ပြန်လည်ဆုံဆည်းခြင်း
Vol. 9 Ch. 169
“ဘာလဲဟ”
အဆင့် ၃ မိကျောင်းကြီး အငိုက်မိသွားပြီး သူ့မျက်လုံးကိုပင် သူမယုံနိုင်ဖြစ်သွားရသည်။ သူအသုံးပြုလိုက်သော ဓမ္မရတနာကို ခြောက်မျက်နှာစေတီ ဟုခေါ်တွင်ပြီး အလေးလံဆုံး သတ္တုဖြစ်သည့် အမှောင်ကြေးဝါသံ၊ သိပ်သည်းခြင်းတစ်ထောင်ခဲ၊ အလွှာတစ်ထောင်တိမ်သံ နှင့် အခြားရှားပါးရတနာများနှင့် သွန်းလုပ်ထားခြင်းဖြစ်သည်။ မျက်နှာပြင်တွင်လည်း မြေဆွဲအား မှော်သင်္ကေတများ ထုထွင်းထားသေးသည်။ အဆိုပါစေတီရတနာသည် ရန်သူများနှင့် အခြားဓမ္မရတနာများကို မြေဆွဲအားကိုအသုံးချ၍ ဖိနှိပ်ထားနိုင်သည်ဖြစ်ရာ အလွန်အစွမ်းထက်သည့် ကာကွယ်ရေး ဓမ္မရတနာတစ်ပါးဖြစ်သည်။
စေတီ၏မြေဆွဲအားကို ကျန်းချန်ရွှမ်က အလွယ်တကူ ခုခံပြသွားသည်ကို ကြည့်၍ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိကျောင်းကြီး ရိပ်မိလိုက်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် မရင်ဆိုင်လိုတော့ဘဲ အသာဆုတ်ပြေးရန် ကြံစည်လိုက်သည်။ သို့သော် ထိုခဏမှာပင် မိကျောင်းနတ်ဆိုးကြီး၏ ရှေ့မှောက်တစ်နေရာတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဓားအလင်းတန်းတစ်ချက် ပြိုးပြက်သွားသည်။ ထို့နောက်တွင် မိကျောင်းကြီး၏ နဖူးနေရာတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။
အဆင့် ၃ မိကျောင်းကြီးသည် နာကျင်စွာ အော်ဟစ်ရင်းနှင့် မြေပေါ်သို့ လဲကျသွားတော့သည်။ ပေတစ်ရာကျော် မိကျောင်းနတ်ဆိုးကြီး၏ အလေးချိန်ကြောင့် မြေကြီးမှာ သိမ့်သိမ့်တုန်သွားသည်။ တစ်ဆက်တည်းတွင် မိကျောင်းကြီးသည် ဝေဒနာပြင်းထန်စွာဖြင့် မြေပြင်ထက်တွင် လူးလိမ့်အော်ညည်းနေတော့သည်။ အဝေးတစ်နေရာမှ ကြည့်ရှုနေသော ကျန်းရန်ယီတို့လူစုမှာ အဖြစ်အပျက်အလုံးစုံကို မြင်တွေ့လိုက်ခြင်းမရှိ၍ နဝေတိမ်တောင်ဖြစ်နေမိသည်။ သူတို့မြင်လိုက်သည်မှာ မိကျောင်းကြီး၏ စေတီရတနာကို ကျန်းချန်ရွှမ်က ရုပ်ပိုင်းခွန်အားနှင့် ခုခံမြှောက်တင်လိုက်ပြီးနောက် မရှေးမနှောင်းတွင် မိကျောင်းကြီးသည် အခြေအနေမဟန်တော့ဘဲ မြေပြင်ထက်တွင် နာကျင်စွာ လူးလှိမ့်အော်ဟစ်နေခြင်း ပင်ဖြစ်သည်။
သို့သော် ကြာကြာမလူးလှိမ့်လိုက်ရပါ။ အချိန်ခဏအကြာတွင် မိကျောင်းကြီး၏ လှုပ်ရှားမှုအလုံးစုံသည် အပြီးတိုင်ရပ်တန့်သွားတော့သည်။ အဝေးတစ်နေရာမှ ကြည့်ရှုနေသော ကျန်းရန်တောက်တို့သည်လည်း ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရှုနေမိပြီးမှ ရုတ်တရက် အသိဝင်လာပြီး နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်စစ်ဆေးလိုက်သည်။ အဆင့် ၃ လေပြင်းမိကျောင်းနတ်ဆိုးသည် အမှန်တကယ်ပင် ကျန်းချန်ရွှမ်လက်ချက်နှင့် အသက်ပျောက်သွားပြီဖြစ်သည်ကို သိလိုက်ရသောအခါ သူတို့အားလုံး အထူးတုန်လှုပ်သွားကြတော့သည်။
နတ်ဆိုးသားရဲများ၏ အဆင့် ၃ နှင့် လူသားကျင့်ကြံသူတို့၏ ကျီဖုအဆင့်သည် ယေဘူယျအားဖြင့် အဆင့်ချင်းတူညီသည်ဟု သတ်မှတ်နိုင်သည်။ နယ်ပယ်တူ အဆင့်တူချင်းတွင် ပြိုင်ဘက်တစ်ဦးက အဆင့်တူ ရန်သူတစ်ဦးကို နှိမ်နင်းရန်၊ ခုခံရန် မခဲယဉ်းလှပါ။ သို့သော် သတ်ဖြတ်ရန်တော့ မလွယ်ကူပါ။ ယခုလို အခက်အခဲမရှိ သတ်ဖြတ်နိုင်ရန် ပြိုင်ဘက်ထက် အဆင့်အတော်များများ သာလွန်ထားဖို့ လိုအပ်ပါလိမ့်မည်။ ထိုအချက်ကိုကြည့်၍ ကျန်းချန်ရွှမ်၏ စွမ်းအားအဆင့်အတန်းကို သူတို့အားလုံး ရိပ်မိလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူ အဆင့် ၃ မိကျောင်းကြီးမရှိတော့သည့်နောက် ကျန် အဆင့်နိမ့်မိကျောင်းများကို သတ်ဖြတ်ရန်မှာ မခက်ခဲတော့ပါ။ ရှိရင်းစွဲ ကျန်းရန်ယီတို့အဖွဲ့နှင့် ထပ်မံရောက်ရှိလာသော ကျန်းရန်ချွမ်းတို့အဖွဲ့၏ ပူးပေါင်းတိုက်စစ်ဆင်မှုအောက်တွင် လေပြင်းမိကျောင်းများအားလုံး အသက်ပျောက်ကုန်ကြသည်။ တိုက်ပွဲအပြီးတွင် ကျန်းရန်ချွမ်းမှ ဦးဆောင်၍ သူတို့တစ်ဖွဲ့လုံး ကျန်းချန်ရွှမ်ထံ ချဉ်းကပ်လာကြသည်။ ထို့နောက်တွင် ကျန်းရန်ချွမ်းမှပင် အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်ရာ ကျန်းမိသားစုဝင်အားလုံး အံ့အားသင့်စွာနှင့် ကျန်းချန်ရွှမ်ကို ငေးကြည့်နေမိကြသည်။
သူတို့အခြေချရာ လျန်နိုင်ငံပြင်ပတွင် ကျန်းမျိုးနွယ်ဝင် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေမည်ဟု သူတို့အားလုံး မထင်ထားကြပါ။ ကျန်းရန်ယီမှဦးဆောင်ပြီး သူတို့အားလုံး ကျန်းချန်ရွှမ်ကို ဦးညွတ်ဂါရဝပြုလိုက်ကြသည်။
“နှုတ်ဆက်ပါတယ် ဘိုးဘေး”
ကျန်းချန်ရွှမ်က အသာလက်ကာပြလိုက်သည်။
“ခင်ဗျားတို့စိတ်နေစိတ်ထားကို ကျုပ်သိပြီးပါပြီ။ ခေါင်းမော့လို့ရပါပြီ”
သို့သော် ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် ခေါင်းမော့ခြင်းမရှိဘဲ ဆက်လက်ခေါင်းငုံ့လျက်ရှိသည်။ ကျန်းချန်ရွှမ်က သူတို့နှစ်ဦးကို အကဲခတ်လိုက်ပြီး
“ဘာပြဿနာရှိလို့လဲ”
ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျန်းရန်ယီက တွန့်ဆုတ်သည့်လက္ခဏာနှင့် အနည်းငယ်တွေဝေနေပြီးမှ အရဲစွန့်၍ပြောလိုက်သည်။
“ကျုပ်တို့တောင်းဆိုချက်က မခန့်လေးစားပြုလုပ်သလို ဖြစ်သွားရင် ဘိုးဘေးကို တောင်းပန်ပါတယ်။ ကျုပ်တို့တောင်းဆိုချက်အတွက် ကျုပ်တို့နှစ်ဦး တာဝန်ခံပါမယ်။ ဘိုးဘေးခင်ဗျား သွေးစီးဆင်းခြင်းနည်းစနစ်ကို နောက်တစ်ကြိမ် အသုံးပြုပြီးမှ အတည်ပြုလို့ရမလား”
ကျန်းရန်ချွမ်းမှာ အစ်ကိုကြီးဖြစ်သူ၏ စကားကို ကြားသောအခါ ခေါင်းနပန်းကြီးသွားသည်။ အစ်ကိုကြီးဖြစ်သူသည် သူ့လိုပင် ကိုယ်တွေ့မျက်မြင်စစ်ဆေးပြီး သေချာမှ ယုံကြည်တတ်သူဖြစ်မှန်း နားလည်ထားသော်လည်း သူ၏တောင်းဆိုချက်ကြောင့် ကျန်းချန်ရွှမ်စိတ်ခုသွားမည်ကို စိုးရိမ်နေမိသည်။ လျူလင်းလုံနှင့် ကျန်မိသားစုဝင်များသည်လည်း ကျန်းချန်ရွှမ်၏ မျက်နှာထားကို စိုးရိမ်ကြီးစွာ အကဲခတ်နေကြသည်။ ကျန်းချန်ရွှမ်မှာ မျက်နှာထား ပြောင်းလဲခြင်းမရှိဘဲ အသာခေါင်းဆတ်ပြလိုက်သည်။
“လုပ်လေ ရတယ်”
***