အသက်ရှင်ကျန်ရစ်သူများ
Vol. 9 Ch. 172
ဆိုလိုသည်မှာ သူတို့အဖွဲ့မှတစ်ပါး အခြားသော ထွက်ပြေးတိမ်းရှောင်လာသူများသည် ကံကြမ္မာဆိုးတစ်ခုနှင့် ရင်ဆိုင်လိုက်ရဟန်တူသည်။ ကျီဖုအဆင့်ဂိုဏ်းတစ်ခု၏ ပစ်မှတ်ထားခြင်းခံရလျှင် လွယ်လွယ်နှင့် ထွက်ပြေးလွတ်မြောက်နိုင်ရန် မဖြစ်နိုင်လှ။ သူတို့ကိုယ်တိုင်ပင်လျှင် ကျန်းချန်ရွှမ်နှင့် မတွေ့လျှင် အရိုးဆွေးနေလောက်ပြီ ဖြစ်သည်လေ။
“မူလအပြန်ဂိုဏ်းအကြောင်း ပြောပြစမ်းပါ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် ကျန်းမိသားစုကို တာဝန်ယူထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ရန်သူများအကြောင်းကို အနည်းနှင့်အများ သိရှိထားရန် လိုအပ်ပါလိမ့်မည်။
ကျန်းရန်ယီတို့၏ ပြောပြချက်အရ မူလအပြန်ဂိုဏ်းသည် သူထင်ထားသလောက် အင်အားကြီးမားသည့် အဖွဲ့အစည်းမဟုတ်ဘဲ ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးက နောက်ကွယ်မှ ထိန်းချုပ်လည်ပတ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်သည်။ ပထမတစ်ယောက်မှာ ကျောင်းမင်ဖန်းဆိုသူဖြစ်ပြီး ကျီဖုနယ်ပယ်သို့ ရောက်ရှိသည်မှာ မကြာလှသေးပါ။ နောက်တစ်ဦးမှာ ရှီယီဖေးဆိုသူဖြစ်ကာ ထိုသူသည် မူလအပြန်ဂိုဏ်း၏ ဘိုးဘေးအစစ်ဖြစ်ပြီး ကျီဖုနယ်ပယ် တတိယအဆင့်ရှိ ဝါရင့်ကျင့်ကြံသူဖြစ်သည်။
သူတို့နှစ်ဦးအောက်တွင် အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူ ၁၃ ဦးရှိပြီး ထိုလူများအနက် ပထမအကြီးအကဲ ကျန်ချင်းဖုန်း၊ ဒုတိယအကြီးအကဲ ပိုင်ရွှမ်းဟုန်နှင့် တတိယအကြီးအကဲ လန်ချန်းဟယ်တို့သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများဖြစ်သည်။ လန်ချန်းဟယ်မှာ ကျန်းချန်ရွှမ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ ပထမနှင့် ဒုတိယအကြီးအကဲနှစ်ဦးသာ ကျန်ရစ်တော့သည်။
မူလအပြန်ဂိုဏ်းနှင့် ကျန်းမိသားစုတို့ အခြေစိုက်ရာ ချိအန်းစီရင်စုတွင် နောက်ထပ် ကျီဖုအဆင့် မိသားစုတစ်ခုဖြစ်သည့် ယို့မိသားစုရှိသေးပြီး မူလအပြန်ဂိုဏ်းနှင့် ဆက်ဆံရေး အထူးကောင်းမွန်သည်ဟု ဆိုရမည်။ မူလအပြန်ဂိုဏ်း၏ ဘိုးဘေးအသစ် ကျောင်းမင်ဖန်း၏ တာအိုကျင့်ကြံဖော်သည် ယို့မိသားစု၏ ဒုတိယအကြီးအကဲဖြစ်သည့် ရွှီဝေ့အာ ဆိုသူဖြစ်သည်။ အဖွဲ့အစည်းနှစ်ခုအကြားတွင် ဆက်ဆံရေးကောင်းများ ရှိသည့်အပြင် အတိတ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ဖူးသည်။
သို့သော် သည်အရေးတွင်တော့ ယို့မိသားစု ပါဝင်ပတ်သက်ခြင်း ရှိမနေဖို့များသည်။ ပထမတစ်ချက်မှာ ယို့မိသားစု၏ ကျီဖုအဆင့် ဘိုးဘေး၏သက်တမ်းသည် ကုန်ဆုံးလုနီးနီး ဖြစ်နေသည့်အတွက် ကျီဖုအဆင့် အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခတွင် ပါဝင်ပတ်သက်နိုင်ရန် ဖြစ်နိုင်ချေနည်းသည်။ ဒုတိယတစ်ချက်မှာ မူလအပြန်ဂိုဏ်း၏ လောဘကြီးသည့် စရိုက်လက္ခဏာဖြစ်သည်။ သူတို့အနေနှင့် ကျန်းမိသားစုထံမှ သိမ်းပိုက်ရရှိလာမည့် ရင်းမြစ်များကို ယို့မိသားစုနှင့်အတူ ခွဲဝေရမည့်အဖြစ်မျိုးကို ဘယ်နည်းနှင့်မှ လိုလားမည်မဟုတ်ပါ။
ကျန်းချန်ရွှမ်သည် ကျန်းမိသားစုဝင်များ၏ တင်ပြချက်များကို နားထောင်ပြီးနောက် အကြံတစ်ခုရလိုက်သည်။
“ဒီလိုဆိုရင် ကျုပ်တို့နှစ်ယောက် ချိအန်းစီရင်စုကို ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်။ ရောက်တာနဲ့ သူတို့အငိုက်ကိုဖမ်းပြီး တိုက်စစ်ဆင်ရမယ်။ ကျီဖုအဆင့် ဘိုးဘေးနှစ်ယောက်ကို မျှားထုတ်နိုင်ရင်တော့ ပိုအဆင်ပြေလိမ့်မယ်”
ကျန်းချန်ရွှမ်တို့အနေနှင့် မူလအပြန်ဂိုဏ်း၏ ဘိုးဘေးနှစ်ယောက်ကို အလွယ်ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် ထိုနှစ်ဦးကို မူလအပြန်ဂိုဏ်း၏ ဌာနချုပ်မှ မျှားထုတ်ရန် လိုအပ်ဦးမည်ဖြစ်သည်။ ကျီဖုအဆင့် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ ဌာနချုပ်ကို တောင်ကာအစီအရင်ဖောက်သည့် ပုတီးစေ့မရှိဘဲ ချိုးဖျက်ဝင်ရောက်ရန် မလွယ်ပါ။ ဖောက်နိုင်သည်ဆိုထားဦးတော့ သူတို့ကျန်းမိသားစု ပေးဆပ်ရမည့်တန်ဖိုးသည်လည်း နည်းမည်မဟုတ်ပါ။
နယ်ပယ်တူ၊ အဆင့်တူကျင့်ကြံသူများ အချင်းချင်းတွင် တစ်ဦး၏ဌာနချုပ်ကို တစ်ဦးက သွားရောက်တိုက်ခိုက်ဝံ့သည့် အဖြစ်မျိုးမှာ ရှားပါးလှသည်။ ကျန်းမျိုးနွယ်စုဝင်များသည် ကျန်းချန်ရွှမ်၏ အစီအစဉ်ကို ကြားသိသောအခါ စိတ်လှုပ်ရှားသွားကြသည်။ သည်တစ်ခေါက် စစ်ဆင်ရေးအောင်မြင်ခဲ့ပြီး မူလအပြန်ဂိုဏ်းကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါက ထိုဂိုဏ်းလက်ချက်ဖြင့် တိမ်းပါးခဲ့ရသော ကျန်းမိသားစုဝင်များအတွက် လက်စားချေနိုင်မည်ဖြစ်သလို မူလအပြန်ဂိုဏ်းသိမ်းယူထားသော ဘိုးဘွားနယ်မြေများကိုလည်း ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကျန်းမိသားစုဝင်များအတွက် အရေးပါဆုံးသောအရာမှာ အဆိုပါနယ်မြေများကို ပြန်လည်ရရှိရေးပင်ဖြစ်သည်။ မကြာမီ ကျန်းချန်ရွှမ်မှ ဦးဆောင်ပြီး သူတို့အားလုံး ချိအန်းစီရင်စုသို့ ဦးတည်ချီတက်လိုက်ကြသည်။ လမ်းခရီးတွင် ကျန်းရန်ချွမ်းက အဆက်အသွယ်ပြတ်နေသော ကျန်းမိသားစုဝင်အဖွဲ့များကို မကြာခဏဆိုသလို ဆက်သွယ်ရှာဖွေကြည့်သေးသော်လည်း အကြောင်းမထူးပါ။
……
လအနည်းငယ်ကြာပြီးနောက် လျန်နိင်ငံ၊ ချိအန်းစီရင်စုရှိ ကျန်းမိသားစု၏ ဘိုးဘွားနယ်မြေတွင်ဖြစ်သည်။ ကျန်းမိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်ကြပြီးနောက် အဆိုပါနယ်မြေကို မူလအပြန်ဂိုဏ်းမှ တရားဝင်သိမ်းယူလိုက်သည်။
နယ်မြေတစ်ခုလုံးတွင် မူလအပြန်ဂိုဏ်း၏ တူညီဝတ်စုံများ ဝတ်ဆင်ထားသည့် ဂိုဏ်းသားများနှင့် ပြည့်နှက်လျက်ရှိသည်။ ဝိညာဉ်ချီဓာတ်များ စုဝေးသိပ်သည်းနေသည့် တောင်ထွတ်တစ်နေရာတွင်ဖြစ်သည်။ ကျီဖုအဆင့်သို့ တက်လှမ်းနိုင်သည်မှာ မကြာသေးသော ကျောင်းမင်ဖန်းသည် မူလအပြန်ဂိုဏ်း၏ ပထမအကြီးအကဲဖြစ်သူ ကျန်ချင်းဖုန်းကို ကြည့်လျက် တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။
“ကျန်နေသေးတဲ့ ကျန်းမိသားစုဝင်တွေရဲ့ တည်နေရာကို ရှာတွေ့ပြီလား”
အသက်၆၀ ကျော်နေပြီဖြစ်သည့် ကျန်ချင်းဖုန်းက ကျောင်းမင်ဖန်း၏ အမေးကို ရိုသေလေးစားဟန်နှင့် တုံ့ပြန်လိုက်သည်။
“အခုထိတော့ တစ်စုံတစ်ရာ မကြားရသေးပါဘူး၊ ဒုတိယ အဓိပတိအကြီးအကဲ။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ယွင်နိုင်ငံနဲ့ ယန်နိုင်ငံကို နောက်ထပ်လူတွေ စေလွှတ်ထားတာကြောင့် မကြာခင် သတင်းကောင်းကြားရပါလိမ့်မယ်”
ကျောင်းမင်ဖန်းက အသာခေါင်းညိတ်လိုက်ပြီး
“အကြီးအကဲလန်ကို သတ်သွားတဲ့ တရားခံကိုရော ရှာတွေ့ပြီလား။ ကျုပ်သိသလောက်ကတော့ ဒီလူက ယွင်နိုင်ငံကို သွားခဲ့တာမလား”
***