ပြန်လည်ဆုံဆည်းခြင်း (၂)
Vol. 9 Ch. 170
ကျန်းချန်ရွှမ်၏ အတည်ပြုစကားကို ကြားပြီးနောက် ကျန်းရန်ယီတို့လူစုသည်လည်း အတိုင်းမသိ ဝမ်းမြောက်သွားကြသည်။ ကျန်မိသားစုဝင်များလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။ ထို့နောက် ကျန်းရန်ယီလည်း ခေါင်းညိတ်လိုက်ပြီး သွေးစီးဆင်းခြင်းနည်းစနစ်ကို စတင်အသုံးပြုလိုက်သည်။ အနီးရှိ ကျန်းမျိုးနွယ်စုဝင်အားလုံး၏ နှလုံးသွေးများမှာ ဆူပွက်လာသည်။ ကျန်းချန်ရွှမ်က လေထဲတွင် မျောလွင့်နေသာ ကျန်းရန်ယီ၏သွေးစက်မှ ဖြာထွက်လာသော သွေးမျှင်တန်းကို လက်ဖြင့်လှမ်းယူဖမ်းဆုပ်လိုက်ချိန်တွင် အားပြင်းသော ပဲ့တင်လှိုင်းတစ်ရပ် ဖြာထွက်သက်ရောက်သွားသည်။
အစောပိုင်းက ကျန်းရန်ချွမ်းစစ်ဆေးခဲ့စဉ်က အတိုင်းပင်ဖြစ်သည်။ ယခုအခါ ကျန်းချန်ရွှမ်သည် ကျန်းမျိုးနွယ်စုဝင်ဖြစ်ကြောင်း ရာနှုန်းပြည့်သေချာသွားပြီဖြစ်ရာ ကျန်းမိသားစုဝင်များ၏ ပျော်ရွှင်မှုမှာ စကားလုံးဖြင့် ဖော်ပြနိုင်စွမ်းပင်မရှိတော့ပါ။ ကျန်းမိသားစုဝင်တစ်ဦးက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။
“ဘိုးဘေးက ကျုပ်တို့ရဲ့ သွေးသားရင်းပဲ”
လက်ရှိအချိန်လို ကျန်းမိသားစုအနေနှင့် နိမ့်ပါးကျဆင်းနေပြီး ရန်သူများလက်မှ သေပြေးရှင်ပြေး ထွက်ပြေးနေရချိန်တွင် ကျီဖုအဆင့် ဘိုးဘေးတစ်ပါး နတ်ရေကန်ထဲမှ ထွက်လာသလို ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ ကံကောင်းသည်ထက်ပင် သာလွန်ကြောင်း သူတို့နားလည်မိသည်။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးတွင် မျောလွင့်နေရာမှ မီးပြတိုက်ကြီးကို လှမ်းမြင်လိုက်ရသည့် ခံစားချက်အလားပင်ဖြစ်သည်။
“ကျုပ်တို့တောင်းပန်ပါတယ် ဘိုးဘေး၊ ကျုပ်တို့ရဲ့ အတင့်ရဲစော်ကားတဲ့ တောင်းဆိုချက်အတွက် အပြစ်ပေးပါ”
ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး မြေကြီးကို ခေါင်းဖြင့်ဆောင့်၍ ဦးညွတ်လိုက်ရာ နဖူးမှ သွေးများပင် ထွက်လာကြသည်။ ထိုအဖြစ်ကြောင့် ပျော်မြူးနေကြသော ကျန်းမိသားစုဝင်များမှာ မီးကိုရေဖြင့်ငြိမ်းလိုက်သည့်အလား တိတ်ဆိတ်သွားတော့သည်။ အမှန်တွင်လည်း ကျန်းရန်ယီတို့၏ တောင်းဆိုချက်မှာ စော်ကားသည်ဟု ယူဆလိုက ယူဆဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်အနေနှင့် ထိုနှစ်ဦးကို အပြစ်ပေးမည်ဆိုပါကလည်း သူတို့အားလုံး ကန့်ကွက်ကြမည်မဟုတ်ပါ။
သို့သော် ကျန်းချန်ရွှမ်ကမူ ကျန်းရန်ယီတို့ကို အပြစ်ဖွဲ့လိုဟန်မတူပါ။ အပြစ်မယူသည့်အပြင် သူတို့နှစ်ဦး၏ ရဲစွမ်းသတ္တိနှင့် ခံယူချက်ကိုပင် လေးစားကြည်ညိုမိပါသေးသည်။ သူတို့အသက်ကို ကယ်ဆယ်ခဲ့သော ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် အလွယ်တကူ ဦးမညွတ်ဘဲ ကျန်းမျိုးနွယ်စုဝင်ဖြစ်ကြောင်း သေချာမှ သူတို့၏ဘိုးဘေးအဖြစ် လက်ခံခြင်းမှာ ရှာမှရှားသည့် စိတ်နေစိတ်ထားဟု သတ်မှတ်နိုင်ပါလိမ့်မည်။ ကျန်းချန်ရွှမ်က လက်ကို အသာအယာ မြှောက်လိုက်ရာ ညင်သာသော ဓမ္မစွမ်းအင်တစ်ရပ်က ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့ကို ဖေးမကူညီလိုက်ပြီး မတ်တတ်ပြန်ရပ်စေလိုက်သည်။
“မလိုပါဘူးဗျာ ကျုပ်စိတ်မကွက်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့”
တစ်နည်းအားဖြင့် ကျန်းချန်ရွှမ်သည် သူတို့မိသားစုကို အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျန်းရန်ချွမ်းတို့သားအဖနှင့် လျူလင်းလုံတို့ အပါအဝင် ကျန်းမိသားစုဝင်အားလုံး ကြည်နူးနှစ်သိမ့်မိသွားကြသည်။ ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့သည်လည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ သူတို့လုပ်ရပ်ကြောင့် ကျန်းချန်ရွှမ် စိတ်ခုသွားပါက ဖြစ်လာမည့် အကျိုးဆက်အားလုံးကို သူတို့နှစ်ဦး တာဝန်ခံရမည်ဖြစ်သည်လေ။
တစ်ချိန်တည်းတွင် ဘိုးဘေးဖြစ်သူသည် သူတို့ထင်ထားသည်ထက် သဘောထားကြီးမြတ်သူ ဖြစ်နေသည်ကို သိလိုက်ရသည်။ သူတို့၏လုပ်ရပ်ကို အပြစ်အဆိုသည့်အပြင် ချီးကျူးစကားပင် ဆိုးလိုက်သေးသည်။ ကျန်းချန်ရွှမ်၏ လုပ်ရပ်မှာ ကျန်းမိသားစုဝင်အားလုံး၏ နှလုံးသားများကို သိမ်းကြုံးရယူနိုင်လိုက်သည့်အပြင် သူတို့အားလုံးအနေနှင့် ကျန်းချန်ရွှမ်အပေါ် လေးစားကြည်ညိုမိသွားတော့သည်။ ကျန်းမိသားစုဝင်အားလုံးသည် မတိုင်ပင်ဘဲ ပြိုင်တူဒူးထောက်ချလိုက်ပြီး တစ်သားတည်းတောင်းဆိုလိုက်ကြတော့သည်။
“ဘိုးဘေးအနေနဲ့ ကျုပ်တို့မျိုးနွယ်စုကို ပြန်လာပေးပါလို့ ကျုပ်တို့ကျန်းမိသားစုဝင်အားလုံး တောင်းဆိုပါတယ်”
“ဘိုးဘေးအနေနဲ့ ကျုပ်တို့မျိုးနွယ်စုကို ပြန်လာပေးပါလို့ ကျုပ်တို့ကျန်းမိသားစုဝင်အားလုံး တောင်းဆိုပါတယ်”
“ဘိုးဘေးအနေနဲ့ ကျုပ်တို့မျိုးနွယ်စုကို ပြန်လာပေးပါလို့ ကျုပ်တို့ကျန်းမိသားစုဝင်အားလုံး တောင်းဆိုပါတယ်”
ကျန်းမိသားစုဝင်အားလုံး၏ သုံးကြိမ်သုံးခါ ပြိုင်တူတောင်းဆိုလိုက်သံက ချီလေတောအုပ်၏ ကောင်းကင်ယံအထိတိုင် ပျံ့လွင်သွားသည်။ ထိုအခါ ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို လှည့်ကြည့်မိလိုက်သည်။ ရှန်းရူယန်က ပြုံးလိုက်ပြီး
“ယောက်ျား ရှင်ပဲဆုံးဖြတ်ပါ။ ရှင့်ဆုံးဖြတ်ချက်ကို ကျွန်မလိုက်နာပါ့မယ်”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။ မိသားစုတစ်ခုကို အုပ်ချုပ်ရခြင်းသည် သူနှင့် ရှန်းရူယန်တို့အတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများလိမ့်မည်ဟု သူယူဆမိသည်။ ကျန်းမိသားစုလို အင်အားတောင့်တင်းသည့် မိသားစုကို ပိုင်ဆိုင်ခြင်းဖြင့် သူတို့လိုအပ်သည့် ရင်းမြစ်၊ ရတနာများကို အလွယ်ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျန်းမိသားစုသည်လည်း သူတို့ကို အကာအကွယ်ပေးပြီး လျန်နိုင်ငံတွင် ပြန်လည်ခြေကုပ်ယူရေးတွင် အကူအညီပေးနိုင်မည့် ဘိုးဘေးတစ်ပါး လိုအပ်နေသည်လေ။
***