ယို့မိသားစုဘိုးဘေး (၃)
Vol. 9 Ch. 180
ယို့မိသားစုကို နှစ်ပေါင်းများစွာ အုပ်ချူပ်လာခဲ့သော ယို့ချင်းဖန်၏ စကားအဆုံးတွင် သတ်ဖြတ်လိုသော အေးစက်စက် အငွေ့အသက်များ ယှက်သန်းလာတော့သည်။
“ငါပြောတာကြားလား ယို့ချန်းရှန်”
ထိုအခါ ကြမ်းပြင်တွင် ဒူးထောက်လျက်ရှိသော ယို့ချန်းပိုင်သည် အလန့်တကြား မော့ကြည့်မိလိုက်သည်။ အသက် သုံးဆယ်ကျော်ခန့် ရှိပြီး အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော လူတစ်ဦးသည် ဘိုးဘေး ယို့ချင်းဖန်၏ အနောက်တွင် ရုတ်တရက်ပေါ်လာသည်။ ထိုသူ၏ အမည်မှာ ယို့ချန်းရှန်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့်ကို ရောက်ရှိနေသူဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် ဝိညာဉ်ချီ သိပ်သည်းဆမှာ အတော်လေးများပြားနေသည်။ အနှောက်အယှက် တစ်စုံတစ်ရာ မတွေ့ပါက မဝေးတော့သည့် အနာဂတ်တွင် ကျီဖုအဆင့်ကို ကျိန်းသေ တက်ရောက်နိုင်မည့်သူ လည်းဖြစ်သည်။
“ဟုတ်ကဲ့ပါ အဘေး ကျွန်တော်ကြားပါတယ်”
ယို့ချန်းရှန်က ဘိုးဘေးဖြစ်သူကို ရိုသေလေးစားစွာ ဖြေလိုက်သည်။
“ကောင်းတယ်”
ယို့ချင်းဖန်က ကျေနပ်သည့် လက္ခဏာဖြင့် ခေါင်းညိတ်လိုက်ပြီး
“ဒီနေ့ကစပြီး မင်းကို မိသားစုအကြီးအကဲအဖြစ် ခန့်လိုက်ပြီ။ ဒီဆယ်နှစ်အတွင်း ငါတို့မိသားစုက မူလအပြန်ဂိုဏ်းနဲ့ ပေါင်းပြီး ကျန်းမိသားစုဆီက ဘယ်လောက်အထိ အမြတ်ထုတ်ခဲ့လဲ၊ အဲဒီတန်ဖိုးရဲ့ ဆယ်ဆဖြစ်ဖြစ် ပြန်ပေးပြီး တောင်းပန်လိုက်။ ပြီးတော့ မင်းမှတ်ထားရမှာက တောင်းပန်တဲ့အခါ တာဝန်ခံမှု၊ ရိုးသားမှုအပြည့်ရှိပါ ကြားလား”
ယို့ချန်းရှန်က အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ အဘေး”
ထို့နောက် ယို့ချန်းရှန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး
“ဒါနဲ့ ဒုတိယအကြီးအကဲနဲ့ သူ့ရဲ့ တာအိုကျင့်ကြံဖော်ကို ဘယ်လိုဆောင်ရွက်မလဲ”
“မင်းက ဘယ်လိုလုပ်ချင်လဲ”
ယို့ချန်းရှန်က အဓိပ္ပာယ်ပါစွာ ပြုံးလိုက်ပြီး တုံ့နှေးခြင်းမရှိ ဖြေကြားလိုက်သည်။
“ကျွန်တော့်အမြင်မှာ သူတို့နှစ်ယောက်ကို ကျန်းမိသားစုလက်ထဲ အပ်လိုက်ရင် ကျွန်တော်တို့မိသားစု အတွင်းမှာ မကျေနပ်မှုတွေ ဖြစ်လာပြီး တည်ငြိမ်မှု ပျက်ပြားနိုင်တယ်။ တစ်ဖန် သူတို့ကို အပြစ်မပေးပြန်ရင်လည်း ကျန်းမိသားစုရဲ့ အမျက်နဲ့ ရင်ဆိုင်ရနိုင်တယ်။ တစ်ခုရှိတာက ကျွန်တော်တို့ ယို့မိသားစုအနေနဲ့ မူလအပြန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ကျန်းမိသားစုကို အမြတ်ထုတ်ခဲ့တယ် ဆိုသော်ငြားလည်း ကျွန်တော်တို့အနေနဲ့ ကျန်းမိသားစုဝင်တစ်ဦးကိုမှ သတ်ဖြတ်ရန်ပြုခြင်းမရှိခဲ့ဘူး၊ သူတို့ပိုင်တဲ့ နယ်မြေတွေ၊ လုပ်ငန်းတွေကိုပဲ သိမ်းယူခဲ့တာဖြစ်တယ်။ ဒီတော့ ကျန်းမိသားစုကို လုံလောက်တဲ့လျော်ကြေးပေးပြီး သူတို့နှစ်ယောက်ကိုတော့ ရာထူးကချပြီး ထိုက်သင့်ရုံ အရေးယူပြလိုက်ရင် ကျန်းမိသားစုလည်း ကျေနပ်မယ်။ မိသားစုအတွင်း တည်ငြိမ်မှုလည်း မပျက်ပြားတော့ဘူးပေါ့”
ယို့ချန်းရှန်၏ စကားအဆုံးတွင် ယို့ချင်းဖန်တစ်ယောက် မနေနိုင်တော့ဘဲ လက်ခုပ်လက်ဝါး တီးလိုက်တော့သည်။ ယို့ချန်းရှန်းကို ကျေနပ်နှစ်သိမ့်စွာ ကြည့်ပြီး အားရပါးရ ချီးကျူးလိုက်သည်။
“ငါထင်ခဲ့တဲ့အတိုင်းပဲ၊ မင်းက ငါတို့ယို့မျိုးနွယ်စုရဲ့ မျှော်လင့်ချက်ပါပဲ၊ ကောင်းပြီ မင်းပြောတဲ့အတိုင်း ဆောင်ရွက်မယ်။ လျော်ကြေးအနေနဲ့ ထူးကဲကြယ်မြက်ကို ရွေးထားတယ် ကျန်းမိသားစုကို လက်ဆောင်အဖြစ်ပေးလိုက်ပါ”
ထိုအခါ ယို့ချန်းရှန်သည် ပထမဆုံးအကြိမ်အဖြစ် မျက်နှာထားပြောင်းသွားပြီးနောက် ဘိုးဘေးဖြစ်သူကို မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်သိသလောက် ဒီပစ္စည်းက အဆင့် ၃ အလယ်အလတ် အဆင့်ရှိပြီး အသုံးပြုသူကို ကျီဖုနယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ချေကို ၁၅ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးနိုင်တယ်တဲ့။ ပြီးတော့ ဘိုးဘေးပိုင်တဲ့အထဲမှာ တန်ဖိုးအကြီးဆုံးလည်း ဖြစ်နေတယ်။ ဒီပစ္စည်းပေးမှ ဖြစ်မှာလား၊ တခြားပစ္စည်း တစ်ခုခု အစားထိုးပေးလိုက်လို့ မရဘူးလား”
ယို့ချင်းဖန်သည် ထိုစကားကိုကြားလျှင် ယို့ချန်းရှန်ကို အပြစ်မတင်သည့်အပြင် ပုခုံးကို ပုတ်လျက် စိတ်ရှည်စွာ ရှင်းပြပါတော့သည်။
“ချန်းရှန် မင်းမှတ်ထားဖို့က ပြင်ပရတနာပစ္စည်းဆိုတာ အထောက်အကူပြုပေးရုံပဲ။ ကျင့်ကြံသူတစ်ဦးဟာ ဒီပစ္စည်းတွေအပေါ်မှာပဲ မှီခိုနေရင် တစ်နေ့နေ့ ဘေးတွေ့လိမ့်မယ်။ နောက်ပြီး ငါနေရမဲ့သက်တမ်းကလည်း မကျန်တော့ဘူး။ ငါ့ရဲ့ ဝိညာဉ်ချီနဲ့ ဓမ္မစွမ်းအင်ကလည်း တဖြည်းဖြည်း ယုတ်လျော့လာနေပြီ။ ငါ့အတွက် ဒီပစ္စည်းက အသုံးမဝင်တော့ဘူး၊ ဒီအစား ငါတို့ယို့မျိုးနွယ်စုအတွက် အကျိုးရှိမဲ့အရေးအတွက် ဒီပစ္စည်းကို ဘာလို့မစတေးရမှာလဲ။ နောက်ပြီး မင်းမှတ်ထား၊ တစ်ခါရန်သူဖြစ်ဖူးတာနဲ့ ထာဝရရန်သူဖြစ်ရမယ်လို့ မရှိဘူး။ ထိုနည်းတူပဲ အခုမိတ်ဆွေတွေကလည်း တစ်ချိန်ချိန်မှာ ရန်သူဖြစ်သွားနိုင်တယ်၊ ဒါကိုမင်းမြဲမြဲမှတ်ထား”
ဘိုးဘေးဖြစ်သူသည် သူ၏နှစ်လေးရာကျော် ဘဝအတွေ့အကြုံကို အရင်းခံလျက် သူ့ကို သွန်သင်ဆုံးမနေခြင်းဖြစ်ကြောင်း ယို့ချန်းရှန် သဘောပေါက်လိုက်မိသည်။ ဘိုးဘေး၏စကားကို ဆင်ခြင်သုံးသပ်လိုက်ပြီးမှ ယို့ချန်းရှန် လက်ခံလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ ဘိုးဘေး”
***
စာစဉ် ၉ ပြီး၏။