← Chapters

သွေးစီးဆင်းခြင်းနည်းစနစ်

Vol. 9 Ch. 164

သွေးစီးဆင်းခြင်းနည်းစနစ်

Vol. 9 Ch. 164

ခဏအကြာတွင် ကျန်းရန်ချွမ်းနှင့် ကျန်းယွင်ရုံတို့ သားအဖနှစ်ဦးသည် ကျန်းချန်ရွှမ်တို့ တည်းခိုနေသည့် ခြံဝင်းအတွင်းသို့ ရောက်လာကြတော့သည်။ သားအဖနှစ်ဦးသည် ကျန်းချန်ရွှမ်ကိုမြင်လျှင်မြင်ချင်း ဦးညွတ်ဂါရဝပြုလိုက်ကြသည်။

“ကျွန်တော်တို့က လျန်နိုင်ငံ၊ ချိအန်းစီရင်စုမှာ အခြေစိုက်တဲ့ ကျန်းမိသားစုဝင်တွေပါ။ တွေ့ရတာဝမ်းသာပါတယ် ဘိုးဘေး”

ကျန်းရန်ချွမ်း၏စကားကို ကြားသောအခါ ကျန်းချန်ရွှမ်၏ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။ ထို့နောက် သားအဖနှစ်ဦးကို တစ်လှည့်စီကြည့်ရှုလိုက်ပြီး တည်ငြိမ်သောလေသံဖြင့်

“ခင်ဗျားတို့မှားနေတာမဖြစ်နိုင်ဘူးလား။ ကျုပ်က လျန်နိုင်ငံကို တစ်ခါမှ မရောက်ဖူးဘူး။ ယွင်နိုင်ငံကနေ တစ်ဖဝါးမှခွာခဲ့ဖူးတာ မဟုတ်ဘူး”

သူ့စကားကိုကြားလျှင် သားအဖနှစ်ဦးမှာ အံ့အားသင့်ခြင်းမရှိသည့်အပြင် ပို၍ပင် ဝမ်းမြောက်သွားဟန်တူသည်။ ကျန်းရန်ချွမ်းက ပိုင်နိုင်စွာ ပြောချလိုက်သည်။

“ဒီလောကမှာ အရာရာကို အတုဖန်တီးလို့ ရကောင်းရမယ်။ သွေးသားကိုတော့ အတုဖန်တီးလို့မရပါဘူး”

ထို့နောက်တွင် ကျန်းရန်ချွမ်းသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်လိုက်သည့် လက္ခဏာနှင့် အံကိုကြိတ်လိုက်ပြီး

“ကျွန်တော်တို့ကျန်းမိသားစုကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတစ်ဦး လက်ဆင့်ကမ်းချန်ရစ်ခဲ့တဲ့ သွေးစီးဆင်းခြင်းနည်းစနစ် ဆိုတဲ့အရာရှိပါတယ်။ ဒီနည်းစနစ်ကိုသုံးပြီး ခင်ဗျားကိုယ်ထဲမှာ ကျန်းမိသားစုရဲ့သွေးတွေ စီးဆင်းနေမှု ရှိမရှိဆိုတာကို စစ်ဆေးလို့ရပါတယ်”

ကျန်းယွင်ရုံမှာ အဖေဖြစ်သူ၏ မမျှော်လင့်သောစကားကို ကြားရသည့်အခါ တုန်လှုပ်သွားပြီး ချွေးစေးများပြန်လာတော့သည်။ သူမတို့ရှေ့တွင် ရှိနေသူမှာ ကျီဖုအဆင့်ကျင့်ကြံသူဖြစ်သည်။ အဆိုပါနည်းစနစ်အသုံးပြုပြီးနောက် ကျန်းချန်ရွှမ်မှာ သူမတို့နှင့် ပတ်သက်ဆက်နွှယ်ခြင်း ရှိမနေလျှင်သော်လည်းကောင်း၊ သို့မဟုတ် အဖေဖြစ်သူ၏ စကားကြောင့် ကျန်းချန်ရွှမ် စိတ်အနှောက်အယှက် ဖြစ်သွားလျှင်သော်လည်းကောင်း၊ သူတို့သားအဖ၏ အသက်ကိုနုတ်ယူရန်မှာ ကျန်းချန်ရွှမ်အတွက် လွယ်ကူလှကြောင်း ကျန်းယွင်ရုံသိရှိထားသည်။ ကျန်းရန်ချွမ်းကိုယ်တိုင်လည်း သည်အချက်ကို နားလည်ဟန်တူသည်။

“စစ်ဆေးပြီးရင် ဘယ်လိုရလဒ်မျိုး ထွက်လာသည်ဖြစ်စေ၊ ဘိုးဘေးကို ပိုင်ရှင်မဲ့ အဆင့် ၃ ဝိညာဉ်သွေးကြောတစ်ခုအကြောင်းကို သတင်းပေးစရာရှိပါတယ်”

ထိုစကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံး စိတ်ဝင်စားသွားကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး

“အဲဒီအစား ကျုပ်ကခင်ဗျားကို ခြိမ်းခြောက်ပြီး ဒီသတင်းကို အတင်းရယူမယ် ဆိုရင်ရော”

သူ့စကားကြောင့် သားအဖနှစ်ဦးလုံး ချောက်ချားသွားပြီး ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ ထို့နောက် ကျန်းရန်ချွမ်းက ခေါင်းခါလိုက်ပြီး

“ကျုပ်က ခင်ဗျားပြိုင်ဘက်မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘိုးဘေးအနေနဲ့ ကျုပ်ကို ခြိမ်းခြောက်မယ်ဆိုရင်တော့ ကျုပ်ဆီက ဘာတစ်ခုမှ သိရမှာမဟုတ်ဘူး”

“ဟုတ်လား”

ကျန်းချန်ရွှမ်အနေနှင့် အဆိုပါကျန်းမိသားစုဝင်များ၏ စိတ်နေစိတ်ထားကို တိုး၍စိတ်ဝင်စားလာမိသည်။

“ကောင်းပြီလေ ဒါဆို အခုပဲစကြတာပေါ့”

ကျန်းချန်ရွှမ်သဘောတူကြောင်းကို ကြားသိရသောအခါမှ သားအဖနှစ်ဦးစလုံး သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျန်းရန်ချွမ်းက ကျန်းချန်ရွှမ်ကို ဂါရဝပြုလိုက်ပြီး

“ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ဘက်က ဘိုးဘေးကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင် ကြိုတင်တောင်းပန်ထားချင်ပါတယ်”

ထို့နောက် ကျန်းရန်ချွမ်းသည် လက်ထိပ်ဖျားကို ကိုက်လိုက်ရာ သွေးတစ်စက်ထွက်လာသည်။ တစ်ဆက်တည်းတွင် လက်သင်္ကေတအချို့ ပြုလုပ်လိုက်ရာ သွေးစက်သည် လေပေါ်တွင် လွင့်ဝဲလာပြီး မှိန်ဖျော့ဖျော့ အမျှင်များသည် သွေးစက်အတွင်းမှ တိုးထွက်လာကြသည်။ မကြာမီ ကျန်းရန်ချွမ်းနှင့် ကျန်းယွင်ရုံတို့အကြားတွင် ထူးဆန်းသော သွေးအမျှင်တစ်ခု ဖြစ်တည်လာတော့သည်။ အဆိုပါသွေးမျှင်များသည် ခြံဝင်းအပြင်တွင် စောင့်ဆိုင်းနေကြသော ကျန်းမိသားစုဝင်များ အကြားတွင်လည်း ရှေ့ဆင့်နောက်ဆင့် ဖြစ်တည်လာပြီး သူတို့အားလုံး၏ ကိုယ်တွင်းရှိ သွေးများနှင့် နှလုံးသားများမှာ လှုပ်ယမ်းလာတော့သည်။

အပြင်ရှိ ကျန်းမိသားစုဝင်များသည်လည်း လက်ရှိအခြေအနေကို နားလည်လိုက်ပြီး သွေးစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြုနေကြောင်း သဘောပေါက်လိုက်ကြသည်။ သွေးစက်အတွင်းမှ ပို၍များပြားသော သွေးမျှင်များ ဆင့်ကဲထွက်ပေါ်လာကြပြန်သည်။ သားအဖနှစ်ဦးရှေ့တွင် ရပ်လျက်သားရှိနေသော ကျန်းချန်ရွှမ်သည်လည်း သူ့ရှေ့မှောက်တွင် တစ်စုံတစ်ခုရှိနေသည်ကို ခံစားမိလိုက်သည့်အတွက် လက်ဖြင့်ဖမ်းယူရန် ကြိုးစားလိုက်သည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၏ လက်ထဲတွင် အနီရောင်အလင်းတစ်ခု ဖြစ်တည်လျက်ရှိသည်။ သွေးစီးဆင်းခြင်းနည်းစနစ်ကို အသုံးပြုနေသော ကျန်းရန်ချွမ်းနှင့် နံဘေးတွင်ရပ်နေသည့် ကျန်းယွင်ရုံတို့ သားအဖသည် အဆိုပါမြင်ကွင်းကြောင့် ပထမတွင် တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင် ထခုန်မိမတတ် ပျော်ရွှင်သွားကြသည်။ ကျန်းယွင်ရုံက စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“ဘိုးဘေး၊ ရှင်က ကျွန်မတို့ရဲ့ဘိုးဘေးပဲ၊ ဒါတင်မကသေးဘူး ရှင်က ကျွန်မတို့မျိုးနွယ်စုကနေ တိုက်ရိုက်ဆင်းသက်လာသူပဲ”

သားအဖနှစ်ဦး အစက တုန်လှုပ်သွားရခြင်းမှာ ကျန်းချန်ရွှမ်သည် သူတို့ထင်ထားသည်ထက်ပင် ကျန်းမိသားစုနှင့် ပိုမိုဆက်စပ်နေခြင်းကြောင့်ဖြစ်သည်။ ကျန်းချန်ရွှမ်ထံတွင် ကျန်းမိသားစုသွေးများ စီးဆင်းနေရုံမက ကျန်းမျိုးနွယ်စု၏ မူလမျိုးဆက်နှင့်ပါ တိုက်ရိုက်ဆက်နွှယ်လျက် ရှိနေသည်လေ။ ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း အံ့အားသင့်လျက်ရှိသည်။ သူ့မိသားစု၏ နောက်ခံသမိုင်းအကြောင်းကို ကောင်းစွာသိရှိထား၍ အဖြစ်မှန်ကို လက်ခံရန် ခဲယဉ်းနေသော်လည်း သူ၏သွေးသားများနှင့် အဆက်မပြတ် လှုပ်ခါနေသော နှလုံးသားက အခိုင်အမာ သက်သေထူလျက်ရှိသည်။

ထို့ကြောင့် ကျန်းချန်ရွှမ်သည် သူ၏သံသယကို ချေဖျက်ရန် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်တော့သည်။ သူ၏လက်ချောင်းအဖျားများတွင် မှိန်ဖျော့ဖျော့ အလင်းများ ကွန့်မြူးလာပြီး ခန္ဓာကိုယ်မှလည်း ထူးဆန်းသည့် အော်ရာလှို်ငးများ ထွက်ပေါ်လာသည်။ ကျန်းချန်ရွှမ်တစ်ယောက် ကောင်းကင်ဘုံတွက်ချက်နည်းစနစ်ကို အသုံးပြုလိုက်မှန်း ရိပ်မိလိုက်သော ရှန်းရူယန်၏ မျက်နှာတွင် စိုးရိမ်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ အဆိုပါနည်းစနစ်ကို အသုံးပြုလိုက်ခြင်းကြောင့် ကျန်းချန်ရွှမ်တစ်ယောက် တန်ဖိုးကြီးကြီးမားမားတစ်ခု ပြန်လည်ပေးဆပ်လိုက်ရမည်ကို ရှန်းရူယန်စိုးရိမ်နေမိသည်။

သို့သော် ထိုတစ်ခဏတွင် ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံတွက်ချက်ခြင်းကို ရပ်တန့်လိုက်ပြီး ရှန်းရူယန်ကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ ကျန်းချန်ရွှမ် ဘာမှမဖြစ်သည်ကို မြင်လိုက်ရမှ ရှန်းရူယန်တစ်ယောက် စိတ်သက်သာရာရသွားသည်။

“ယောက်ျား ရှင်ဘာတွေ့လိုက်လဲ”

ကျန်းချန်ရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်လိုက်ပြသည်။

“သူတို့နဲ့ကိုယ့်ကြားမှာ သွေးသားတော်စပ်မှု ရှိနေတယ်။ အမှန်ပြောရရင် ကိုယ်ကတောင် ပိုပြီး သွေးရင်းနေသေးတယ်။ ဒီအချက်ကို ကိုယ်လည်းနားမလည်ဘူး။ တကယ်က သူတို့ဆီမှာ ကျန်းမိသားစုရဲ့ မျိုးရင်းသွေးက ပိုများနေရမှာ မဟုတ်လား။ ကောင်းကင်ဘုံတွက်ချက်နည်းကလည်း ဒီအတိုင်းပဲ ပြောတယ်၊ အကြောင်းရင်းကိုတော့ ကိုယ်မသိသေးဘူး၊ သိအောင်အတင်းကြိုးစားလိုက်ရင် နည်းစနစ်က ကိုယ့်ကိုဒုက္ခပေးလိမ့်မယ်ဆိုတာ ခံစားနေမိတယ်”

***

All Chapters