ခြေရာခံလိုက်ခြင်း
Vol. 9 Ch. 175
ကျန်းမိသားစု ဘိုးဘွားနယ်မြေအတွင်း ရောက်ရှိနေသော ရှီယီဖေးနှင့် ကျန်လူများ၏ ဝိညာဉ်များငြိမ်းသွားသည်ကို မူလအပြန်ဂိုဏ်းရှိ ဂိုဏ်းတပည့်များ အာရုံခံမိလိုက်ကြသည်။ ထိုသူများအနက် ပါးနပ်သူများသည် သူတို့ဂိုဏ်းအနေနှင့် အလွန်အင်အားကြီးမားသည့် ရန်သူများနှင့် ရင်ဆိုင်နေရကြောင်း သတိပြုမိလိုက်ကြသည်။ အထူးသဖြင့် ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်သူ ပိုင်ရွှမ်းဟုန်ဖြစ်သည်။ ဘိုးဘေးဖြစ်သူ၏ အသက်ခန္ဓာ ချုပ်ငြိမ်းသွားကြောင်း သိလိုက်သည်နှင့် တန်ဖိုးကြီးရင်းမြစ်များကို အမြန်သယ်ထုတ်ပြီး အဆင့် ၃ ဝိညာဉ်သွေးကြောကို ဖောက်ခွဲလိုက်တော့သည်။
သူ့အကြံမှာ ရန်သူများအနေနှင့် မူလအပြန်ဂိုဏ်း၏ ရင်းမြစ်များကို အသုံးပြုခွင့် မရစေရန်နှင့်အတူ တစ်ချိန်တည်းတွင် ချိအန်းစီရင်စုရှိ အင်မော်တယ်မိသားစုများ၊ ဂိုဏ်းများကို တပ်လှန့်ပြီး အခြေအနေများ ရှုပ်ထွေးစေရန် ဖန်တီးလိုခြင်းဖြစ်သည်။ သည်နည်းဖြင့် သူတို့အားလုံး ထွက်ပြေးလွတ်မြောက်ရန် အခွင့်သာသွားမည်ဖြစ်သည်။ ပိုင်ရွှမ်းဟုန်အကြံမှာ အလုပ်ဖြစ်သည်ဟု ဆိုရမည်။ ပေါက်ကွဲမှုကြီးသည် ချိအန်းစီရင်စု တင်မကဘဲ အနီးတဝိုက်ရှိ လင်းနေစီရင်စုနှင့် ခရမ်းပြာမြစ်စီရင်စုများ အထိသို့တိုင် သက်ရောက်သွားသည်။
ပေါက်ကွဲမှုအပြီး ခဏချင်းတွင် ချိအန်းစီရင်စုရှိ အင်မော်တယ်မိသားစုများ၊ ဂိုဏ်းများသည် မူလအပြန်ဂိုဏ်းဌာနချုပ်ရှိရာ နယ်မြေကို အင်အားအလုံးအရင်းနှင့် ထောက်လှမ်းရန် ရောက်ရှိလာကြသည်။ ထိုအဖွဲ့များတွင် ကျန်းမိသားစုဝင်များလည်း အပါအဝင်ဖြစ်သည်။ မူလအပြန်ဂိုဏ်း၏ နယ်မြေအတွင်းသို့ ခြေချမိသည်နှင့် အပျက်အစီးများ၊ လူသေအလောင်းများကို အစုအပြုံလိုက် တွေ့လိုက်ရ၍ ကျန်းမိသားစုဝင်များ ကျောချမ်းသွားမိကြသည်။ မူလအပြန်ဂိုဏ်း ပိုင်ဆိုင်သော ရတနာများ၏ ထက်ဝက်ကျော်ကို သိမ်းယူထွက်ပြေးသွားသူသည် ဝိညာဉ်သွေးကြောကိုပါ တစ်ပါတည်း ဖောက်ခွဲဖျက်ဆီးသွားကြောင်း သူတို့ရိပ်မိလိုက်သည်။
ထိုလူစုသည် ဝိညာဉ်သွေးကြောအနီးတွင် တာဝန်ထမ်းဆောင်နေကြသည့် မိမိတို့ဂိုဏ်းသားများ၏ အသက်ကိုပင် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လုပ်စရာရှိသည်ကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားသည်ကို ထောက်ချင့်၍ အဆိုပါလူစုကို ခေါင်းဆောင်သူသည် ဉာဏ်သွားသလောက် ကြမ်းကြုတ်ရက်စက်သူဖြစ်ကြောင်း ကျန်းချန်ရွှမ် ယူဆမိသည်။ ထိုလူစားမျိုးကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် အနာဂတ်တွင် အင်အားကြီးမားလာသည့်အခါ သူတို့ကို မြွေဆိုးတစ်ကောင်ပမာ အကြီးအကျယ် ဒုက္ခပေးမည်ဖြစ်၍ တစ်ပါတည်း အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုတွက်ချက်လိုက်ပြီးနောက် ရှန်းရူယန်ကို
“ဘယ်သူ့လက်ချက်လဲဆိုတာ ကိုယ်သိပြီ။ ဒီလူဟာ ဉာဏ်များသလို ဆုံးဖြတ်ချက်ရဲဝံ့ပြီး ရက်စက်ကြမ်းကြုတ်တယ်။ ဒီလိုလူစားမျိုးကို အသက်ရှင်လျက် လွှတ်ထားလို့မဖြစ်ဘူး”
“ယောက်ျား ရှင်ဆိုလိုတာက…”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
“ကိုယ် သူ့နောက်လိုက်သွားပြီး ရှင်းလိုက်မယ်။ ဒီလူက မူလအပြန်ဂိုဏ်းရဲ့ ရတနာ၊ ရင်းမြစ် ထက်ဝက်ကျော်ကိုပါ အလစ်သုတ်သွားတယ်၊ ဒီပစ္စည်းတွေကို ပြန်ရရင် မိန်းမအတွက်လည်း အထောက်အကူဖြစ်သလို ကျန်းမိသားစုအတွက်လည်း အကျိုးရှိမယ်လေ”
“နားလည်ပြီ”
ရှန်းရူယန်က နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ကျန်းချန်ရွှမ်က ဘေးဘီကို အကဲခတ်လိုက်ပြီး
“အခြေအနေကို ထိန်းသိမ်းဖို့ ရူယန်က ဒီမှာပဲနေခဲ့ပါ။ ကိုယ်တစ်ယောက်တည်း သွားလိုက်မယ်၊ တစ်ခုခုဖြစ်ရင် လှမ်းအကြောင်းကြားလိုက်”
“မစိုးရိမ်နဲ့ ကျွန်မရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး”
ထို့နောက် ကျန်းချန်ရွှမ်သည် အဝေးအသံပို့စနစ်ဖြင့် ကျန်းရန်ယီတို့အား အခြေအနေကို အကြမ်းဖျဉ်းရှင်းပြလိုက်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။ ထိုအချိန်တွင် ဝေးလံခေါင်သီသော တောင်တန်းများ၏ အထက်ကောင်းကင် တစ်နေရာတွင် လူတစ်စုသည် အရှိန်အဟုန်ဖြင့် ပျံသန်းလျက်ရှိသည်။ ထိုလူစုကို ခေါင်းဆောင်လာသူမှာ အစိမ်းရောင်ဝတ်ရုံဝတ် အသက်သုံးဆယ်ကျော်ခန့် ရှိသည့်လူတစ်ဦးဖြစ်သည်။ ထိုလူသည် မူလအပြန်ဂိုဏ်း၏ ဒုတိယအကြီးအကဲ ပိုင်ရွှမ်းဟုန်ဖြစ်သည်။ သူ့နောက်တွင် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ရှိ ကျင့်ကြံသူများ ပါလာကြသည်။ ထိုသူများအနက် ဆံပင်အနီရောင်နှင့်လူက
“အကြီးအကဲပိုင် ကျွန်တော်တို့ ထွက်ပြေးလွတ်မြောက် အဆောင်သုံးပြီး ပြေးလာကြတာ ကီလိုမီတာသိန်းဂဏန်းတောင် ရောက်နေပြီ။ ဒီကောင်တွေ ကျွန်တော်တို့ကို မီမှာမဟုတ်တော့ဘူးထင်တယ်”
သူ့စကားကြားလျှင် မုတ်ဆိတ်မွေးရှိသည့် ကျင့်ကြံသူနှင့် အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးကျင့်ကြံသူတို့က ပိုင်ရွှမ်းဟုန်မျက်နှာကို ကြည့်မိလိုက်ကြသည်။ ပိုင်ရွှမ်းဟုန်က မျက်မှောင်ကြုတ်သွားပြီး
“ကျိုးဟောင်ထန် မင်းတစ်လမ်းလုံး ဒါပဲမေးနေတာပဲ။ ငါနဲ့မလိုက်ချင်ရင် ဆင်းနေခဲ့လို့ရတယ်။ ငါတို့အဖွဲ့မှာ ဦးနှောက်မရှိတဲ့လူ ပါလာရင် အကုန်ဒုက္ခများသွားနိုင်တယ်”
ကျိုးဟောင်ထန်ဆိုသူက ပိုင်ရွှမ်းဟုန် မာန်မဲလိုက်သည်ကို မနှစ်မြို့ဟန်နှင့်
“ဟုတ်ပါပြီ အကြီးအကဲပိုင် ခင်ဗျားမှန်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့ ဘယ်ကိုသွားနေလဲ ဆိုတာကိုတော့ ပြောပြသင့်တယ်ထင်တယ်။ အကြီးအကဲဝမ်နဲ့ အန်းတို့လည်း သိချင်နေကြမယ်ထင်တာပဲ”
ကျိုးဟောင်ထန်၏ စကားကို အကြီးအကဲဝမ်ဆိုသူ မုတ်ဆိတ်လူနှင့် အကြီးအကဲအန်းဆိုသူ အမျိုးသမီးကျင့်ကြံသူက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသော်လည်း သူတို့လည်း ကျိုးဟောင်ထန်နည်းတူ သိလိုနေကြသည်မှာ ထင်ရှားသည်။ ပိုင်ရွှမ်းဟုန်က သူတို့အား ရှင်းပြချိန်တန်ပြီဟု သဘောပေါက်လိုက်သည်။ ပိုင်ရွှမ်းဟုန်သည် ခေတ္တစဉ်းစားလိုက်ပြီးမှ
“ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ လူများတဲ့ဒေသကို သွားလို့မဖြစ်ဘူး။ လူနေဒေသနဲ့ အလှမ်းဝေးပြီး ချောင်ကျတဲ့တစ်နေရာမှာ လောလောဆယ် ပုန်းနေမှဖြစ်မယ်။ အဲဒီမှာပဲ ငါတို့ယူလာတဲ့ရင်းမြစ်တွေကို အသုံးချပြီး ကျင့်ကြံရမယ်။ ဒီကိစ္စသွေးအေးပြီး အနည်ထိုင်သွားမှ ငါတို့ပြန်ထွက်လာကြမယ်”
ကျိုးဟောင်ထန်နှင့် ကျန်နှစ်ဦးသည် ပိုင်ရွှမ်းဟုန်အကြံကို သဘောမကျသော်လည်း တစ်စုံတစ်ရာမပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်ကြသည်။ သူတို့သုံးဦးမှာ ပိုင်ရွှမ်းဟုန်၏ နောက်လိုက်များအဖြစ် နေသားကျနေသည်က တစ်ကြောင်း၊ ပိုင်ရွှမ်းဟုန်အကြံမှာ အပြစ်ဆိုဖွယ်မရှိသည်က တစ်ကြောင်းကြောင့် ကန့်ကွက်ရန် မကြိုးစားတော့ပါ။ နေ့တစ်ဝက်ခန့် ပျံသန်းပြီးနောက် အလွန်ကြီးမားသော လှိုဏ်ဂူကြီးတစ်ခု ရှိရာအရပ်တွင် ဆင်းသက်လိုက်ကြသည်။ ထိုနေရာတွင် ဝိညာဉ်ချီသိပ်သည်းဆသည် ပုံမှန်ထက် ထူးထူးခြားခြား များပြားနေသည်။ အကြီးအကဲအန်း ဆိုသူ အမျိုးသမီးကျင့်ကြံသူက ပိုင်ရွှမ်းဟုန်ကို ပြုံးလိုက်ပြီး
“အကြီးအကဲပိုင် ဒီလောက် ဝိညာဉ်ချီများတဲ့ဂူကို ဘယ်လိုရှာတွေ့တာလဲ၊ ကျွန်မတို့အတွက် အတိုင်းထက်အလွန် အဆင်ပြေသွားပြီပဲ”
ထိုအခါ ပိုင်ရွှမ်းဟုန်၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ထင်ဟပ်သွားပြီး
“ဟုတ်လား၊ ဒါဆိုရင် မင်းတို့အားလုံး ဒီမှာပဲ တစ်သက်လုံး နေသွားကြပါလား”
“အကြီးအကဲပိုင် ခင်ဗျားဘာပြောချင်တာလဲ”
ကျိုးဟောင်ထန်နှင့် ကျန်နှစ်ဦးသည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိလိုက်ပြီး မျက်နှာပျက်သွားကြသည်။ ထိုအချိန်တွင် သူတို့ခြေထောက်အောက်ရှိ ဂူကြမ်းပြင်ထက်တွင် အနီရောင်မှော်သင်္ကေတများ အစီအရီပေါ်လာတော့သည်။ ထိုမှော်သင်္ကေတများတွင် ထူးခြားသည့် စွမ်းအင်လက္ခဏာတစ်ရပ် ရှိဟန်တူပြီး သူတို့သုံးဦးကို ထိုနေရာတွင်ပင် ပိတ်လှောင်ထားလိုက်တော့သည်။
***