← Chapters

ကျီဖုအဆင့် ကျင့်ကြံသူများ

Vol. 9 Ch. 168

ကျီဖုအဆင့် ကျင့်ကြံသူများ

Vol. 9 Ch. 168

ထိုအခိုက်တွင် ကျန်းကျိဖန်းနှင့် ကျန်းကျိယွမ်တို့၏မျက်နှာတွင် ရှက်ရွံသည့်အရိပ်အယောင် တစွန်းတစပေါ်လာသော်လည်း စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်ပြီး ကျန်းကျိယွမ်က

“ပထမဦးလေး ကျုပ်တို့က အသက်ရှင်ချင်ရုံပါ။ အသက်ရှင်ဖို့ ကြိုးစားတာ ဘာမှားလို့လဲ”

ကျန်းကျိဖန်းကလည်း အားတက်သရော ဝင်ရောက်ထောက်ခံလိုက်သည်။

“ဟုတ်တယ် ကျုပ်တို့အသက်ရှင်ချင်တယ်၊ ဒီဘာမှန်းမသိတဲ့နေရာကြီးမှာ အသက်မဆုံးချင်ဘူး၊ ကျုပ်တို့လည်း ဆယ်စုနှစ်နဲ့ချီပြီး ကျင့်ကြံလာခဲ့ရတာ”

“ဟုတ်တယ် ကျုပ်တို့အသက်ရှင်ချင်တယ်”

သူတို့နှစ်ဦးသည် ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုဟန်မရှိဘဲ မျက်နှာအမူအရာများသည်လည်း ပို၍လေးနက်ပြင်းထန်လာကြသည်။ ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် အဆိုပါနှစ်ဦးကို ကြည့်နေရင်း စိတ်ပျက်မှုနှင့် နာကျင်မှုတို့ ဒွန်တွဲခံစားလိုက်ရသည်။ ကျန်းရန်တောက်က

“မင်းတို့အသက်ရှင်ဖို့အတွက်နဲ့ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မိစ္ဆာသားရဲတွေအောက်မှာ ခေါင်းထိုးခံတော့မှာလား”

ကျန်းကျိယွမ်တို့မှာ ပြတ်သားစွာ ခေါင်းခါလိုက်ပြီး

“တတိယဦးလေး ဘယ်လိုပြောပြော ကျုပ်တို့ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူး၊ ကျုပ်တို့နောင်တမရဘူး”

ထို့နောက်တွင် ကျန်းကျိယွမ်တို့နှစ်ဦးသည် ကျန်းရန်တောက်တို့နှစ်ဦးကို မကြည့်တော့ဘဲ ထိုင်ရာမှထကာ မိကျောင်းနတ်ဆိုးကြီးထံ ဦးတည်လျှောက်လှမ်းလိုက်ကြသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးရှေ့တွင် ဓားအလင်းတန်းတစ်ခု ပြိုးပြက်သွားပြီး အေးစက်စက်အော်ရာများ လွှင့်ထုတ်နေသည့် ဓားပျံတစ်စင်းက ကျန်းကျိယွမ်နှင့် ကျန်းကျိဖန်းတို့၏ လည်ပင်းများကို ဖြတ်တောက်လျက် ဇီဝိန်ခြွေလိုက်သည်။ ထိုအဖြစ်မျိုးကို ကျန်းကျိယွမ်တို့နှစ်ဦးသာမက အဆင့် ၃ မိကျောင်းနတ်ဆိုးကြီးပင် မျှော်လင့်ထားဟန်မတူပါ။ ကျန်းကျိယွမ်နှင့် ကျန်းကျိဖန်းတို့သည် နောက်ဆုံးထွက်သက်တွင် ဓားပျံကိုပစ်လွှတ်လိုက်သူ ကျန်းရန်တောက်ကို မယုံနိုင်စွာကြည့်လျက် မေးခွန်းထုတ်လိုက်ပြီးနောက် လဲကျသေဆုံးသွားတော့သည်။

“ဘာလို့လဲ တတိယဦးလေး”

ကျန်းရန်တောက်က အလောင်းများကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“မင်းတို့ကိုယ့်အသက်ဘေးအတွက် ရုန်းကန်ကြတာကို နားလည်ပေးလို့ရပေမဲ့ ငါတို့မိသားစုနဲ့ လူသားမျိုးနွယ်ကို သစ္စာဖောက်တဲ့အတွက် ခွင့်လွှတ်ပေးလို့မရဘူး”

ထို့နောက် ကျန်းရန်တောက်က ကျန်မိသားစုဝင်များဖက်သို့ လှည့်ပြီး

“မင်းတို့ထဲကရော ဘယ်သူသစ္စာဖောက်ချင်သေးလဲ”

ကျန်မိသားစုဝင်များသည်လည်း ကျန်းရန်တောက်၏ စူးရှတင်းမာသည့် အကြည့်ကြောင့် တုန်လှုပ်သွားပြီး ခေါင်းများကို သွက်သွက်ကြီး ခါယမ်းလိုက်တော့သည်။

“မလုပ်ဝံ့ပါဘူး”

ဖြောင်း ဖြောင်း ဖြောင်း

ထိုအချိန်တွင် လက်ခုပ်တီးသံတစ်ခု ကြားလိုက်၍ အဖွဲ့သားအားလုံးမှာ အံ့အားသင့်လျက် အသံကြားရာသို့ ပြိုင်တူလှည့်ကြည့်မိလိုက်ကြသည်။ သူတို့အဖွဲ့ရှိရာသို့ လူတစ်စုသည် အေးဆေးစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ကြရသည်။ ရှေ့ဆုံးမှဦးဆောင်လာသူမှာ သူတို့တစ်ခါမှ မမြင်တွေ့ဖူးသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ အမျိုးသားမှာ ချောမောခန့်ညားပြီး အမျိုးသမီးဖြစ်သူမှာလည်း အပြစ်ပြောစရာ မရှိလောက်အောင် လှပတင့်တယ်သူဖြစ်သည်။

သူတို့နှင့်အတူ လိုက်ပါလာသူများမှာ သူတို့နှင့်သိကျွမ်းပြီးဖြစ်သည့် မျက်နှာရင်းများဖြစ်သည်။ ကျန်းရန်ချွမ်းနှင့် သမီးဖြစ်သူ ကျန်းယွင်ရုံတို့ပင်ဖြစ်သည်။

“ဒုတိယညီလေး နဲ့ ယွင်ရုံ မင်းတို့ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေကြတာလဲ”

ကျန်းရန်ယီတို့လူစုမှာ သည်လိုအချိန်အခါမျိုး၌ ကျန်းရန်ချွမ်းတို့အဖွဲ့နှင့် ပြန်လည်ဆုံဆည်းရမည်ဟု မမျှော်လင့်ထားပါ။ သူတို့အနေနှင့် ပျော်ရွှင်သည်ထက် တုန်လှုပ်မိသည့်ခံစားချက်က ကဲနေမိသည်။ သည်အချိန်မျိုးက မိသားစုပြန်လည်ဆုံဆည်းပွဲ ပြုလုပ်ရန် သင့်တော်သည့် အချိန်အခါမျိုးမဟုတ်ပါ။ အဆင့် ၃ မိကျောင်းနတ်ဆိုးလက်ချက်ဖြင့် သူတို့ကျန်းမိသားစုဝင်အားလုံး သုတ်သင်ခံရနိုင်သည်လေ။

သို့သော် အဆင့် ၃ မိကျောင်းနတ်ဆိုးကြီးသည် ရုတ်တရက် တုန်လှုပ်ခြောက်ချားသွားသည့် လက္ခဏာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်ကို မြင်လိုက်ရ၍ သူတို့အားလုံး နားမလည်နိုင်ဖြစ်သွားကြသည်။ မိကျောင်းကြီးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။

“ကျီဖုအဆင့် ကျင့်ကြံသူတွေ”

ကျန်းရန်ယီတို့လူစုမှာ နားဝေတိမ်တောင်ဖြစ်စွာနှင့် မိကျောင်းနတ်ဆိုးကြီး တုန်လှုပ်စွာ စိုက်ကြည့်နေသော အရပ်မျက်နှာသို့ လှည့်ကြည့်မိလိုက်ရာ လူစိမ်းအမျိုးသားနှင့် အမျိုးသမီးတို့ကို တွေ့လိုက်ရတော့သည်။ ကျန်းမိသားစုဝင်အားလုံးသည်လည်း ထိုစုံတွဲကို တစ်လှည့် မိကျောင်းနတ်ဆိုးကြီးကို တစ်လှည့် ကြည့်ရှုရင်း နားမလည်နိုင်ဖြစ်နေကြသည်။

ကျန်းချန်ရွှမ်က ပြုံးလျက် ရှေ့သို့ထွက်လာသည်။

“ဒီကိုလာရင်းနဲ့ မမျှော်လင့်ဘဲ မိစ္ဆာအမြုတေတစ်ခုကို အချောင်ရဦးမှာပဲ”

“ဘာကွ အတင့်ရဲလိုက်တာ”

မိကျောင်းနတ်ဆိုးကြီးသည် ကျန်းချန်ရွှမ်စကားကြောင့် ထိန်းမရသိမ်းမရ ဒေါပွသွားတော့သည်။

“လူသားကောင် မင်းကငါ့ကို လွယ်လွယ်နဲ့ သတ်နိုင်မယ်လို့ထင်နေလား”

“ကြည့်ကြသေးတာပေါ့”

ထို့နောက် ကျန်းချန်ရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မီးလျှံစက်ကွင်းများ အလျှိုလျှိုပေါ်လာပြီး အဆင့် ၃ ဓမ္မရတနာဖြစ်သည့် ပြဒါးနီမီးလျှံဓားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ စူးစူးရဲရဲအလင်းတန်းအသွင် ပြောင်းကာ အဆင့် ၃ လေပြင်းမိကျောင်းနတ်ဆိုးကြီးကို လေဆာဖြင့်ထိုးလိုက်သည့်ပမာ လျင်မြန်စွာ ထိုးစိုက်လိုက်သည်။ အရှိန်မှာမြန်ဆန်လွန်း၍ သာမန်ပကတိမျက်စိဖြင့် မြင်နိုင်ခြင်းမရှိပေ။

မိကျောင်းကြီးက မာန်ဖီလိုက်ပြီး ပါးစပ်အတွင်းမှ အနက်ရောင်မီးလျှံလုံးကြီးကို ပစ်လွှတ်လိုက်ရာ ကျန်းချန်ရွှမ်၏ ပြဒါးနီဓားနှင့် ထိပ်တိုက်တွေ့မိသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တန်ပြန်လှိုင်းကြီးတစ်ခုက အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ ပေါက်ကွဲမှု၏ပတ်လည် အချင်းဝက်ငါးကီလိုမီတာခန့် ရှိသည့်ဧရိယာတစ်ခုလုံးရှိ သစ်ပင်များမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဆယ့်နှစ်ရာသီလုံး မပြတ်တိုက်ခတ်နေသည့် မကောင်းဆိုးဝါးလေပြင်းများသည်ပင် ခေတ္တမျှ ရပ်ဆိုင်းသွားသည်။

ကျန်းချန်ရွှမ်နှင့် မိကျောင်းကြီးတို့၏ ပုံရိပ်များ လူမြင်ကွင်းတွင် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင်မှ လေပြင်းများမှာ ပို၍ပြင်းထန်သည့်အဟုန်ဖြင့် တစ်ဖန်ပြန်လည်တိုက်ခတ်လာသည်။ ကျန်းရန်ယီတို့လူစုမှာ ဘေးလွတ်ရာ အကွာအဝေးသို့ ကမန်းကတန်း ဆုတ်ခွာလိုက်ရသည်။ သူတို့အားလုံး အဆိုပါမြင်ကွင်းကို ငေးကြည့်ရင်း အံ့အားသင့်တုန်လှုပ်မိသည်။ ကွယ်လွန်သွားသော ကျန်းမိသားစု၏ ဘိုးဘေးသည်ပင် ကျန်းချန်ရွှမ်လောက် အစွမ်းထက်ခြင်းမရှိပေ။ အဆိုပါလူစိမ်းသည် သာမန်ကျီဖုအဆင့် ကျင့်ကြံသူမဟုတ်မှန်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် နောက်ထပ်ဓားပျံတစ်စင်းကို ထုတ်ယူလိုက်ပြန်သည်။ သည်တစ်ခါတွင်တော့ ယောင်ကျန်းထျန်ထံမှ သိမ်းဆည်းရရှိခဲ့သော နွယ်သစ်သားဓားပျံဖြစ်သည်။ ထို့နောက်တွင် အနီရောင်နှင့် အစိမ်းရောင် ဓားအလင်းတန်းနှစ်ခုသည် မိကျောင်းနတ်ဆိုးကြီးကို ရဟတ်ပမာ လှည့်ပတ်လျက် တစ်လှည့်စီ စဉ်ဆက်မပြတ် တိုက်ခိုက်လိုက်ရာ မိကျောင်းကြီး၏ကိုယ်တွင် ဓားချက်များ ဗလပွဖြစ်တည်လာတော့သည်။ မိကျောင်းကြီးမှာ နာကျင်စွာ အော်ညည်းလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပါးစပ်ကြီးကို ဟလိုက်ပြန်သည်။ ပါးစပ်အတွင်းမှ ဘုံခြောက်ထပ်ရှိသည့် စေတီတစ်ဆူထွက်ပေါ်လာတော့သည်။ စေတီသည် ကျန်းချန်ရွှမ်၏ ဓားနှစ်စင်းကို ခုခံကာကွယ်လိုက်ရာ သတ္တုချင်းထိခတ်မိသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ တစ်ချိန်တည်းတွင် စေတီထံမှ မြေဆွဲအားတစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်၏ ဓားပျံနှစ်စင်းကို စေတီအောက်ခြေတွင် ဖိနှိပ်ထားလိုက်တော့သည်။ ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားတော့သည်။

“လူသားဓမ္မရတနာပဲ”

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် နဂါးဆင် ရုပ်ပိုင်းနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ပြီး တစ်ဆက်တည်းတွင် ဓားပျံနှစ်စင်းထံသို့ ပြင်းထန်သည့်အားလှိုင်းတစ်ရပ် ပို့လွှတ်လိုက်သည်။ မိုးခြမ်းသံတစ်ခုထွက်ပေါ်လာပြီး ဓားနှစ်စင်းကို ဖိနှိပ်ထားသည့်စေတီသည် ရုတ်တရက် ကြွတက်လာတော့သည်။

***

All Chapters