
“သခင်မလေးယွင်ရုံ၊ ဒီတစ်ကြိမ်က မင်းကို သခင်မလေးလို့ နောက်ဆုံးအကြိမ် ခေါ်တာပဲ၊ မင်းအနေနဲ့ အရမ်းဝမ်းနည်းနေစရာ မလိုပါဘူး၊ ငါဆိုတဲ့ ဖူယွင်ရှန်းက အစကတည်းက မင်းတို့ကျန်းမိသားစုဝင်မှ မဟုတ်တာ။ မူလအပြန်ဂိုဏ်းက စေလွှတ်ထားတဲ့ သူလျှိူတစ်ဦးပဲ။ တစ်ခုတော့ရှိတယ်၊ မင်းတို့မိသားစုမှာ ဒီလောက်အကြာကြီး နေရလိမ့်မယ်လို့ မထင်ထားတော့အမှန်ပဲ။ ကြာလွန်းအားကြီးလို့ မင်းတို့ဆီမှာပဲ နေရင်း သေသွားမယ်လို့ ထင်ခဲ့တဲ့အထိပဲ”
ထိုစကားကိုကြားလျှင် သားအဖနှစ်ဦး၏ နောက်ဆုံးမျှော်လင့်ချက်လေးသည် အပြီးတိုင်ပြိုလဲသွားတော့သည်။ ထိုအခါ သက်လတ်ပိုင်းလူကြီးသည် သမီးဖြစ်သူဖက်ကို လှည့်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“သမီးပြေးတော့၊ လုံးဝနောက်ပြန်လှည့်မကြည့်နဲ့။ အဖေ သူတို့ကို ခုခံထားမယ်”
ထိုအခါ ဖူယွင်ရှန်းက ပြုံးလိုက်ပြီး
“ဒုတိယသခင်ကြီး ကျန်းရန်ချွမ်း မင်းရော မင်းရဲ့သမီးရော မင်းတို့ကျန်းမိသားစုဝင်တွေရော တစ်ကောင်မှ ပြေးလို့မရတော့ဘူး”
ဖူယွင်ရှန်း၏စကားအဆုံးတွင် တည်းခိုခန်းအသီးသီးတွင် ဖြန့်ကျက်နေရာယူထားသော ကျန်းမိသားစုဝင်များအားလုံးကို မူလအပြန်ဂိုဏ်းဝတ်စုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများက ဖမ်းချုပ်ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရတော့သည်။
“မင်း…”
အဆိုပါမြင်ကွင်းကြောင့် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူ ကျန်းရန်ချွမ်းသည် ဖူယွင်ရှန်းကို မီးဟုန်းဟုန်းတောက်သည့် မျက်လုံးများနှင့် ကြည့်လိုက်တော့သည်။ ထိုအချိန်တွင်ပင် ကျန်းရန်ချွမ်း၏ ဒန်တျန့်နေရာတွင် စူးရှသည့်ဝေဒနာတစ်ရပ် ခံစားလိုက်ရပြီး စစ်မှန်မှုအဆီအနှစ်စွမ်းအင်ကို ခံစား၍မရတော့ပေ။ သမီးဖြစ်သူ ကျန်းယွင်ရုံသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ဖူယွင်ရှန်း၏ အကြံအစည်ကို ရိပ်စားမိလိုက်သည့် ကျန်းရန်ချွမ်းသည် ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။ သို့သော် ဖူယွင်ရှန်းက ဂရုစိုက်ဟန်မပြဘဲ လှောင်ရယ်ရယ်လိုက်သည်။
“ဘယ်လိုလဲ ကျန်းရန်ချွမ်းနဲ့ ကျန်းယွင်ရုံ မူလအပြန်ဂိုဏ်းက သန့်စင်ထားတဲ့ ငရဲတစ်ထောင် အဆိပ်မှုန့်က အစွမ်းထက်ရဲ့လား။ မင်းတို့ရဲ့ အရေးမပါတဲ့ မေးခွန်းတွေကို ငါစိတ်ရှည်ရှည်နဲ့ ဖြေပေးနေတာ ဘာကြောင့်လို့ထင်လဲ၊ ဖြေချင်လွန်းလို့များ မှတ်နေလား”
ထို့နောက် ဖူယွင်ရှန်းသည် သားအဖနှစ်ဦးကို ဆက်လက်စကားပြောဆိုလိုဟန် မတူတော့ဘဲ လေထဲတွင်ရပ်လျက်ရှိသည့် လန်ချန်းဟယ်ကို မော့ကြည့်လိုက်ပြီး ရိုသေစွာ လက်သီးဆုပ်ဂါရဝပြုလိုက်သည်။
“အကြီးအကဲလန် သူတို့နှစ်ယောက် အဆိပ်သင့်ပြီး အင်အားနည်းနေပါပြီ။ သူတို့ကို ကျွန်တော့်လက်ထဲ အပ်လိုက်ပါ။ ကျွန်တော်ကိုယ်တိုင် ငရဲပို့ပေးလိုက်ပါ့မယ်”
“ကောင်းပြီ”
လန်ချန်းဟယ်က သဘောတူလိုက်သည်။ ထို့နောက်တွင် ခေတ္တမျှ စဉ်းစားလိုက်ပြီး
“အရင်ဆုံး မင်းအတွက် ပြဿနာတစ်ခုကို အရင်ရှင်းပေးလိုက်မယ်”
သူ၏စကားအဆုံးတွင် ဓားအလင်းတန်းတစ်ချက် လက်သွားပြီး မြေပြင်ရှိ ကျန်းရန်ချွမ်းသည် သွေးများကို အန်ထုတ်လိုက်ရကာ နောက်သို့ ဒယိမ်းဒယိုင် လွင့်သွားတော့သည်။ သူ့ခန္ဓာကိုယ်ထဲမှ ပုတီးစေ့တစ်လုံး ထွက်ကျလာသည်။
“မိုးကြိုးတိမ်တိုက်ပုတီးစေ့ပဲ”
ဖူယွင်ရှန်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး အကြီးအကျယ် တုန်လှုပ်သွားမိသည်။ အဆိုပါပုတီးစေ့သည် တစ်ကြိမ်သာ အသုံးပြုနိုင်သော အဆင့် ၂ အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေးလက်နက်ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်းရှိပြီး အခန့်မသင့်လျှင် သေဆုံးသည်အထိ အန္တရာယ်ကြီးသည့် လက်နက်တစ်မျိုးဖြစ်သည်။ ဖူယွင်ရှန်းလို နှစ်ပေါင်း ၁၈၀ ကျင့်ကြံခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်း တတိယအဆင့်တွင်သာ ရပ်တန့်နေသော ကျင့်ကြံသူတစ်ဦးအနေနှင့် အဆိုပါပုတီးစေ့ဖြင့် တိုက်ခိုက်ခြင်းခံရလျှင် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားဖို့များသည်။
ဖူယွင်ရှန်းက ကျန်းရန်ချွမ်းကို မလိုမုန်းထားစွာ ကြည့်ရှုလိုက်ပြီး
“မင်းမှာ ငါ့ကိုအနိုင်ပိုင်းမဲ့ ဝှက်ဖဲရှိနေတာကိုး။ ငါအငိုက်မိသွားတယ်”
ထို့နောက် လန်ချန်းဟယ်ကို မော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်ပြန်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲလန်၊ အကြီးအကဲကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း ကျန်းရန်ချွမ်း အကောက်ကြံတာကို ခံရမှာပါ”
လန်ချန်းဟယ်က စကားမဆိုဘဲ အသာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် ဖူယွင်ရှန်းလည်း အချိန်မဆွဲတော့ဘဲ ချိတ်ကောက်ပုံစံ ဓမ္မလက်နက်ကို အသက်သွင်းလိုက်သည်။ လက်နက်မှ အေးစက်စက် အလင်းလှိုင်းတစ်ခု ဖြာထွက်လာပြီး ကျန်းရန်ချွမ်းနှင့် မနီးမဝေးတွင် ရပ်နေသည့် ကျန်းယွင်ရုံကို ကန့်လန့်ဖြတ်ခုတ်ပိုင်းလိုက်သည်။
“သမီးယွင်ရုံ”
ကျန်းရန်ချွမ်းက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ဖူယွင်ရှန်းသည် သူ့အားအရင်တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ သမီးဖြစ်သူကို အလစ်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဖူယွင်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး
“ကျန်းရန်ချွမ်း မင်းငါ့ကို အရင်ကောက်ကျစ်လို့ ငါအပြစ်ပေးတဲ့သဘောပဲ။ မင်းကို အရင်မသတ်ဘဲ မင်းရဲ့သမီးနဲ့ မင်းတို့မျိုးနွယ်စုဝင်တွေကို သေတာကို အရင်ကြည့်ခိုင်းမယ်”
“အဖေ”
ကျန်းယွင်ရုံသည် ချိတ်ကောက်ပုံ ဓမ္မလက်နက်ကြီး သူမထံသို့ ပြေးဝင်လာသည်ကို မြင်လျှင် ကြောက်လန့်တကြား အော်ဟစ်ကာ မျက်စိအစုံကိုမှိတ်လိုက်ပြီး နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေမိသည်။ သို့သော် အချိန်အတန်ကြာသည်အထိ သူမစောင့်ဆိုင်းနေသည့် သေခြင်းတရား ရောက်ရှိလာခြင်းမရှိသဖြင့် ဇဝေဇဝါဖြင့် မျက်လုံးကိုဖွင့်လိုက်သည်။ ထိုအခါ သူမတစ်သက်တာတွင် မေ့ဖျောက်လို့ရမည် မဟုတ်သည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
သူမနှင့် သူမ၏ဇီဝိန်ကို ခြွေယူမည့် ဓမ္မလက်နက်ကြီးအကြားတွင် လူနှစ်ဦးမှာ ကာဆီးလျက်ရှိသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ အမျိုးသားဖြစ်သူမှာ ချောမောခန့်ညားသလို အမျိုးသမီးသည်လည်း အပြစ်ဖွဲ့စရာမရှိလောက်အောင် လှပသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ ထိုထက် အံ့အားသင့်ဖွယ်ကောင်းသည်မှာ အမျိုးသားသည် အဆင့် ၂ ဓမ္မလက်နက်ဖြစ်သည့် ချိတ်ကောက်လက်နက်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ချိတ်ကောက်လက်နက်၏ ပိုင်ရှင်ဖြစ်သူ ဖူယွင်ရှန်းအနေနှင့် ရှိသမျှအင်အားကုန်ထုတ်ပြီး အဆီအနှစ်စွမ်းအင်ကို ထည့်သွင်းကာ လက်နက်ကို ထိန်းချူပ်ရန် ကြိုးစားသော်လည်း ဓမ္မလက်နက်သည် တုတ်တုတ်မျှမလှုပ်ပါ။
***