အဆင့် ၃ မိကျောင်းမိစ္ဆာ
Vol. 9 Ch. 167
လေပြင်းမိကျောင်းနတ်ဆိုးများသည် အခြေခံဓာတ်နှစ်ပါးဖြစ်သည့် မီးနှင့် လေဓာတ်များကို အသုံးချနိုင်စွမ်းရှိသည်။ များသောအားဖြင့် အဆိုပါသတ္တဝါများသည် သူတို့၏သားရဲကျင်းဖြစ်သည့် ငရဲမီးလျှံ ရွှံနွံအိုင်များတွင်သာ နေထိုင်လေ့ရှိသော်လည်း မျိုးပွားရာသီရောက်လျှင် မကောင်းဆိုးဝါးလေများနှင့် ထိတွေ့ပေးရန် လိုအပ်သောကြောင့် ကုန်းပေါ်သို့ တက်လာလေ့ရှိသည်။ သည်တစ်ကြိမ်တွင်လည်း ချီလေတောအုပ်အတွင်းရှိ မကောင်းဆိုးဝါးလေပြင်းများ စုဝေးတိုက်ခတ်ရာ နေရာအကွက်အကွင်းကို ရှာဖွေရင်း ကျန်းရန်ယီတို့လူစုနှင့် တည့်တည့်တိုးခြင်းဖြစ်သည်။
ကျန်းရန်ယီတို့မှာ ကံဆိုးသည်ဟု ဆိုရမည်။ သူတို့ရောက်ရှိနေသော တောအုပ်ကြီးသည် မကောင်းဆိုးဝါးလေပြင်းများ ကြီးစိုးရာအရပ်ဖြစ်၍ လေပြင်းမိကျောင်းများအတွက် အားသာချက်တစ်ခုဖြစ်နေပြန်သည်။ အခန့်မသင့်လျှင် သူတို့အဖွဲ့အတွက် အသေအပျောက်များနိုင်သည်။ ကျန်းရန်ယီတို့ ဦးဆောင်လာသော အဖွဲ့သားအများစုမှာ ကျန်းမိသားစု၏ အနာဂတ်မျိုးဆက်သစ်များ ဖြစ်ကြ၍ သူတို့ကို ဆုံးရှုံးလိုက်ရပါက ကျန်းမိသားစုအနေနှင့် အနာဂတ်တွင် ယွင်နိုင်ငံ၌ ခြေကုပ်ယူရန် ခက်ခဲပါလိမ့်မည်။
ဒုန်း ဒုန်း ဒုန်း
ထိုအချိန်တွင် လေပြင်းမိကျောင်းသားရဲများ၏ အနောက်တစ်နေရာမှ ပြင်းထန်ကျယ်လောင်သော ခြေသံကြီးများ ထွက်ပေါ်လာတော့သည်။ ခြေလှမ်းများမှာ လေးလံပြင်းထန်လှ၍ ခြေတစ်လှမ်းလှမ်းတိုင်း မြေကြီးသည် သွက်သွက်ခါတုန်လှုပ်သွားသည်။ ထိုအခါ ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ အပါအဝင် ကျန်းမိသားစုဝင်အားလုံး မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။ အားလုံး၏အကြည့်က အသံကြားရာအရပ်သို့ ရောက်သွားသည်။ သူတို့တွေ့လိုက်ရသည်က လေပြင်းမိကျောင်းများထက် အဆများစွာ ကြီးမားသော မိကျောင်းကြီးတစ်ကောင် ပင်ဖြစ်သည်။
ခန္ဓာကိုယ်မှာ ပေတစ်ရာကျော်ရှည်လျား၍ တောင်ကြီးတစ်လုံးပမာ သူတို့ထံသို့ တရွေ့ရွေ့လိမ့်လာသည်ကို မြင်လိုက်ရသည်။ အဆိုပါမြင်ကွင်းကြောင့် သူတို့အားလုံး သွေးပျက်မတတ် တုန်လှုပ်သွားကြသည်။
“အဆင့် ၃ လေပြင်းမိကျောင်းနတ်ဆိုးကြီး”
ကျန်းရန်တောက်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်မိသည်။ ကျန်းရန်ယီတို့အဖွဲ့မှာ လေပြင်းမိကျောင်းအုပ်ကြီးကို မြင်လိုက်ရကတည်းက သူတို့အတွက် အလွန်ခဲယဉ်းသော အသက်လုပွဲကြီးတစ်ခု ဆင်နွှဲရတော့မည် ဖြစ်ကြောင်းကို ရိပ်စားမိလိုက်၍ ပြင်းထန်သောဖိအားများကို ခံစားနှင့်ပြီးဖြစ်သည်။ ယခု ခေါင်းဆောင်ဖြစ်သူ အဆင့် ၃ နတ်ဆိုးမိကျောင်းကြီးကို မြင်လိုက်ရသည့်အခါတွင်တော့ အဆိုပါဖိအားများသည် စိတ်ဓာတ်ယိုယွင်းကျဆင်းခြင်း အဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ အဆင့် ၃ လေပြင်းမိကျောင်းနတ်ဆိုးကြီး ဦးဆောင်လာသော အဆင့် ၁ နှင့် ၂ မိကျောင်းအုပ်ကြီးလက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါး ရှိနေသည်လေ။
“ဒီလောက်များတဲ့ လူအုပ်ကြီးကို အခန့်သားတွေ့ရမယ်လို့ မထင်ထားခဲ့ဘူးပဲ”
အဆင့် ၃ လေပြင်းမိကျောင်းနတ်ဆိုးကြီးက လှောင်ပြောင်ရယ်မောလိုက်သည်။
“လူသားမစားရတာလည်း ကြာပြီဆိုတော့ ဒီနေ့ ဝအောင်စားလိုက်မယ်ဟေ့”
ထို့နောက်တွင် အဆင့် ၃ မိကျောင်းနတ်ဆိုးကြီးသည် ကြောက်မက်ဖွယ် အသံဆိုးကြီးနှင့် အူညည်းလိုက်တော့သည်။ ခေါင်းဆောင်မိကျောင်းကြီး အူညည်းသည်ကိုမြင်လျှင် နောက်ပါ လေပြင်းမိကျောင်းအုပ်ကြီးသည်လည်း ကျက်သရေကင်းမဲ့စွာ ပြိုင်တူအော်ညည်းလိုက်တော့သည်။ ထိုအခါ ကျန်းရန်ယီတို့လူစုသည် နှလုံးသားများ အေးခဲသွားသည်အထိ ထိတ်လန့်တုန်လှုပ်မိလိုက်ကြသည်။ ထို့နောက်တွင် အဆင့် ၃ မိကျောင်းနတ်ဆိုးကြီးက မသတီစရာပြုံးလိုက်ပြီး ကျန်းရန်ယီတို့အဖွဲ့ကို ပြောလိုက်ပြန်သည်။
“မင်းတို့ကို အခွင့်အရေးတစ်ခုတော့ပေးမယ်။ မင်းတို့ငါ့ကျွန်လုပ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်။ သဘောတူရင် မင်းတို့ရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်ပေးကြ၊ ဒါမှ ငါမင်းတို့ကို ထိန်းချုပ်လို့ရမဲ့ ကန့်သတ်မန္တန်တစ်ခု သုံးလို့ရမှာ၊ မင်းတို့အမြန်စဉ်းစားကြ၊ ငါကမ်းလှမ်းတာကို လက်မခံရင်တော့ အကုန်သေရမယ်”
စကားအဆုံးတွင် အဆင့် ၃ မိကျောင်းကြီးသည် မြေပြင်တစ်ခွင်ကို သိမ့်သိမ့်တုန်သွားစေသော အော်ရာလှိုင်းကြီးတစ်ခုကို ရည်ရွယ်ချက်ရှိရှိနှင့် ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်အော်ရာလှိုင်းကြီးက ငါးကီလိုမီတာ အကျယ်အဝန်းရှိသည့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းတွင် ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့မှာ ထိတ်လန့်သွေးပျက်မိသော်လည်း ဒေါသစိတ်က ထောင်းခနဲထွက်လာသည်။ မိကျောင်းကြီး၏စကားမှာ သူတို့အားလုံးကို အဆုံးစွန်ထိ စော်ကားလိုက်သလိုဖြစ်သည်။
လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့မှာ ရှေးအတီတေကပင် မဟာရန်သူများဖြစ်ခဲ့ကြပြီး မျိုးနွယ်စုနှစ်ခုအကြားရှိ အမုန်းတရားနှင့် ရန်ငြိုးများကို ပယ်ဖျောက်ရန်မှာ မျိုးနွယ်စုနှစ်ခုအနက် တစ်ခုက အပြီးတိုင်ပျောက်ကွယ်သွားမှသာ ဖြစ်နိုင်လိမ့်မည်။ ထိုအခြအနေမျိုးတွင် ကျန်းရန်ယီတို့အနေနှင့် မိမိတို့အသက်ရှင်ရေးအတွက်နှင့် နတ်ဆိုးမိစ္ဆာများအောက်သို့ ကျွန်အဖြစ် ခေါင်းတိုးမဝင်နိုင်ပါ။ သူတို့တစ်ဖွဲ့လုံး အဆင့် ၃ မိကျောင်းမိစ္ဆာ၏ ကျွန်များအဖြစ်သို့ ဆိုက်ရောက်သွားပါက မိကျောင်းကြီးသည် သူတို့ကို လက်နက်သဖွယ် အသုံးချပြီး အခြားသော ဘဝတူလူသားများကို နောက်ကျောဓားနဲ့ထိုးရန် ကြံစည်မည်မှာ သေချာလုနီးပါးရှိသည်။
သို့သော် လက်ရှိအချိန်က ကျန်းမိသားစုအတွက် သေရေးရှင်ရေး အခြေအနေမျိုးဖြစ်နေသည်။ ကျန်းရန်ယီတို၏ ဆုံးဖြတ်ချက်အပေါ်တွင် ကျန်းမိသားစု၏ အနာဂတ်ကံကြမ္မာ တည်မှီနေသည်ဟု ဆိုလျှင်လည်းမမှားပါ။ ထိုအချိန်တွင် သူတို့အဖွဲ့ထဲမှ လူနှစ်ဦးရှေ့ထွက်လာပြီး အဆင့် ၃ မိကျောင်းနတ်ဆိုးကြီး ရှေ့မှောက်တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“ဘိုးဘေး ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့အသက်ကို ချမ်းသာပေးရင် ဘိုးဘေးခိုင်းသမျှ ဘာမဆိုလုပ်ပါ့မယ်”
သူတို့အဖွဲ့ထဲမှ အဖွဲ့သားနှစ်ဦးသည် မိကျောင်းနတ်ဆိုးကြီးထံ မဆိုင်းမတွ ကျွန်ခံရန် ဆုံးဖြတ်လိုက်သည်ကိုမြင်လျှင် သူတို့အားလုံး တုန်လှုပ်သွားကြသည်။
“ကျန်းကျိယွမ်၊ ကျန်းကျိဖန်း မင်းတို့……”
ကျန်းမိသားစုဝင်အားလုံးသည်လည်း ကျန်းရန်ယီတို့နည်းတူ စိတ်ပျက်တုန်လှုပ်သွားကြသည်။ သူတို့တစ်ဖွဲ့လုံးသည် ကျန်းမိသားစု၏ အနာဂတ်မျိုးဆက်များ ဖြစ်သည်ဟု ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့အားလုံး ယုံကြည်ထားခဲ့ကြသည်။ ယခုတော့ ကျန်းမိသားစု၏ အနာဂတ်ကြယ်ပွင့်နှစ်ဦးသည် နတ်ဆိုးသားရဲတစ်ကောင်ထံ အရှက်သိက္ခာကင်းမဲ့စွာ ဦးညွတ်ခစားလိုက်ပြီဖြစ်သည်။ ကျန်းရန်ယီက စိတ်ကိုတည်ငြိမ်ရန် အနိုင်နိုင်ချူပ်ထိန်းလိုက်ပြီးနောက်
“ကျိယွမ်နဲ့ ကျိဖန်း မင်းတို့လုပ်ရပ်ကို မင်းတို့သေချာနားလည်ရဲ့လား”
***