← Chapters

ချီလေတောအုပ်

Vol. 9 Ch. 166

ချီလေတောအုပ်

Vol. 9 Ch. 166

ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် ကျန်းရန်ချွမ်းတို့ သားအဖသည် တစ်စုံတစ်ခုကို အတွေးပေါက်မိသွားပြီး စိတ်လှုပ်ရှားသွားကြသည်။ ကျန်းရန်ချွမ်းက ဝမ်းမြောက်သော လေသံနှင့်

“ဒါဆို ဘိုးဘေးက ဆုံးဖြတ်ပြီးပြီပေါ့”

ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် ကျန်တဲ့မိသားစုဝင်တွေနဲ့ အရင်တွေ့ချင်သေးတယ်”

တစ်နည်းအားဖြင့် ကျန်မိသားစုဝင်များကို တွေ့ဆုံအကဲခတ်ပြီး လူကောင်းသူကောင်းများ ဟုတ်မဟုတ်ကို ကျန်းချန်ရွှမ်အနေနှင့် အတည်ပြုလိုပါသေးသည်။ ထို့နောက်တွင်မှ မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို ဆုံးဖြတ်ရန် စိတ်ကူးမိသည်။ ကျန်းချန်ရွှမ်အနေနှင့် မိမိနှင့်သွေးရင်းသော မျိုးနွယ်စုတစ်ခုကို ဦးဆောင်ရသည့် အလုပ်မှာ မဆိုးလှကြောင်းတွေးမိသလို တစ်ချိန်တည်းတွင် သူဦးဆောင်ရမည့် လူစုသည် ကျောင်းမှန်းကန်မှန်းမသိသည့် လူမိုက်များဆိုလျှင်တော့ သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ရမည်ဖြစ်သည်။

သူ့အနေနှင့် ဦးနှောက်မဲ့လူတစ်စုကို မဦးဆောင်လိုပါ။ သူ့သေတွင်းသူတူးသလို ဖြစ်သွားပါလိမ့်မည်။ သို့ဖြစ်၍ ကျန်းရန်ချွမ်းကို အကဲခတ်သလို အဆိုပါလူစုကိုလည်း ကိုယ်တိုင်တွေ့ဆုံအကဲခတ်လိုခြင်းဖြစ်သည်။ ကျန်းရန်ချွမ်းကလည်း ကျန်းချန်ရွှမ်အတွေးကို အနည်းနှင်အများ ရိပ်စားမိဟန်တူသည်။ သူက အာမခံချက်အပြည့်ရှိသည့် လေသံမျိုးနှင့်

“မစိုးရိမ်ပါနဲ့ ဘိုးဘေး ကျုပ်တို့လူတွေက ဘိုးဘေးကို စိတ်မပျက်စေရဘူး”

ကျန်းချန်ရွှမ်က တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ အသာပြုံးနေလိုက်သည်။ ကျန်းရန်ချွမ်း၏ အာမခံစကားတစ်ခုတည်းနှင့် ဆုံးဖြတ်ရန် မလုံလောက်သေးပါ။ သူကိုယ်တိုင် မျက်မြင်တွေ့ဆုံအကဲခတ်ပြီးမှ ကျန်းမိသားစုကို တာဝန်ယူဦးဆောင်ဖို့ သင့်မသင့်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ အကယ်၍ ထိုလူစုသည် ကျန်းရန်ချွမ်းကဲ့သို့ သူ့ကိုအထင်ကြီးအောင် မစွမ်းဆောင်နိုင်လျှင် သူတို့ကမ်းလှမ်းချက်ကို ငြင်းပယ်ပေမည်။

ထို့နောက်တွင် ကျန်းရန်ချွမ်းသည် အထူးဆက်သွယ်ရေး နည်းစနစ်တစ်ခုကို အသုံးပြု၍ ထွက်ပြေးနေသော ကျန်အဖွဲ့သားများနှင့် ဆက်သွယ်လိုက်သည်။ သူဆက်သွယ်ကြည့်သော လူများအနက်တွင် အစ်ကိုအကြီးဆုံးဖြစ်သူ ကျန်းရန်ယီနှင့် တတိယညီလေးဖြစ်သူ ကျန်းရန်တောက်တို့ ပါဝင်သည်။ သူတို့နှစ်ဦးမှာ အမြဲလိုလို မခွဲမခွာ အတူရှိနေတတ်ကြပြီး ကျန်းရန်ချွမ်ကဲ့သို့ပင် ယွင်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်လာကြသူများဖြစ်သည်။ ကျန်မိသားစုဝင်များကိုတော့ ဆက်သွယ်၍မရပါ။ ကျန်းရန်ချွမ်းအနေနှင့် ထိုအဖွဲ့သားများသည် မူလအပြန်ဂိုဏ်း၏ ဖမ်းဆီးသုတ်သင်ခြင်းခံရပြီလား ဟူ၍ သံသယဝင်မိသည်။ သို့သော် လောလောဆယ်တွင် သူ့အနေနှင့် တတ်နိုင်သည့်အရာမရှိပါ။

ကျန်းချန်ရွှမ်က သူ့စကားကိုကြားလျှင် ခဏမျှတွေဝေသွားပြီး

“ဒါဖြင့်လည်း ခင်ဗျားရဲ့အစ်ကိုကြီးနဲ့ ညီလေးတို့အဖွဲ့ကို သွားတွေ့ကြတာပေါ့”

ကျန်းရန်ချွမ်း၏ရှင်းပြချက်အရ သူသိလိုက်သည်မှာ ကျန်းမိသားစုတွင် ကျီဖုအဆင့် ဘိုးဘေးပြီးလျှင် သူတို့ညီနောင်သုံးဦးသည် လုပ်ပိုင်ခွင့်အာဏာအများဆုံး ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။ သူတို့သုံးဦးအပြင် လျူလင်းလုံဟုခေါ်သော အမျိုးသမီးတစ်ဦးသည်လည်း အထိုက်အလျောက် ပြောဆိုပိုင်ခွင့်ရှိသည်ဟု သိရသည်။ ထိုအမျိုးသမီးသည် ကျန်းမိသားစု၏ အိမ်တော်ထိန်းတစ်ဦးပမာဖြစ်ပြီး သူမ၏စီမံခန့်ခွဲမှုအောက်တွင် ကျန်းမိသားစုသည် စည်းစနစ်ကျစွာ လည်ပတ်နိုင်ခဲ့သည်ဟုလည်း ကျန်းရန်ချွမ်းက ပြောသေးသည်။

သူမသည် အရင်ကျန်းမိသားစုဘိုးဘေးနှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေတစ်ဦး၏ သမီးဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ကျန်းမိသားစုတွင် ကြီးပြင်းလာသူဖြစ်သည်။ ကွယ်လွန်သွားသော နောက်ဆုံးဘိုးဘေးနှင့် ဝါစဉ်အရ တန်းတူဟူ၍ပင် သတ်မှတ်နိုင်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လူစုသည် ကျန်းရန်ယီတို့အဖွဲ့နှင့် တွေ့ဆုံရန် ချီလေတောအုပ်သို့ ဦးတည်ထွက်ခွာလာကြသည်။ ချီလေတောအုပ်သည် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့အကြား နယ်နိမိတ်တစ်ခုသဖွယ် ဖြစ်တည်နေသည့် ဒေသတစ်ခုဖြစ်ပြီး လျန်နိုင်ငံနှင့် ယွင်နိုင်ငံတို့အကြား ကပ်လျက်တည်ရှိနေသည်။ အဆိုပါတောအုပ်တွင် ဆယ့်နှစ်ရာသီပတ်လည် မကောင်းဆိုးဝါးလေပြင်းများ တိုက်ခတ်လျက်ရှိ၍ နေထိုင်အခြေချရန် အလွန်ခက်ခဲပြီး သာမန်အားဖြင့် လူသားများနှင့် မိစ္ဆာများ၏ အရိပ်အယောင် တစွန်းတစကိုမျှ မတွေ့ရှိနိုင်ပါ။

သို့သော် လက်ရှိအချိန်တွင် အဆိုပါချီလေတောအုပ်၏ အလယ်ဗဟိုတည့်တည့်တွင် လူတစ်ချို့ စုဝေးရောက်ရှိလျက်ရှိသည်။ အဆိုပါလူစုကို ဦးဆောင်သူများမှာ ယောက်ျားနှစ်ဦးနှင့် မိန်းမတစ်ဦးတို့ဖြစ်သည်။ ပထမဆုံးလူမှာ ထူထဲသော မျက်ခုံးမွေးနှင့်အတူ အချိုးကျပြေပြစ်သည့် မျက်နှာအသွင်အပြင်ရှိပြီး အသက်ငါးဆယ်ခန့်ဟု ခန့်မှန်းရသည်။ ကျန်လူတစ်ဦးမှာ ပထမလူကြီးနှင့် မျက်နှာသွင်ပြင်ဆင်တူပြီး စူးရှသည့်အော်ရာတစ်မျိုးကို ထုတ်လွှင့်လျက်ရှိသည်။ အမျိုးသမီးမှာလည်း ချောမောလှပသည်ထက် တင့်တယ်သည့်အသွင်ကို ဆောင်နေပြီး အသက်နှစ်ဆယ်ကျော်ဟု ခန့်မှန်းရသည်။ သို့သော် သူမ၏ပြုမူလှုပ်ရှားပုံသည် ရင့်ကျက်ပြီးသော အမျိုးသမီးကြီးများထံတွင်သာ တွေ့နိုင်သည့် လက္ခဏာမျိုးဖြစ်သည်။

ထိုအမျိုးသမီး၏ခါးတွင် လိမ္မော်ရောင်ခေါင်းလောင်းတစ်လုံးကို ချိတ်ဆွဲထားသလို ထိုလူစု၏ ပတ်ပတ်လည်တွင် ဝိညာဉ်အလင်းများ ဖြာထွက်လူးလွန့်လျက်ရှိသည်။ သူတို့၏ ရှေ့မှောက်နှင့် ဦးခေါင်းထက်တွင်လည်း ဓမ္မလက်နက်များ ဥဒဟို လွင့်မျောပျံသန်းလျက်ရှိပြီး အဆိုပါလက်နက်များသည် အရှိန်အဟုန်ဖြင့် တိုက်ခတ်နေသော မကောင်းဆိုးဝါးလေများကို ခုခံတားဆီးလျက်ရှိသည်။ အဆိုပါလူစုသည် ကျန်းရန်ချွမ်း၏အစ်ကို ကျန်းရန်ယီတို့ ဦးဆောင်သည့် ကျန်းမိသားစုဝင်များဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျန်းရန်ချွမ်း၏ ညီဖြစ်သူ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ဖြစ်ကြသည်။ ကျန်းရန်တောက်က ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီး

“အစ်ကိုကြီး ကျွန်တော်တို့ နောက်ဆုံးတော့ ယွင်နိုင်ငံကို ခြေချနိုင်ခဲ့ပြီ။ မူလအပြန်ဂိုဏ်းကလူတွေ ဒီထိတော့ လိုက်မလာနိုင်လောက်ပါဘူး၊ အခုစဉ်းစားရမှာက ယွင်နိုင်ငံမှာ ကျွန်တော်တို့ ဘယ်လိုရပ်တည်ကြမလဲဆိုတဲ့ ကိစ္စပဲ”

ကျန်းရန်ယီနှင့် လျူလင်းလုံတို့လည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ ကျန်းရန်ယီက

“ဒုတိယညီလေးဆီက အခုပဲ သတင်းကောင်းတစ်ခု ကြားရတယ်၊ သူတို့အဖွဲ့ ငါတို့နဲ့တွေ့ဖို့ ဒီတောအုပ်ကို လာနေကြပြီတဲ့”

ကျန်းရန်တောက် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်လည်းရတယ်၊ သူတို့အဖွဲ့ ခရီးလမ်းသာယာပါစေလို့ ဆုတောင်းရမယ်။ ယွင်နိုင်ငံကိုလာတဲ့လမ်းမှာ မူအအပြန်ဂိုဏ်းနဲ့များ တိုးလာသလားမသိဘူး”

“သူတို့ရောက်မှ မေးကြည့်တာပေါ့ကွာ”

ကျန်းရန်ယီ၏ စကားဆုံးလျှင်ဆုံးချင်း သူတို့အားလုံး တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး နှလုံးခုန်နှုန်းများ မြန်လာကြသည်။ အာရုံခံမိသော အရပ်မျက်နှာကို တစ်ဖွဲ့လုံး မတိုင်ပင်ဘဲ ပြိုင်တူကြည့်မိလိုက်ကြသည်။ ကိုယ်လုံးကိုယ်ထည်ကြီးမားသော အရိပ်သဏ္ဍာန်များသည် သူတို့အဖွဲ့ရှိရာသို့ ဦးတည်လာနေကြသည်ကို တွေ့ရ၍ အားလုံးမျက်လုံးပြူးသွားကြသည်။

“လေပြင်းမိကျောင်းမိစ္ဆာတွေပဲ”

***

All Chapters