ပြန်လည်ဆုံဆည်းခြင်း (၃)
Vol. 9 Ch. 171
သည်ဆုံးဖြတ်ချက်သည် နှစ်ဦးနှစ်ဖက် အကျိုးရှိသည်ဟု ဆိုရမည်။ ကျန်းချန်ရွှမ် သဘောတူပြီးနောက်တွင် ကျန်းရန်ယီက ကျောက်စိမ်းပြားအချို့ကို ကမ်းပေးလိုက်သည်။
“ဘိုးဘေးခင်ဗျား ကျုပ်တို့ကျန်းမိသားစု လက်ရှိပိုင်ဆိုင်ထားတဲ့ ကျင့်ကြံရေးနည်းစနစ်၊ နတ်ဘုရားစွမ်းအားတွေ၊ အဂ္ဂိရတ်နည်းနာတွေနဲ့ လက်နက်သန့်စင်ခြင်း နည်းစနစ်တွေပါ။ ပြီးတော့ လျန်နိုင်ငံမှာရှိတဲ့ ကျန်းမိသားစုပိုင် လုပ်ငန်းတွေနဲ့ ရင်းမြစ်တွေရဲ့ အမည်စာရင်းလည်း ပါဝင်ပါတယ်”
တစ်နည်းအားဖြင့် ကျန်းမိသားစု၏ အုတ်မြစ်တစ်ခုလုံးကို ကျန်းချန်ရွှမ်လက်ထံ အပ်နှံလိုက်ခြင်းဖြစ်သည်။ ယခုအခါ ကျန်းချန်ရွှမ်သည် သူတို့၏ဘိုးဘေးအသစ် ဖြစ်လာသောကြောင့် ကျန်းရန်ယီတို့အနေနှင့် ရိုးသားမှုကို အစွမ်းကုန်ပြသရန် လိုအပ်နေပါသည်။ ကျန်းချန်ရွှမ်သည်လည်း သူတို့၏ ဖြူစင်ရိုးသားမှုကို အသိအမှတ်ပြုလျက် ကျောက်စိမ်းပြားများကို လှန်လှောဖတ်ရှုလိုက်သည်။ ကျန်းမိသားစုသည် အတိတ်က ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးကိုပင် မွေးထုတ်ပေးနိုင်ခဲ့သည့် မိသားစုကြီးဟူသည့် ဂုဏ်ပုဒ်နှင့်ညီစွာပင် ပိုင်ဆိုင်ထားသော ရင်းမြစ်များမှာ သာမန်ကျီဖုအဆင့် မိသားစုများ စိတ်ကူးပင်မယဉ်နိုင်သည့် အနေအထားဖြစ်သည်။
နောက်ပိုင်းကာလများတွင် ကျန်းမိသားစုသည် အင်အားကျဆင်းလာပြီး ကျင့်ကြံခြင်းလောကတွင် အနေအထားဆုတ်ယုတ်သွားသော်လည်း အမာခံနည်းစနစ်များနှင့် ရင်းမြစ်အချို့မှာ အကောင်းပကတိအတိုင်း ကျန်ရစ်နေပါသေးသည်။ ဥပမာ အဆင့် ၃ ကျင့်ကြံရေးနည်းစနစ်များ၊ အစီအရင်အကွက် ဖော်ဆောင်နည်းများ၊ အဂ္ဂိရတ်ပညာရပ်များ စသဖြင့် များစွာသော နည်းစနစ်များသည် နဂိုအတိုင်း ကျန်ရှိနေသေးသည်။
ကံကောင်းသည်က ကျန်းမိသားစုတွင် အဆင့် ၄ ရင်းမြစ်များ မကျန်ရှိတော့ခြင်းဖြစ်သည်။ အဆိုပါရင်းမြစ်များကို ဆက်လက်ပိုင်ဆိုင်ထားပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို မလွဲမသွေခံရမည်ဖြစ်သည်။ ယွင်နိုင်ငံနှင့် လျန်နိုင်ငံ ကျင့်ကြံရေးလောကများတွင် အဆင့် ၄ ရင်းမြစ်များသည် လူတိုင်းအလိုရှိသည့် ရှားပါးရင်းမြစ်များဟု သတ်မှတ်နိုင်ပါလိမ့်မည်။ ကျန်းချန်ရွှမ်သည် ကျောက်စိမ်းပြားများကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းရန်ယီတို့လူစုကို ပြုံးပြလိုက်ပြီး သူ့နံဘေးရှိ ရှန်းရူယန်ကို လက်ညိုးညွှန်လိုက်သည်။
“သူက ကျုပ်ရဲ့ တာအိုကျင့်ကြံဖော်ပဲ၊ ရှန်းရူယန်တဲ့၊ ယွင်နိုင်ငံက ရှန်းမျိုးနွယ်စုကပါ။ ကျုပ်လိုပဲ ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးပဲ”
ကျန်းမိသားစုဝင်များသည် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်အတန်းကို အနည်းနှင့်အများ ခန့်မှန်းမိပြီးဖြစ်သော်လည်း ကျန်းချန်ရွှမ်ကိုယ်တိုင် အတည်ပြုလိုက်သည့်အခါတွင် ကျေနပ်ပျော်ရွှင်သွားကြသည်။ သူတို့ကျန်းမိသားစုတွင် ကျီဖုအဆင့် ဘိုးဘေးနှစ်ဦးအထိ ရှိလာတော့မည့် သဘောဖြစ်သည်လေ။ ထို့ကြောင့် ကျန်းရန်ယီမှ ဦးဆောင်ပြီး ကျန်းမျိုးနွယ်စုဝင်အားလုံး ရှန်းရူယန်ကို ဂါရဝပြုလိုက်ကြသည်။
“ကြိုဆိုပါတယ် ဘိုးဘေး”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ရှင်တို့နဲ့ ကျွန်မတို့က မျိုးဆက်သိပ်မကွာဘူးဆိုတော့ ဒီကစပြီး ရာထူးအရပဲ ပြောဆိုသုံးနှုန်းကြရင် မကောင်းဘူးလား”
ရှန်းရူယန်က ကျန်းချန်ရွှမ်၏ သဘောထားကို တောင်းခံလိုက်သည်။ ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး
“သဘောတူတယ်။ ဒီနေ့ကစပြီး ရန်ယီ၊ ရန်တောက်နဲ့ ရန်ချွမ်းတို့က ကျုပ်ကို ဦးလေးလို့ပဲခေါ်ပါ၊ အကြီးအကဲလျူက ကျုပ်နဲ့ ဝါစဉ်အတူတူပဲဆိုတော့ ကျုပ်တို့ကို အဓိပတိအကြီးအကဲလို့ ခေါ်ရင်ရပါပြီ”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ကျန်းရန်ယီတို့လူစုမှာ အနည်းငယ်တွေဝေသွားကြသည်။ ကျန်းချန်ရွှမ်၏ အမိန့်သည် ဘိုးဘေးဖြစ်သူ၏ ဂုဏ်ပုဒ်ကို အရိုအသေတန်သလို ဖြစ်နေလိမ့်မည်ဟု ယူဆဟန်တူသည်။ သို့သော် သူတို့တစ်စုံတစ်ရာ မကန့်ကွက်နိုင်ခင်မှာပင် ကျန်းချန်ရွှမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ပြင်ပက ကျုပ်တို့မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလား၊ သူတို့အခြေအနေဘယ်လိုရှိလဲ”
ထိုအခါ ကျန်းရန်ယီတို့အဖွဲ့သားများမှာ မျက်နှာညိုးသွားကြသည်။ ကျန်းရန်ချွမ်းက ခေါင်းခါလိုက်ပြီး
“ကျုပ်ဆက်သွယ်ကြည့်ပြီးပြီ။ သူတို့နဲ့ အဆက်အသွယ်မရသေးဘူး”
***