ရှီယီဖေးလာပြီ
Vol. 9 Ch. 174
မူလအပြန်ဂိုဏ်း၏ ဌာနချုပ်တွင် ရှီယီဖေးသည် ကိုယ်ပိုင်လှိုဏ်ဂူတွင် တစ်ကိုယ်တည်း ကျင့်ကြံလျက်ရှိသည်။ ထိုအချိန်တွင် ကျောင်းမင်ဖန်းထံမှ သတင်းစကားရောက်လာ၍ ရှီယီဖေးတစ်ယောက် မျက်မှောင်ကြုံ့သွားသည်။ စာတွင်ဆိုထားသည်က ကျန်းမိသားစုပိုင်နက် တစ်နေရာတွင် အလတ်စား ဝိညာဉ်ကျောက်တုံး သတ္တုတွင်းတစ်ခု တွေ့ထားသည်တဲ့။ ကျောင်းမင်ဖန်းပေးပို့သော သတင်းသာ မှန်ပါက သူတို့ဂိုဏ်းအတွက် ငွေတွင်းကြီးတစ်ခု ရှာတွေ့သကဲ့သို့ပင် ဖြစ်လိမ့်မည်။ အဆိုပါသတ္တုတွင်းမျိုးသည် ဝိညာဉ်သွေးကြောများထက် အဆပေါင်းများစွာ တန်ဖိုးရှိသည်။
ဝိညာဉ်သွေးကြောများသည် ကျင့်ကြံရေးအတွက်သာ အသုံးဝင်သော်လည်း ကျောက်တုံးသတ္တုတွင်းများက ဘက်စုံအသုံးပြုနိုင်သည့် ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်ပေးနိုင်ပါသည်။ ထို့အပြင် အဆိုပါသတ္တုတွင်းသည် အလတ်စားအရွယ် ရှိသည်ဟု ဆိုထားသေးသည်ဖြစ်ရာ တစ်နှစ်တွင် ဝိညာဉ်ကျောက်တုံးသန်းချီ၍ ထုတ်လုပ်နိုင်မည်မှာ သေချာသည်။ ထိုရင်းမြစ်များကို အသုံးပြု၍ ကျင့်ကြံရေးအတွက် လိုအပ်သည့် ဆေးဝါး၊ ရတနာများကို ဝယ်ယူနိုင်လျှင် ကျီဖုနယ်ပယ် အလယ်အဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်ရန် မခက်ခဲတော့ကြောင်း ရှီယီဖေး ဆင်ခြင်မိသည်။
နောက်တစ်ချက်က ထိုသတင်းပေါက်ကြားသွားပါက အနီးတဝိုက်ရှိ ကျီဖုအဆင့် မိသားစုများနှင့် ဂိုဏ်းများသည် သွေးနံ့ရသော ငါးမန်းများကဲ့သို့ အလျှိုလျှိုပေါ်လာကာ သတ္တုတွင်းကို အပိုင်စီးရန် ကြိုးစားကြပါလိမ့်မည်။ ထိုအခါ မလိုအပ်သော သွေးထွက်သံယို ပဋိပက္ခများ ဖြစ်ပွားလာမည် ဖြစ်ကြောင်းကိုလည်း ရှီယီဖေး တွေးမိသည်။
“ဒီကိစ္စက အရေးကြီးတယ်။ ငါအမြန်ဆုံးလိုက်သွားမှ ဖြစ်မယ်”
ထိုအတွေးနှင့်အတူ ရှီယီဖေးတစ်ယောက် ကျင့်ကြံမှုကို အဆုံးသတ်ပြီး စိတ်လှုပ်ရှားစွာ ဂူထဲမှထွက်လာသည်။ ထို့နောက်တွင် မည်သူကိုမှ အသိမပေးဘဲ ကျောင်းမင်ဖန်းရှိရာသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့တော့သည်။ ထိုအချိန် ကျန်းမိသားစုပိုင် ဘိုးဘေးနယ်မြေတွင် ဖြစ်သည်။ ကျန်ချင်းဖုန်းနှင့် ကျန်းရန်တောက်တို့၏ တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်းရန်တောက်၏ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်မှုများအောက်တွင် အလူးအလဲခံနေရသော ကျန်ချင်းဖုန်းသည် ရေရှည်တောင့်မခံနိုင်တော့ဘဲ အကာအကွယ် စက်ဝန်းမှာ ပြိုပျက်သွားတော့သည်။
နောက်ဆုံးတွင် ကျန်ချင်းဖုန်းတစ်ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားတော့သည်။ ကျန်းရန်တောက်အနေနှင့် ကျန်းချင်းဖုန်းကို သတ်ဖြတ်လိုက်လျှင် မူလအပြန်ဂိုဏ်းကို သတိပေးလိုက်သလို ဖြစ်မည်စိုး၍ လတ်တလောတွင် အသက်ချမ်းသာပေးလိုက်သည်။ ထိုအချိန် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခု လက်သွားသည်ကို အားလုံးမြင်လိုက်ရသည်။ ရှီယီဖေးတစ်ယောက် ကျောင်းမင်ဖန်း မျှားခေါ်သည့်အတိုင်း ထောက်ချောက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်လာခြင်းဖြစ်သည်။
ဘိုးဘေးနယ်မြေကို ခြေချမိသည်နှင့် ရှီယီဖေးသည် တစ်ခုခုလွဲမှားနေကြောင်း သတိပြုမိလိုက်သည်။
သို့သော် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်ကို ရောင်စဉ်ငါးသွယ် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ပိုင်းချလိုက်သည်။
“မူလဓမ္မရတနာဓားပျံပဲ”
ရှီယီဖေးတစ်ယောက် မျက်နှာပျက်သွားသည်။ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကို မြင်ရမည်ဟူသော မျှော်လင့်ချက်နှင့် လာသော်လည်း ထိုအစား ကြောက်မက်ဖွယ် ဓားပျံတစ်စင်းနှင့် ပက်ပင်းတိုးနေမိသည်။ ရှီယီဖေးသည် အဆင့် ၃ အကာအကွယ် အဆောင်ကို အသက်သွင်းကာ ခုခံလိုက်သည်။ ရုတ်တရက် မှန်တံတိုင်းတစ်ခု ပေါ်လာသည်။ ထိုအဆောင်မှာ သူယူလာသည့် တစ်ခုတည်းသော အကာအကွယ်အဆောင်ဖြစ်သည့် ဖန်သားဝိညာဉ်အလင်းတံတိုင်း အဆောင်ဖြစ်သည်။ သို့သော် အဆင့် ၃ ကာကွယ်ရေးအဆောင်များမှာ အသက်သွင်းရန် အချိန်ယူရသည့် သဘောရှိရာ ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်ခင်မှာပင် ရှန်းရူယန်၏ ဓားအလင်းတန်းလက်ချက်ဖြင့် တစ်စစီကွဲကြေသွားတော့သည်။
တစ်ချိန်တည်းတွင် လေတိုးသံတစ်ခု ပေါ်လာပြီး ရှီယီဖေး၏ လည်ကုပ်မှ ခါးအထိ ဒေါင်လိုက်ဓားရာကြီးတစ်ခု ပေါ်လာတော့သည်။ ဝတ်ဆင်ထားသော အဆင့် ၂ သံချပ်ကာကြောင့်သာ မဟုတ်လျှင် ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ် ဓားပျံလက်ချက်ဖြင့် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်မည်မှာ သေချာသလောက်ရှိသည်။ ရှီယီဖေးသည် တုန်ယင်စွာ အော်ဟစ်လိုက်သည်။
“ကျုပ်တို့ တစ်ယောက်နဲ့မြင်တောင် မမြင်ဖူးဘဲနဲ့ ဘာလို့….”
သူ့စကားမဆုံးခင်မှာပင် ရှန်းရူယန်၏ ဓားချက်တစ်ခု ထပ်မံကျရောက်လာ၍ အနိုင်နိုင် ခုခံလိုက်ရပြန်သည်။ ရှီယီဖေးသည် တုန်လှုပ်လွန်း၍ နောက်ကျောတွင် ချွေးများရွှဲရွှဲစိုလျက်ရှိသည်။ နောက်တစ်ကြိမ် တိုက်ခိုက်ခံရပါက ခုခံရန် မလွယ်တော့ကြောင်း ရိပ်မိလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ ရှီယီဖေး၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ရောက်လာသည်။ သို့သော် အဆိုပါ ကျောက်စိမ်းအဆောင်ကို အသက်မသွင်းနိုင်ခင်မှာပင် ကိုယ်ပျောက်ဓားပျံတစ်စင်းက သူ၏အကာအကွယ် ဓမ္မစက်ဝန်းကို ဖောက်ထွင်းသွားပြီး လည်ကုပ်ကို စိုက်ဝင်သွားသည်။
“အား….”
ရှီယီဖေးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ဓားချက်မှာ တိကျသေသပ်သလို ဇီဝိန်ခြွေယူနိုင်စွမ်းလည်း အပြည့်ရှိနေသည်။ ရှီယီဖေးသည် နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးရှိနေမည်ဟု ထင်မထားခဲ့။ ရှန်းရူယန်ကို အပြည့်အဝ အာရုံစိုက်နေစဉ် နောက်ကွယ်မှ အငိုက်ဖမ်းကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ရှီယီဖေးတစ်ယောက် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ခိုက်မှုကို အကြောင်းပြချက်မရှိ ခံစားလိုက်ရသည်ကို နားမလည်နိုင်ဖြစ်ပြီး အသက်ကုန်သွားတော့သည်။ သူ၏ခန္ဓာကိုယ်ကြီးကို ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ်ဓားပျံက တစ်စစီချေဖျက်လိုက်သည်။
ဖြစ်စဉ်အစအဆုံးကို မြင်တွေ့လိုက်ရသော ကျန်းမိသားစုဝင်များသည် အံ့အားသင့်ပြီး မှင်သက်ကုန်ကြသည်။ အစပထမတွင် ရှီယီဖေးလို ဝါရင့် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးကို အလစ်လုပ်ကြံတိုက်ခိုက်လျှင်တောင် လွယ်ကူမည်မဟုတ်ဟု တွေးထင်ထားသော်လည်း တိုက်ပွဲမှာ ခဏချင်းတွင် ပြီးဆုံးသွားတော့သည်။ ထို့ပြင် ရှန်းရူယန်၏ တိုက်ပွဲဝင်စွမ်းရည်သည် သူတို့ထင်ထားသည်ထက်ပင် အဆင့်မြင့်နေသေးသည်။ ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်အတန်းသည် ဘိုးဘေးအသစ်ဖြစ်သူ ကျန်းချန်ရွှမ်ကိုပင် ကောင်းစွာယှဉ်ပြိုင်နိုင်သည်ကို သိရှိလိုက်ရသည်။ ယခုအခါ ကျန်းမိသားစုတွင် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးတိတိ ရှိနေပြီဖြစ်ရာ နောင်အနှစ်နှစ်ရာ သုံးရာအထိ စိတ်ချလုံခြုံစွာ နေထိုင်နိုင်တော့မည်ဟု သူတို့အားလုံး ခံစားလိုက်ရသည်။
ကျန်းချန်ရွှမ်တို့သည် ရှီယီဖေးထံမှ ရတနာပစ္စည်းများကို သိမ်းယူပြီးနောက် ကျန်နေသည့် ကျောင်းမင်ဖန်းနှင့် ကျန်ချင်ဖုန်းတို့ကိုပါ တစ်ပါတည်း သုတ်သင်လိုက်တော့သည်။
ထိုအချိန်တွင် ကျန်းရန်ယီသည် ကျန်းချန်ရွှမ်ထံပါးသို့ ချဉ်းကပ်လာပြီး ရိုသေစွာ ပြောလိုက်သည်။
“စီနီယာဦးလေး သူတို့ဘိုးဘေးနှစ်ယောက်လုံး သေပြီဆိုတော့ ကျုပ်တို့လည်း မူလအပြန်ဂိုဏ်းကို တိုက်ခိုက်ပြီး ရင်းမြစ်တွေကို သိမ်းယူလို့ရပြီ”
သူ့စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စိတ်ဝင်စားသွားကြသည်။ မူလအပြန်ဂိုဏ်းသည် ကျီဖုအဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အလျောက် သူတို့အတွက် အသုံးဝင်နိုင်မည့် ရင်းမြစ်များ ရှိမည်မှာ သေချာသည်။ အထူးသဖြင့် ဂိုဏ်းဌာနချုပ်ရှိ အဆင့် ၃ ဝိညာဉ်သွေးကြောဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်က သဘောတူလိုက်သည်။
“ကောင်းပြီလေ။ သူတို့ဌာနချုပ်ကို ကျုပ်နဲ့အတူလိုက်ဖို့ လူတွေ စီစဉ်လိုက်ပါ”
ထိုအချိန်တွင် မူလအပြန်ဂိုဏ်းဌာနချုပ်ရှိရာ အရပ်မျက်နှာမှ မြေကြီးများ တုန်ခါသွားသည်အထိ ပြင်းထန်သော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ အဝေးတစ်နေရာမှ ဝိညာဉ်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားသည်ကိုလည်း မြင်လိုက်ရသည်။ ထိုတစ်ခဏတွင် လေထုထဲတွင်လည်း ဝိညာဉ်ချီသိပ်သည်းဆ အဆမတန်မြင့်တက်သွားသည်။ ကျန်းချန်ရွှမ်တို့အဖွဲ့လည်း မျက်နှာများပျက်ကုန်ကြသည်။ ကျန်းရန်ယီက အံကြိတ်လိုက်ပြီး
“မူလအပြန်ဂိုဏ်းလက်ချက်ပဲ။ ဒီကောင်တွေ သူတို့ရဲ့ ဝိညာဉ်သွေးကြောကို ဖောက်ခွဲလိုက်ကြပြီ၊ သေစမ်း”
***