အသက်ရှင်ကျန်ရစ်သူများ (၂)
Vol. 9 Ch. 173
“ဒါကတော့…”
ကျန်ချင်းဖုန်းတစ်ယောက် အတွေးရခက်နေသည့် လက္ခဏာဖြင့် အကျပ်ရိုက်သွားသည်။ လတ်တလောတွင် ကျောင်းမင်ဖန်း၏အမေးကို သူ့အနေနှင့် ဖြေနိုင်စွမ်းမရှိသေးပေ။ လန်ချန်းဟယ်၏ သေဆုံးပုံမှာ ပုံမှန်မဟုတ်ဘဲ ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းခံလိုက်ရသည်ဖြစ်ရာ သူကိုယ်တိုင်လည်း မစဉ်းစားတတ်အောင်ပင် ဖြစ်နေတော့သည်။ လန်ချန်းဟယ်သည် ဂိုဏ်းအကြီးအကဲများအနက် အဆင့်အတန်း မြင့်မားသူဖြစ်ပြီး သူကိုယ်တိုင်ပင် လန်ချန်းဟယ်ကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု မယုံကြည်ပါ။
ထိုကဲ့သို့လူစားမျိုးကို အလွယ်သတ်ဖြတ်ပြီး ဝိညာဉ်ကိုပါ မီးရှို့သွားသူသည် မည်သူဖြစ်သနည်း။ ကျင့်ကြံမှုအဆင့်အတန်း မည်မျှရှိမည်နည်း။ လန်ချန်းဟယ်သည် ယွင်နိုင်ငံမှ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ပက်ပင်းတိုးမိပြီး အသုတ်သင်ခံရခြင်းများလား။ ထိုအချက်သည်လည်း ယုတ္တိမတန်ဟု ကျန်ချင်းဖုန်းမြင်မိသည်။ ယွင်နိုင်ငံမှ ကျင့်ကြံသူများသည် အကြောင်းရင်းမရှိဘဲ လျန်နိုင်ငံအခြေစိုက် ဂိုဏ်းတစ်ခု၏ အဖွဲ့သားများကို သတ်ဖြတ်ပစ်မည်ဟု သူမထင်ပါ။ ကျန်ချင်းဖုန်းတစ်ယောက် ကျောင်းမင်ဖန်း၏ အမေးကို မဖြေနိုင်ခင်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုကို သူတို့အားလုံး ကြားလိုက်ရသည်။
နယ်မြေတစ်ခုလုံးကို ကာရံထားသော အဆင့် ၂ ကာကွယ်ရေး အစီအရင်ခံတပ်များသည် အမြစ်မှကိုင်လှုပ်သလို တုန်ခါသွားသည်။ တစ်ဆက်တည်းတွင် ခံတပ်များမှ ထုတ်လွှတ်လိုက်သော အလင်းတံတိုင်းများသည်လည်း ဆက်တိုက်ဆိုသလို ပြိုလဲကုန်ကြသည်။ ခဏအကြာတွင် အဆင့် ၂ အစီအရင်ခံတပ်မှ ထုတ်လွှတ်လိုက်သော ပင်မအကာအကွယ်ဖြစ်သည့် အလင်းတံတိုင်းကြီး၏ မျက်နှာပြင်တွင် အက်ကြောင်းများထလာတော့သည်။ ခံတပ်အတွင်းရှိ မူလအပြန်ဂိုဏ်းသားများသည် အဆိုပါမြင်ကွင်းကို အံ့အားသင့်လျက် ငေးမောကြည့်ရှုနေမိကြသည်။
ထို့နောက်တွင် ပို၍ပင်ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုကို ထပ်မံကြားလိုက်ရပြီး အဆင့် ၂ အစီအရင်ခံတပ်သည် တစ်စစီပြိုကွဲပျက်စီးသွားတော့သည်။ အစီအရင်ခံတပ်ကို ထိန်းချုပ်စီရင်နေသည့် မူလအပြန်ဂိုဏ်းသားများသည် သွေးများအန်ကာ လဲကျသေဆုံးကုန်ကြသည်။ အခြေအနေမဟန်မှန်း သိလိုက်သည့် ကျောင်းမင်ဖန်းတို့သည်လည်း တောင်၏တံခါးဝသို့ ဦးတည်ပျံသန်းလိုက်သည်။ နယ်မြေကို စောင့်ကြပ်သည့် ဂိတ်တံခါးများနှင့် အစီအရင်ခံတပ်များအားလုံး ပြိုပျက်နေသည်ကိုမြင်လျှင် နှစ်ဦးစလုံး၏ မျက်နှာများ ဖြူဆုတ်သွားတော့သည်။
ထိုအချိန်တွင် ကျောင်းမင်ဖန်းသည် ရှေ့သို့မျှော်ကြည့်လိုက်ရာ လူတစ်စုကိုတွေ့လိုက်ရသည်။ အဆိုပါလူစုကို ဦးဆောင်လာသူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ သူတို့နောက်တွင် ကျန်းမိသားစုဝင် အမြောက်အများကို တွေ့လိုက်ရသည်။ ရှီယီဖေးဦးဆောင်သော မူလအပြန်ဂိုဏ်းသားများသည် ကျန်းမိသားစုဝင်များကို မြင်လိုက်ရသောအခါ သရဲတစ္ဆေတွေ့လိုက်သည့်ပမာ မျက်လုံးပြူးသွားကြသည်။ မူလအပြန်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သူ ကျန်ချင်းဖုန်းက ရှေ့သို့ထွက်လာပြီး အေးစက်စက်လေသံဖြင့်
မင်းတို့လက်ချက်ကိုးကွ။ မင်းတို့ကောင်တွေက ခွေးပြေးဝက်ပြေးထွက်ပြေးပြီးမှ ငါတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲသေးတယ်”
“ခွေးသားကြီး”
ကျန်းမိသားစုဝင်အားလုံး သူ့စကားကြောင့် ဒေါပွသွားကြသည်။ ထိုစဉ် ကျန်းရန်တောက်က ရှေ့ထွက်လာပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား
“စီနီယာဦးလေးနဲ့ အဒေါ် ဒီကောင်ကြီးကို ကျုပ်ပဲဆုံးမလိုက်ပါ့မယ်။ ကျုပ်လက်နဲ့ ဒီကောင်ကြီးကို ခေါင်းဖြတ်ချင်ပါတယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျန်းရန်တောက်ကို အကဲခတ်လိုက်ပြီးမှ ခေါင်းညိတ်ခွင့်ပြုလိုက်သည်။ အမှန်တွင်လည်း ကျန်းရန်တောက်သည် လက်ရှိကျန်းမျိုးနွယ်စုဝင်များအနက် ကျင့်ကြံမှုအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ ကျန်ချင်းဖုန်းကဲ့သို့ပင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်ပြီး ကျီဖုအဆင့်ကို တက်လှမ်းရန် အလားအလာ အကောင်းဆုံးလည်းဖြစ်သည်။ သို့သော် ကျန်းရန်တောက်သည် ကျင့်ကြံမှုအဆင့်တက်ရန် ရည်မှန်းချက်မထားဘဲ ဂိုဏ်းတပည့်များကို လမ်းညွှန်လေ့ကျင့်ပေးသည့် အလုပ်တွင်သာ ပျော်မွေ့နေသူဖြစ်သည်။
ကျန်းချန်ရွှမ်၏ ခွင့်ပြုချက်ရသည်နှင့် ကျန်းရန်တောက်သည် အချိန်မဆိုင်းတော့ဘဲ အဆင့် ၂ ဓမ္မလက်နက်တစ်ခုဖြစ်သည့် ဓားရှည်တစ်စင်းကို ဆင့်ခေါ်လိုက်ကာ ကျန်ချင်းဖုန်းကို စတင်တိုက်ခိုက်လိုက်တော့သည်။ ထိုအခါ မူလအပြန်ဂိုဏ်း၏ ဒုတိယဘိုးဘေးဖြစ်သူ ကျောင်းမင်ဖန်း၏ မျက်လုံးတွင် သွေးဆာသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
“မင်းကများ အတင့်ရဲလိုက်တာ”
သို့သော် ကျောင်းမင်ဖန်း တစ်စုံတစ်ရာ မလှုပ်ရှားရသေးခင်မှာပင် သူ၏တစ်ဖက်တစ်ချက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အသင့်ဝိုင်းရံပြီးဖြစ်သည်။
“ဘာလဲဟ”
ကျောင်းမင်ဖန်းအနေနှင့် အဆိုပါလူစိမ်းနှစ်ဦး သူ့အနီးတွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း သတိမပြုမိလိုက်သလို မည်သို့မည်ပုံ ရောက်ရှိလာသည်ကိုလည်း သိရှိလိုက်ခြင်းမရှိပါ။ ထိုလူနှစ်ဦးကို တစ်ခါမှမြင်တွေ့ဖူးခြင်း မရှိသည့်အတွက်လည်း အံ့အားသင့်နေမိသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်က ရှန်းရူယန်ကို အချက်ပြလိုက်သည်။
“ရူယန် မြန်မြန်ပွဲဖြတ်လိုက်ရအောင်”
“ဟုတ်”
ရှန်းရူယန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် နှစ်ဦးသား ပူးပေါင်း၍ ကျောင်းမင်ဖန်းကို တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။ ကျန်းမင်ဖန်းမှာ ကျီဖုအဆင့်ကို ရောက်ရှိသည်မှာ မကြာသေးသောကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်းမရှိပါ။ ခဏချင်းတွင် ဒဏ်ရာအကြီးအကျယ် ရရှိပြီး မြေပေါ်လဲကျသွားတော့သည်။ သူ့မျက်နှာတွင် ကြောက်ရွံခြင်း၊ နားမလည်နိုင်ခြင်း၊ တုန်လှုပ်ခြင်းတို့ ရောထွေးစုပေါင်းနေတော့သည်။
“မင်းတို့က ဘယ်သူတွေလဲ”
ထိုအချိန်တွင် ကျန်းရန်တောက်နှင့် ကျန်ချင်းဖုန်းတို့၏ တိုက်ပွဲမှ အစပျိုးရုံသာရှိသေးသည်။ မူလအပြန်ဂိုဏ်းသားများသည်လည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။ သူတို့ဘိုးဘေးသည် အမည်မသိလူစိမ်းနှစ်ဦး၏ လက်ချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။ ထိုလူစိမ်းနှစ်ဦး၏ ကျင့်ကြံမှုအဆင့်အတန်းမှာ အလွန်မြင့်မားမည်ဖြစ်ကြောင်းကို သူတို့အားလုံး ရိပ်စားမိလိုက်ကြသည်။ ကျန်ချင်းဖုန်းသည်လည်း ကျန်းချန်ရွှမ်တို့ကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။ ကျန်းမိသားစု မျိုးတုံးလုနီးနီးတွင် ထိုစုံတွဲ ရုတ်တရက်ပေါ်လာပြီး ကျန်းမျိုးနွယ်စုဝင်များကို ကယ်တင်လိုက်သည့်အဖြစ်ကို နားမလည်ဖြစ်နေသည်။
ချွင်!
ကျန်းချန်ရွှမ်တို့ဖက်ကို အာရုံရောက်သွား၍ သတိပျံ့လွင့်သွားသော ကျန်ချင်းဖုန်းသည် ဝမ်းဗိုက်တွင် ကျန်းရန်တောက်၏ ဓားချက်မိသွားကာ အရိုးထိနက်သော ဒဏ်ရာတစ်ခုရသွားသည်။
“ခွေးသားကြီး မင်းငါနဲ့တိုက်နေတုန်း အာရုံလွင့်ရဲတယ်ပေါ့၊ သေချင်နေပြီထင်တယ်”
ကျန်းရန်တောက်သည် ကျန်းချန်ရွှမ်တို့ကို အာရုံစိုက်ခြင်းမရှိဘဲ ကျန်ချင်းဖုန်းကိုသာ အဆက်မပြတ် ဖိ၍တိုက်ခိုက်လိုက်ရာ ကျန်ချင်းဖုန်းသည် ခံစစ်အနေအထားဖြင့် နောက်သို့ ခြေတစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာနေရတော့သည်။
“ဒီအချိန်က မင်းအတွက် မေးခွန်းထုတ်ရမဲ့ အချိန်မဟုတ်ဘူး”
ကျန်းချန်ရွှမ်က ကျောင်းမင်ဖန်း၏အမေးကို တုံးတိတိဖြေလိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ နီညိုရောင်ကြာပွင့်တစ်ခုက မြေပေါ်လဲနေသော ကျောင်းမင်ဖန်း၏ ကိုယ်ပေါ်သို့ ရုတ်တရက်ကျရောက်သွားသည်။ ခဏချင်းတွင် အရိုးခိုက်အောင် နာကျင်လောင်မြိုက်သည့် ဝေဒနာတစ်ရပ်က ကျောင်းမင်ဖန်း၏ခြေလက်များနှင့် အရိုးအသားများအထိ စူးနစ်ပျံ့နှံ့သွားပြီး အရေပြားတွင်လည်း နီညိုရောင်အကွက်များ ပေါ်လာသည်။ ကျောင်းမင်ဖန်း၏ စိတ်မချမ်းသာစရာ အော်ဟစ်ညည်းတွားသံကြီးက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ကျန်းချန်ရွှမ်အသုံးပြုလိုက်သည့် နည်းစနစ်မှာ ဝေဒနာမီးကြာပွင့်ဖြစ်ပြီး ကျန်းမိသားစုပိုင် နည်းစနစ်တစ်ရပ်ဖြစ်သည်။ ထိုနည်းစနစ်ကို ကျန်းရန်ယီပေးလိုက်သော ကျောက်စိမ်းပြားမှတဆင့် သင်ယူရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကြာပွင့်နှင့် ထိတွေ့မိပါက ကျီဖုအဆင့် ကျင့်ကြံသူဖြစ်နေပါစေ ထိတွေ့မိသူသည် နဂိုရရှိပြီး နာကျင်မှုဝေဒနာထက် အဆတစ်ရာ သာလွန်သော နာကျင်မှုမျိုးကို ခဏချင်းတွင် ခံစားရမည်ဖြစ်သည်။ ထို့အပြင် ထိုဝေဒနာသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမို၍ ဆိုးရွားလာဦးမည်လည်း ဖြစ်သည်။ သာမန်ကျီဖုအဆင့် ကျင့်ကြံသူများမှာ ထိုဝေဒနာကို ခံနိုင်ရည်မရှိတတ်ကြပါ။ ကျောင်းမင်ဖန်းသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။
“သတ်ပါ၊ ကျုပ်ကိုသတ်လိုက်ပါတော့”
ထိုအခါ ကျန်းချန်ရွှမ်က လက်ဖျောက်တီးလိုက်ပြီး ကြာပွင့်ကို ရုပ်သိမ်းလိုက်သည်။ ဝေဒနာမှ သက်သာရာရသွားသော ကျောင်းမင်ဖန်းသည် အသက်ကို မနည်းရှုလျက် ဟောဟဲဆိုက်နေတော့သည်။ သူ့မျက်လုံးများတွင် အကြောက်တရားကို အထင်းသားတွေ့မြင်နိုင်သည်။ ထိုဝေဒနာကို နောက်တစ်ကြိမ် ခံစားရမည့်အစား ကိုယ့်ကိုယ်ကို သတ်သေလိုက်မည်ဟုပင် စိတ်ကူးမိသည်။ ကျောင်းမင်ဖန်းသည် ကျန်းချန်ရွှမ်တို့ကို အားယူလျက် ခေါင်းထောင်ကြည့်လိုက်ပြီး
“မင်းတို့လိုချင်တာပြောပါ။ ငါတတ်နိုင်တဲ့အရာမျိုးဆိုရင် အကုန်လုပ်ပေးပါ့မယ်”
ကျန်းချန်ရွှမ်က အသာခေါင်းညိတ်လိုက်ပြီး
“မင်းတို့ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲကို ပြောလိုက်။ မင်းဒီနေရာမှာ တစ်ခုခုတွေ့ထားတယ်လို့။ ပြီးရင် သူ့ကိုဒီနေရာကို မရရအောင်ခေါ်လာခဲ့။ ဘာပြောရမလဲဆိုတာတော့ မင်းသိမှာပါ။ နောက်တစ်ကြိမ် ဒီအရသာကို မမြည်းချင်ရင် ခိုင်းတာကို သေချာလုပ်ပါ”
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏လက်ဖျားတွင် နီညိုရောင်ကြာပွင့်သဏ္ဍာန် ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ ထိုအခါ ကျောင်းမင်ဖန်းမှာ မျက်လုံးပြူးသွားပြီး ကြောက်စိတ်ကြောင့် ချွေးစေးများပင် ပြန်လာတော့သည်။ ကျန်းချန်ရွှမ်အမိန့်အရ သူ့အနေနှင့် ရှီယီဖေးကို မျှားထုတ်၍ သည်နေရာကို လှည့်ဖျားခေါ်ဆောင်ရမည် ဖြစ်ကြောင်းကို သူနားလည်ထားသည်။ ပုံမှန်အခြေအနေမျိုးတွင် အသက်ပင်သေပါစေ၊ ထိုအမိန့်ကို သူလိုက်နာမည်မဟုတ်ပါ။ သို့သော် ကျန်းချန်ရွှမ်၏ လက်နက်မှာ သူ့အတွက်တော့ သေသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ထို့ကြောင့် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူကာ မူလအပြန်ဂိုဏ်းဌာနချုပ်တွင် ရှိနေသည့် ရှီယီဖေးကို ဆက်သွယ်လိုက်တော့သည်။
***