တုန်လှုပ်ခြင်း
Vol. 9 Ch. 163
ထိုတစ်ခဏတွင် ဖူယွင်ရှန်းတစ်ယောက် တုန်လှုပ်သွားသည်။ သူ့တစ်သက်တွင် ဓမ္မလက်နက်တစ်ပါးကို လက်ဗလာသက်သက်ဖြင့် ဖမ်းပြနိုင်သူမျိုးကို တစ်ခါမျှမတွေ့ဖူးခဲ့ပါ။ လန်ချန်းဟယ်ကိုယ်တိုင်ပင် တုန်လှုပ်မှုကို မဖုံးကွယ်နိုင်ပါ။ ထိုအချိန်တွင် ကျန်းချန်ရွှမ်ကို မြင်လိုက်ရသည့်ခဏတွင် ကျန်းရန်ချွမ်း၏စိတ်တွင် အမျိူးအမည်မသိသော ခံစားမှုတစ်ခုကို အကြောင်းပြချက်မရှိ ခံစားလိုက်ရသည်။ သူတစ်ဦးတင်မကဘဲ ကျန်ရှိနေသော ကျန်းမိသားစုဝင်အားလုံးသည်လည်း ကျန်းချန်ရွှမ်နှင့် သူတို့အကြား ရှင်းပြရန်ခက်သည့် ဆက်နွှယ်မှုတစ်မျိူးရှိနေသလို အသီးသီး ခံစားလိုက်မိကြသည်။
မတုန်မလှုပ်အမူအရာမျိုးဖမ်းထားသည့် လန်ချန်းဟယ်သည် နောက်ဆုံးတွင် ခံစားချက်ကို ဖုံးမထားနိုင်တော့ဘဲ မျက်နှာပျက်သွားပြီး ကျန်းချန်ရွှမ်အနီးသို့ ချဉ်းကပ်လာကာ
“ဒီက တာအိုမိတ်ဆွေကြီး ကျုပ်တို့က လျန်နိုင်ငံက မူလအပြန်ဂိုဏ်းကပါ၊ ခင်ဗျားကို ကျုပ်တို့အနေနဲ့ အနှောက်အယှက်ပြုဖို့ ရည်ရွယ်ရင်းမရှိပါဘူး။ ဒါကြောင့် အပြန်အလှန် လေးစားတဲ့အနေနဲ့ ဒီက ဖူယွင်ရှန်းကို မနှောက်ယှက်ပါနဲ့လား”
“မနှောက်ယှက်နဲ့ဆိုပါလား ကောင်းပြီလေ”
ကျန်းချန်ရွှမ်က ဖမ်းထားသော ချိတ်ကောက်လက်နက်ကို အသာအယာ ပြန်ပစ်ပေးလိုက်သည်။ ချိတ်ကောက်သည် အလွန်မြန်ဆန်သည့် အဟုန်ဖြင့် ပျံသန်းသွားသည်။ အရှိန်အဟုန်မှာ ပြင်းထန်လွန်း၍ အနီးရှိ ကျင့်ကြံသူများသည်ပင် သဲသဲကွဲကွဲ မမြင်လိုက်ရပါ။ ထို့နောက်တွင် တစ်စုံတစ်ခုကို ဖောက်ဝင်သွားသည့် အသံတစ်ခုကြားလိုက်ရပြီး ဖူယွင်ရှန်းမှာ နဖူးတွင် ချိတ်ကောက်လက်နက်ကြီး စိုက်ဝင်လျက် မြေတွင်လဲကျနေသည်ကို အားလုံးမြင်လိုက်ကြရသည်။ ဖူယွင်ရှန်း၏ မျက်လုံးအစုံမှာ ပြူးလျက်သားရှိပြီး မည်သို့မည်ပုံ သေဆုံးသွားသည်ကို သူကိုယ်တိုင်ပင် သိလိုက်ပုံမပေါ်ချေ။
“မင်း…..”
လန်ချန်းဟယ်သည် ဟန်ပင်မဆောင်နိုင်တော့ဘဲ ဒေါသအကြီးအကျယ် ပေါက်ကွဲသွားတော့သည်။ မူလအပြန်ဂိုဏ်း၏ အရှိန်အဝါကို အသုံးပြုလိုက်လျှင် ထိုသူ အလွယ်နောက်ဆုတ်သွားလိမ့်မည် ဟူသောသူ့အတွေးမှာ တက်တက်စင်အောင် မှားယွင်းသွားသည်။ လန်ချန်းဟယ်သည် အသက်ကိုရှိုက်သွင်းလိုက်ပြီး ကျန်းချန်ရွှမ်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ ထို့နောက်တွင် သူ့ကိုယ်မှ ဓားချီအော်ရာများ အစုအပြုံလိုက် လှိမ့်ထွက်လာတော့သည်။ ကျန်းရန်ချွမ်းမှာ ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး ကျန်းချန်ရွှမ်ကို အော်ဟစ်သတိပေးလိုက်သည်။
“လူကြီးမင်း သတိထား၊ ဒီလူက ဓားကျင့်ကြံသူပဲ”
ကျန်းချန်ရွှမ်နှင့် သူတို့အကြား ဆက်နွှယ်မှုတစ်ခုခုရှိကြောင်းကို အတည်မပြုရသေးကြောင့် ကျန်းရန်ချွမ်အနေနှင့် လေးလေးစားစား ဆက်ဆံရန် ဆုံးဖြတ်လိုက်သည့်အတွက် လူကြီးမင်း ဟုသုံးနှုန်းလိုက်ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်က သူ့စကားကို တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ အသာစောင့်ကြည့်နေလိုက်သည်။ လန်ချန်းဟယ်သည် ငွေရောင်ဓားပျံတစ်စင်းကို ထုတ်ယူလိုက်ပြီး လေထဲသို့ မြှောက်တင်လိုက်သည်။ ထို့နောက်တွင် ဓားပျံသည် သက်တန့်တစ်ခုအသွင် ပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ကျန်းချန်ရွှမ်ထံ ပျံသန်းရောက်ရှိလာတော့သည်။ လန်ချန်းဟယ်က နှာခေါင်းရှုံ့လိုက်ပြီး
“ငါတို့က ကောင်းကောင်းဆက်ဆံပါလျက်နဲ့ မင်းက စိန်ခေါ်တော့လည်း ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့”
ထိုတစ်ခဏတွင် လန်ချန်းဟယ်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတင်မက ကျန်းရန်ချွမ်း၊ ကျန်းယွင်ရုံနှင့် ကျန်းမိသားစုဝင်များသည်လည်း တုန်လှုပ်သွားကြသည်။ ကျန်းချန်ရွှမ်သည် လန်ချန်းဟယ် ပစ်လွှတ်လိုက်သော အေးစက်စက် ဓားအလင်းတန်းကို လက်တစ်ဖက်တည်းဖြင့် ချေဖျက်လျက် ဓားပျံကို အလွယ်တကူ ဆုပ်ဖမ်းလိုက်ပြန်သည်။
“ကျီဖုအဆင့်ကျင့်ကြံသူ..”
လူအားလုံး မတိုင်ပင်ဘဲ ပြိုင်တူရေရွတ်လိုက်မိကြသည်။ လန်ချန်းဟယ်နှင့်တကွ မူလအပြန်ဂိုဏ်းသားအားလုံးမှာ မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။ သူတို့ဂိုဏ်းသည်လည်း ကျီဖုအဆင့်ဂိုဏ်းတစ်ခု ဖြစ်သောကြောင့် ကျီဖုအဆင့်ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားကြီးမားပုံကို သူတို့အားလုံး ကောင်းစွာနားလည်ထားပြီးဖြစ်သည်။ ကျန်းရန်ချွမ်းကတော့ သူတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ကျန်းမိသားစုဝင်အားလုံးမှာ ထခုန်မိမတတ် ဝမ်းမြောက်သွားမိသည်။ ကျန်းချန်ရွှမ်နှင့် သူတို့အကြားတွင် သွေးသားတော်စပ်မှုရှိသည်မှာ ၈၀ ရာခိုင်နှုန်းနီးပါး သေချာနေသည်လေ။
ထိုတစ်ခဏတွင် လန်ချန်းဟယ်၏ကိုယ်မှ သွေးမြူများ ထွက်ပေါ်လာပြီး အလင်းနီးပါး မြန်ဆန်သည့်အဟုန်ဖြင့် ရုတ်တရက်ထွက်ပြေးတော့သည်။ သူ့ကိုယ်တွင်းရှိ သွေးအဆီအနှစ်အားလုံးကို လောင်ကျွမ်းလိုက်ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၌ ကီလိုမီတာ အတော်များများ အကွာအဝေးသို့ ရောက်ရှိသွားသည်။
“ငါပြေးမှဖြစ်မယ်၊ ဂိုဏ်းကို အမြန်ဆုံး သတင်းပို့ရမယ်။ ယွင်နိုင်ငံမှာ ကျန်းမိသားစုထဲက ကျီဖုအဆင့်ကျင့်ကြံသူ ရှိနေတာကိုး။ ဒီကောင်တွေကို အမြန်ဆုံးရှင်းရမယ်။ မဟုတ်ရင် ကျန်းမိသားစုက ယွင်နိုင်ငံမှာ ခြေကုပ်ယူပြီး ခေါင်းထောင်လာနိုင်တယ်”
လန်ချန်းဟယ်မှာ သူ့အတွေးမဆုံးခင်မှာပင် ဝမ်းဗိုက်တစ်နေရာတွင် စူးရှသည့်ဝေဒနာတစ်ရပ် ခံစားလိုက်ရ၍ ငုံ့ကြည့်မိလိုက်ရာ ဓားပျံတစ်စင်း စိုက်ဝင်လျက်သား ရှိနေသည်ကို တွေ့လိုက်ရတော့သည်။ ခဏချင်းတွင် အလွန်အင်အားကောင်းသည့် ဓားချီစွမ်းအင်က သူ၏ကိုယ်တွင်းအသက်ဓာတ်ကို အပြီးတိုင်ဖျက်ဆီးလိုက်သည်။ ကျန်းချန်ရွှမ်သည် လန်ချန်းဟယ်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် ကျန်ဂိုဏ်းသားများထံ မျက်နှာမူလိုက်သည်။
ဂိုဏ်းသားအများစုမှာ ချီသန့်စင်ခြင်းအဆင့်များသာ ဖြစ်သော်လည်း ကျန်းချန်ရွှမ်အနေနှင့် အလွတ်ပေးမည်မဟုတ်ပါ။ ဓမ္မစွမ်းအင်ဖြင့် ဧရာမလက်ကြီးတစ်စုံကို ဖန်တီးလိုက်ပြီး မူလအပြန်ဂိုဏ်းသားအားလုံးကို နေရာတွင်ပင် ထုချေသတ်ဖြတ်လိုက်သည်။ ထို့နောက် ဖူယွင်ရှန်း၏ သိုလှောင်အိတ်အတွင်းမှ ငရဲတစ်ထောင်အဆိပ်ဖြေဆေးကို ထုတ်ယူလိုက်ပြီး ကျန်းရန်ချွမ်းထံသို့ ပစ်ပေးလိုက်သည်။
“ဒီအလောင်းတွေကို ရှင်းလင်းဖို့ ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ ပြီးရင် ကျူပ်တို့ရှိတဲ့နေရာကို လူတစ်ယောက်လွှတ်လိုက်ပါ။ ခင်ဗျားတို့ကို မေးစရာတစ်ခုရှိတယ်”
ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို ခေါ်ဆောင်လျက် ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
***