← Chapters

ကျန်းမသေမျိုးမိသားစု

Vol. 9 Ch. 165

ကျန်းမသေမျိုးမိသားစု

Vol. 9 Ch. 165

“ဒီလောက်တောင်ပဲလား”

ရှန်းရူယန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။ သူမခင်ပွန်း၏ မိဘများနှင့် ညီမဖြစ်သူ အပါအဝင် မိသားစုနောက်ခံသမိုင်းသည် သူမထင်ထားသလောက် မရိုးရှင်းကြောင်း ရိပ်မိလိုက်သည်။ ကျန်းချန်ရွှမ်သည်လည်း သူမနည်းတူ ကြံရခက်နေသည်။ တစ်ချိန်တည်းတွင် သူ့အတွေးထဲတွင် သံသယများဖြစ်တည်လာတော့သည်။ သူ၏အဖေ၊ အမေနှင့် ညီမလေးတို့သည် သူမသိအောင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့သလား ဟူသောအတွေးဖြစ်သည်။ သို့သော် လတ်တလောတွင် ထိုသံသယအတွေးများကို ခေတ္တဘေးဖယ်ထားရန် ကျန်းချန်ရွှမ်ဆုံးဖြတ်လိုက်သည်။

ကျန်းရန်ချွမ်းနှင့် ကျန်းယွင်ရုံတို့ သားအဖမှာမူ စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုကို ဒွန်တွဲခံစားနေရသည့်ဟန်နှင့် မဖုံးနိုင်မဖိနိုင်အောင်ပင် ပျော်ရွှင်မြူးတူးနေကြသည်။ ကျန်းချန်ရွှမ်က ချောင်းဟန့်လိုက်တော့မှ သားအဖနှစ်ဦး ကိုယ်ရှိန်သတ်လိုက်ကြသည်။ ထို့နောက်တွင် ကျန်းရန်ချွမ်းက ဦးဆောင်ပြီး ရိုသေလေးနက်စွာ ဂါရဝပြုလိုက်သည်။

“ချိအန်းစီရင်စုက ကျန်းမိသားစုဝင် ကျန်းရန်ချွမ်းနဲ့ သမီးဖြစ်သူ ကျန်းယွင်ရုံတို့မှ ဘိုးဘေးကို ဂါရဝပြုပါသည်”

သားအဖနှစ်ဦး၏ အမူအရာမှာ ရှေးကထက်ပင် ကျန်းချန်ရွှမ်အား ပို၍လေးစားလာသည့် အသွင်ဆောင်နေသည့်အပြင် တစ်ချိန်တည်းတွင် များစွာရင်းနှီးဖော်ရွေလာသည်။ ကျန်းချန်ရွှမ်က လက်ကာပြလိုက်ပြီး

“ဒါတွေမလိုပါဘူးဗျာ၊ ခင်ဗျားတို့ကို ပြောခဲ့သလိုပဲ ကျုပ်က ယွင်နိုင်ငံအပြင်ဘက်ကို မရောက်ဖူးဘူး၊ ဒီတော့ ခင်ဗျားတို့ ကျန်းမိသားစုအကြောင်းကို သေချာမသိဘူး၊ ကျုပ်ကို အသေးစိတ်ရှင်းပြဖို့လိုမယ်ထင်တယ်”

ထိုအခါ ကျန်းရန်ချွမ်းနှင့် ကျန်းယွင်ရုံတို့သည် တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။ ကျန်းရန်ချွမ်းက

“ဘိုးဘေးက ငယ်စဉ်ကတည်းက ယွင်နိုင်ငံမှာ ကြီးပြင်းလာရတဲ့ အကြောင်းရင်းကို ကျုပ်ရှင်းပြနိုင်မယ်ထင်တယ်။ ဒါပေမဲ့ အရင်ဆုံး တစ်ခုမေးပါရစေ၊ ဘိုးဘေးက ဒီနိုင်ငံမှာ တစ်ဦးတည်းကြီးပြင်းလာတာလား၊ ဒါမှမဟုတ် တခြားကျန်းမျိုးနွယ်စုဝင်တွေနဲ့ အတူနေလာခဲ့တာလား”

ကျန်းချန်ရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အဖြေပေးလိုက်သည်။

“ကျန်းမျိုးနွယ်စုဝင်တွေနဲ့ အတူနေလာခဲ့တာပါ။ ဒါပေမဲ့ မိသားစုဝင်ဆိုလို့ ကျုပ်အဖေ၊ အမေနဲ့ ညီမလေးတို့ပဲရှိတယ်”

သို့သော် ထိုနေရာတွင် သူစဉ်းစားမိသည်က သူတို့နေထိုင်ခဲ့သည့် မြို့လေးရှိ လူအတော်များများထံတွင် ကျန်းမျိုးရိုးအမည်များ ရှိနေသည့်အတွက် သူတို့မိသားစုနှင့် ဆွေမျိုးတော်စပ်နေနိုင်ကြောင်း ဖြစ်သည်။ ကျန်းရန်ချွမ်က တစ်ခုခုတွေးမိဟန်နှင့်

“ကျုပ်နားလည်ပြီ”

ထို့နောက် သူကခေါင်းညိတ်လိုက်ရင်း စကားဆက်သည်။

“ကျုပ်တို့ကျန်းမိသားစုက အတိတ်တစ်ချိန်က ခမ်းနားကြီးကျယ်တဲ့ သမိုင်းတစ်ခုရှိခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့မျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ဦးက အထူးနည်းစနစ်တစ်ခု အသုံးပြုပြီး ဖုံးကွယ်ခဲ့သလား ဒါမှမဟုတ် တခြားအကြောင်းရင်းတစ်ခုခုကြောင့်လား မသိဘူး၊ ကျုပ်တို့ မျိုးနွယ်စုက တစ်ချိန်ချိန်က ကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတဲ့ အချက်ကိုပဲသိပြီး ဘယ်အချိန်က ဘယ်လိုဘယ်ပုံ ကြီးကျယ်ခဲ့တယ်ဆိုတာကိုတော့ မသိကြတော့ဘူး။ အဲဒီနောက်ပိုင်းမှာ ဘိုးဘေးတွေက အကြောင်းတစ်ခုခုကြောင့် မျိုးနွယ်စုတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ခွဲခြားလိုက်ပြီး ဂိုဏ်းခွဲတွေအဖြစ်နဲ့ နေရာအနှံ့ကို ဖြန့်ချခဲ့တယ်၊ မျိုးဆက်တွေအများကြီး ကြာပြီးတဲ့နောက်မှာ ကျုပ်တို့ကျန်းမျိုးနွယ်စုဝင်တွေ ဘယ်လောက်ကျန်သေးတယ်၊ ဘယ်နေရာ၊ ဘယ်နိုင်ငံရောက်နေကြတယ် ဆိုတာကို ကျုပ်တို့အားလုံး မသိကြတော့ဘူး။ ဘိုးဘေးရဲ့မိသားစုက ယွင်နိုင်ငံကို တခြားတစ်နေရာကနေ ဝင်ရောက်အခြေချခဲ့တာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဘိုးဘေးက ကျုပ်တို့ကျန်းမိသားစုဝင်ဖြစ်တဲ့အပြင် ပင်မမျိုးဆက်ကနေ တိုက်ရိုက်ဆင်းသက်လာသူလည်း ဖြစ်နေတော့ ကျုပ်တို့ကျန်းမိသားစုအခွဲ အကြောင်းကို အသေးစိတ်ရှင်းပြပါမယ်”

ကျန်းရန်ချွမ်း၏ပြောကြားချက်ကို အတိုချုပ်ရှင်းပြရလျှင် သူတို့ကျန်းမိသားစုဂိုဏ်းခွဲသည် ချိအန်းစီရင်စုတွင် အခြေစိုက်သည့် ကျီဖုအဆင့်မိသားစုဖြစ်ပြီး ခေတ်ကောင်းစဉ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးကိုပင် ပိုင်ဆိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ကျန်းမိသားစု၏ အရှိန်အဝါမှာ ကျဆင်းလာပြီး မကြာသေးမီက ကျီဖုနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူသည်လည်း သေဆုံးသွားသည်ဖြစ်၍ နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး မပေါ်လာပါက ကျန်းမိသားစုသည် ကျီဖုအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုအဖြစ်သို့ ကျဆင်းသွားတော့မည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ကျန်းမိသားစုပိုင် ဝိညာဉ်သွေးကြောများနှင့် စီးပွားရေးလုပ်ငန်းများကို ပြိုင်ဘက်မိသားစုများမှ အမဲဖျက်သလို အပိုင်စီးသိမ်းယူကြမည်ဖြစ်သည်။ ကျန်းရန်ချွမ်း၏အဆိုအရ ကျန်းမိသားစု၏ နောက်ဆုံးသော ကျီဖုအဆင့်ကျင့်ကြံသူ သေဆုံးသွားကြောင်းကို မူလအပြန်ဂိုဏ်းက သိရှိသွားပြီးနောက် သူတို့အား ချေမှုန်းတိုက်ခိုက်လာသည့်အတွက် ယွင်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ပြီး တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာလည်း ရိုးရှင်းပါသည်။ ရှေးယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခတစ်ခုအတွက် လက်စားချေလိုခြင်းဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် အင်အားစုနှစ်ခုကြားတွင် အမုန်းတရားနှင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ အကျိုးစီးပွားမှ အဓိကမြစ်ဖျားခံလာကြပြီး အမှန်၊ အမှား၊ ဓမ္မ၊ အဓမ္မ တို့နှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိပေ။ မည်သူက အင်အားပိုကြီးသနည်း ဆိုသည့်အချက်နှင့် မည်သည့်ဘက်တွင် ရပ်တည်သနည်းဆိုသည့် အချက်များကသာ အရေးပါသည်။ ဘိုးဘေးတစ်ဦးကွယ်လွန်ပြီး အင်အားယုတ်လျော့နေသော အင်အားစုတစ်ခုကို အခြားသော ပြိုင်ဘက်အင်အားစုက အခွင့်ကောင်းယူလျက် ထိုးနှက်ချေမှုန်းသည်မှာ ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသည့်အရာ မဟုတ်ပေ။ သည်နည်းဖြင့် ရန်သူမိသားစုကို ဖြိုခွဲနိုင်ရုံမက ထိုမိသားစုပိုင်ဆိုင်သော ရင်းမြစ်ရတနာများ၊ လုပ်ငန်းများကိုလည်း အပိုင်သိမ်းနိုင်မည်ဖြစ်သည်လေ။

ထို့အတွက် မိသားစုတစ်ခုပြိုကွဲရခြင်းအတွက် ရန်သူအား အပြစ်တင်သည်ထက် မိမိတို့၏ အင်အားချိနဲ့မှုနှင့် အမြင်မကျယ်မှုတို့ကိုသာ ပို၍အပြစ်တင်သင့်ပါသည်။ ဥပမာ ကျန်းမိသားစု၏အဖြစ်တွင် နောက်ဆုံးသော ကျီဖုအဆင့် ဘိုးဘေးမကွယ်လွန်မီ ကြိုတင်ပြင်ဆင်စရာရှိသည်များကို ကြိုတင်စီမံခဲ့ပါက ယခုလိုအဖြစ်မျိုး ကြုံတွေ့ရမည်မဟုတ်ပေ။ ကျန်းရန်ချွမ်းကိုယ်တိုင်သည်လည်း မိသားစုရှေ့ရေးကို ကြိုမြင်ခဲ့သော်လည်း ကျန်းမိသားစုအတွက် ဆုံးဖြတ်ပိုင်ခွင့်အာဏာမှာ သူ့ထံတွင်မရှိဘဲ ကျီဖုအဆင့်ဘိုးဘေးကသာ အရာအားလုံးကို ချုပ်ကိုင်ထားသည့်အတွက် မပြောသာခဲ့ပါ။

ဤသည်မှာ ကျင့်ကြံခြင်းမိသားစုအများစု၏ နိဂုံးဖြစ်သည်။ ဘိုးဘေးတစ်ဦး၏ တာအိုတက်လမ်းမှာ မျှော်လင့်ချက်မရှိတော့ပါက မိသားစုနှင့် မိသားစုလက်အောက်ရှိ သေမျိူးလူသားတို့အတွက် ပြောင်းလဲစဉ်းစားပေးဖို့လိုမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဘိုးဘေးဖြစ်သူက အာဏာအလွဲသုံးစားပြုလုပ်ကာ ရှိသမျှရင်းမြစ်အားလုံးကို အပိုင်သိမ်းပြီး အောက်ခြေလူထုကို လျစ်လျူရှုထားပါက ကျီဖုအဆင့်မက ရွှေအမြုတေအဆင့်မိသားစု တစ်ခုသည်ပင် မလွဲမသွေပျက်စီးခြင်းအဖြစ်ကို ဆိုက်ရောက်သွားပါလိမ့်မည်။

ကျန်းရန်ချွမ်း၏စကားဆုံးလျှင် သားအဖနှစ်ဦးသည် အလျင်အမြန် ဒူးထောက်လိုက်ပြီး

“ဘိုးဘေးခင်ဗျား ကျုပ်တို့နဲ့အတူ ကျန်းမိသားစုကို ပြန်လာပြီး ဦးဆောင်မှုပေးပါ။ ကျုပ်တို့ ညီအစ်ကိုတွေအနေနဲ့ ဘိုးဘေးအမိန့်ကို အကြွင်းမဲ့နာခံပါ့မယ်”

ကျန်းချန်ရွှမ်က တစ်စုံတစ်ရာ အဖြေမပေးဘဲ မေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားပြောပုံအရ ခင်ဗျားရဲ့အစ်ကိုကြီးနဲ့ တတိယညီလေးတို့ ခေါင်းဆောင်တဲ့အဖွဲ့ရဲ့ အခြေအနေက မကောင်းလှဘူးပဲ။ မူလအပြန်ဂိုဏ်းရဲ့ သုတ်သင်မှုကို အချိန်မရွေးခံရနိုင်တယ်မလား”

ကျန်းရန်ချွမ်းအဖြေမပေးနိုင်ခင် ကျန်းချန်ရွှမ်က စကားဆက်လိုက်ပြန်သည်။

“ခင်ဗျားမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုရှိမှာပေါ့”

***

All Chapters