ပိုင်ရွှမ်းဟုန်သေပြီ
Vol. 9 Ch. 176
“အကြီးအကဲပိုင် ခင်ဗျားဘာလုပ်တာလဲ”
ကျိုးဟောက်ထန်တို့ သုံးဦးသည် ပိုင်ရွှမ်းဟုန် ဆင်ထားသော ထောင်ချောက်အတွင်းသို့ သက်ဆင်းမိပြီဖြစ်ကြောင်း နားလည်လိုက်သည်။ မှော်သင်္ကေတများသည် သူတို့၏ အဆီအနှစ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေကြောင်း ခံစားမိလိုက်ကြချိန်တွင် သူတို့အားလုံး မျက်စိမျက်နှာများ ပျက်ကုန်ကြသလို အကြောက်တရားက အသွေးအသားထဲထိ စိမ့်ဝင်လာကြသည်။ မုတ်ဆိတ်မွေးနှင့်လူက တုန်လှုပ်သည့်လေသံနှင့်
“အကြီးအကဲပိုင် ကျုပ်တို့ခင်ဗျားကို ဘာလုပ်ခဲ့မိလို့လဲ။ ကျုပ်တို့အားလုံး ခင်ဗျားစကားကို နားထောင်ပြီး ခင်ဗျားခေါ်ရာနောက် လိုက်ခဲ့တာပဲလေ”
မုတ်ဆိတ်မွေးနှင့်လူသည် ထိုစကားကို စိတ်ထိခိုက်နာကျင်ခြင်း၊ မယုံနိုင်ခြင်းတို့နှင့်အတူ ကြေကွဲစွာ ပြောလိုက်ခြင်းဖြစ်သည်။
အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးကလည်း
“ဟုတ်တယ် ရှင်ကျွန်မတို့ကို ဒီလိုမလုပ်ပါနဲ့။ ရှင်ဖြစ်ချင်တာကိုသာ ပြောပါ။ ကျွန်မတို့အားလုံး လိုက်နာပါ့မယ်”
“ဟုတ်လား”
ပိုင်ရွှမ်းဟုန်၏ မျက်နှာတွင် မသတီစရာ အပြုံးတစ်ခုပေါ်လာသည်။ ကျိုးဟောက်ထန်းတို့သုံးဦးလုံး သူ့အပြုံးကြောင့် ကျောချမ်းသွားမိသည်။ ထိုတစ်ခဏတွင် သူတို့ကိုဖမ်းချုပ်ထားသော မှော်သင်္ကေတများ၏ စွမ်းအင်သည် ပိုမိုမြင့်တက်လာပြီး သူတို့သုံးဦး၏ အဆီအနှစ်စွမ်းအင်များကို စုပ်ယူသည့်နှုန်းမှာလည်း တိုး၍အားကောင်းလာသည်ကို တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရတော့သည်။
“ငါဖြစ်ချင်တဲ့အတိုင်း လုပ်ပေးမယ်လို့ မင်းတို့ပြောခဲ့တယ်နော်။ အခု မင်းတို့ရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဉ်တွေကို သုံးပြီး ဒီလှိုဏ်ဂူတံခါးကို ဖွင့်ဖို့လိုနေပြီ။ မင်းတို့စကားအတိုင်းပဲ ငါအားမနာတော့ဘူးနော်”
ထိုတစ်ခဏတွင် မှော်သင်္ကေတများသည် ရုတ်တရက် ကျယ်ပြန့်လာပြီး ကျိုးဟောက်ထန်တို့သုံးဦးကို လွှမ်းခြုံဝါးမျိုသွားတော့သည်။ သုံးဦးသား၏ ဒေါသဖြစ်စွာ ကျိန်ဆိုလိုက်သံများက ဂူနံရံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ပိုင်ရွှမ်းဟုန် မင်းအသေဆိုးနဲ့ သေပါစေ”
မကြာမီ မှော်သင်္ကေတများ မှေးမှိန်ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ပြာပုံသုံးခုသာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် ဂူတံခါးနေရာတွင် ပင့်ကူအိမ်နှင့်တူသော သွေးကြောကွက်များ ပေါ်လာသည်။ လှိုဏ်ဂူသည် နောက်ဆုံးတွင် လိုအပ်သော ဝိညာဉ်နှင့် အာဟာရများကို အလုံအလောက် စားသုံးပြီးဟန် လက္ခဏာနှင့် ဂူတံခါးသည် ဖြည်းညင်းစွာ ပွင့်သွားတော့သည်။ ထိုမြင်ကွင်းကို ပိုင်ရွှမ်းဟုန်တစ်ယောက် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။
“သေမျိုးလူသားသိန်းဂဏန်း၊ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူရာဂဏန်းရဲ့ အဆီအနှစ်တွေ၊ အခြေခံတည်ဆောက်ခြင်း ၇ ယောက်ရဲ့ ဝိညာဉ်တွေကို စတေးခဲ့ရတာ အလကားမဖြစ်ဘူးပဲ။ နောက်ဆုံးမှာ ရှေးဟောင်းမိစ္ဆာကျင့်ကြံသူတစ်ဦးရဲ့ တားမြစ်အမိန့်ကို ဖယ်ရှားနိုင်ခဲ့ပြီ”
ထိုအတွေးနှင့်အတူ ပိုင်ရွှမ်းဟုန်သည် ဂူအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလိုက်သည်။ လမ်းတစ်လျှောက်တွင် ဆွေးမြည့်နေသော အရိုးစုများကို အစုအပြုံလိုက် တွေ့ရသော်လည်း ပိုင်ရွှမ်းဟုန်က ဂရုမစိုက်ဘဲ ရှေ့ကိုသာ ဆက်လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော စင်မြင့်တစ်ခုကို တွေ့လိုက်ရသည်။ စင်မြင့်ထက်တွင် အနက်ရောင်ဝတ်ရုံဝတ် လူပုံရိပ်တစ်ခုကို ထိုင်လျက်သားတွေ့လိုက်ရသည်။ ထိုလူပုံရိပ်မှ မှိန်ပျပျ အော်ရာတစ်မျိုး ထုတ်လွှတ်နေသည်။
ပိုင်ရွှမ်းဟုန်သည် ပထမတွင် ထိုလူကို အသက်ရှိသည်ဟု ထင်မှတ်မိသော်လည်း စေ့စပ်စွာ လေ့လာကြည့်ရှုပြီးနောက် အရိုးစုတစ်ခုသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရိုးစုသည် အချိန်ကာလများစွာ ကြာပြီးသည့်တိုင် အော်ရာတစ်မျိုးကို ဆက်လက်ထုတ်လွှတ်နေသည့်အတွက် သက်ရှိလူသားဟု မှားယွင်းယူဆမိခြင်းဖြစ်သည်။ ထိုလူသည် မသေမီက အခြေတည်ဝိညာဉ် အတုအဆင့်ကို တက်လှမ်းနိုင်ခဲ့ဟန်တူသည်။ ပိုင်ရွှမ်းဟုန်၏ အာရုံသည် အရိုးစု၏ လက်ချောင်းတစ်ခုတွင် ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ထံသို့ ရောက်ရှိသွားသည်။ ထိုလက်စွပ်သည် ထိုပုဂ္ဂိုလ်ပိုင်ဆိုင်သည့် ပစ္စည်းဖြစ်ဟန်တူပြီး အတွင်းရှိ ကျင့်ကြံခြင်း နည်းစနစ်များနှင့် ရင်းမြစ်များသည် သူ့ကို ကျီဖုနယ်ပယ်သို့ တစ်ချီတည်း ပို့ဆောင်ပေးနိုင်မည်ဟု ပိုင်ရွှမ်းဟုန် ယူဆမိသည်။
ထို့နောက် ပိုင်ရွှမ်းဟုန်သည် ချိတ်ကောက်ပုံ ဓမ္မလက်နက်တစ်ခုကို အသုံးပြု၍ လက်စွပ်ကို ဖြုတ်ယူလိုက်သည်။ သိုလှောင်လက်စွပ် အတွင်းရှိ ပစ္စည်းများကို စစ်ဆေးမည်အပြုတွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ကြားလိုက်ရ၍ ပိုင်ရွှမ်းဟုန်တစ်ယောက် လန့်ဖျတ်သွားသည်။
“ဂူဝမှာ ငါချထားတဲ့ အစီအရင်ပျက်သွားပြီ။ ဘယ်ကောင်ဝင်လာလဲ မသိဘူး”
ပိုင်ရွှမ်းဟုန်သည် လက်စွပ်ကို စစ်ဆေးရန်ပင် အချိန်မရတော့ဘဲ အလျင်အမြန် ဆုတ်ခွာရန်ပြင်ဆင်လိုက်သည်။ အဆိုပါ ပေါက်ကွဲမှုမျိုးကို ဖန်တီးသူ၏ ကျင့်ကြံမှုအဆင့်မှာ အနည်းဆုံး ကျီဖုအဆင့် ရှိမည်ဖြစ်ကြောင်း ပိုင်ရွှမ်းဟုန် ရိပ်စားမိလိုက်၍ ခုခံရန် မစဉ်းစားတော့ဘဲ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ထွက်ပြေးတော့သည်။ သို့သော် အကွာအဝေးအနည်းငယ် သွားမိပြီးနောက်တွင် ပကတိမျက်လုံးနှင့် မြင်နိုင်စွမ်းမရှိသော ဓားပျံတစ်စင်း ရုတ်တရက်ပေါ်လာပြီး ပိုင်ရွှမ်းဟုန်၏ နောက်ကျောကို ထိုးဖောက်သွားသည်။ အရှိန်အဟုန်ဖြင့် ပျံသန်းနေသော ပိုင်ရွှမ်းဟုန်သည်လည်း မြေပေါ်သို့ ပြုတ်ကျပြီး သွေးတစ်လုပ်အန်ထုတ်လိုက်သည်။
သူ၏မျက်လုံးများတွင် အသက်ဓာတ်သည် တစ်စတစ်စ ချုပ်ငြိမ်းစပြုလာသည်။ ပိုင်ရွှမ်းဟုန်သည် လဲကျနေရာမှ ခေါင်းထောင်လိုက်ပြီး သူ့အားလုပ်ကြံသူ မည်သူမည်ဝါဖြစ်သည်ကို ကြည့်ရှုလိုက်သည်။ သို့သော် ထိုခဏမှာပင် သူ၏အသက်စွမ်းအင်မှာ ကုန်ဆုံးသွားပြီး မြေပေါ်သို့ လဲကျသေဆုံးသွားတော့သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် ပိုင်ရွှမ်းဟုန်၏ ရုပ်အလောင်းအနီးတွင် ပေါ်လာသည်။ သူသည် ပို်ငရွှမ်းဟုန်ကို အဆင့် ၃ ကောင်းကင်ဘုံ နတ်ဓားရန်နှိမ် အဆောင်လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်သည် ပိုင်ရွှမ်းဟုန်၏ အလောင်းကို မတုန်မလှုပ် အမူအရာနှင့် ကြည့်ရှုလိုက်ပြီး
“ခင်ဗျားလို အခြေခံတည်ဆောက်ခြင်း အဆင့်နဲ့ ကျုပ်ကို အကောက်ကြံလို့ရရင် ကျုပ်ရထားတဲ့ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်နဲ့ အတွင်းစိတ်မျက်လုံးကို အားနာစရာတွေ ဖြစ်ကုန်မှာပေါ့”
ကျန်းချန်ရွှမ်သည် လက်ကိုမြှောက်လိုက်ရာ ပိုင်ရွှမ်းဟုန် ဖြုတ်ယူထားသော သိုလှောင်လက်စွပ်သည် သူ့လက်ထဲသို့ ရောက်လာသည်။ ထို့နောက် ပိုင်ရွှမ်းဟုန်ကိုယ်တွင် စိုက်ဝင်နေသော အဆင့် ၃ အဆောင်လက်နက်ကို နှုတ်ယူသိမ်းဆည်းလိုက်သေးသည်။ ထိုအဆောင်ကို ကြည့်နေရင်း ကျန်းချန်ရွှမ်စိတ်ထံတွင် အတိတ်ပုံရိပ်များ ထင်ဟပ်လာသည်။
နတ်ဆိုးသားရဲကပ်အတွင်း ကျန်းချန်ရွှမ်သည် ထိုအဆောင်လက်နက်ကို အသုံးပြုကာ အဆင့် ၃ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးသည်။
ထို့နောက် ကျန်းချန်ရွှမ်သည် လှိုဏ်ဂူကို အနည်းငယ် စစ်ဆေးလိုက်ပြီး တန်ဖိုးရှိပစ္စည်းများ မကျန်တော့ကြောင်း အတည်ပြုလိုက်သည်။ အချိန်အနည်းငယ် အကြာတွင် ကျန်းချန်ရွှမ်သည် ဂူပြင်သို့ ထွက်လာခဲ့တော့သည်။ အပြင်ကို ရောက်လျှင်ရောက်ချင်း ရွှေဗလာနယ်ဓားကို ထုတ်ယူကာ လှိုဏ်ဂူ၏ အားအနည်းဆုံးနေရာကို စိတ်မှန်းဖြင့် ပိုင်းချလိုက်သည်။ ထိုတစ်ခဏတွင် မြေကြီးသည် တုန်ခါသွားပြီး အက်ကွဲသံတစ်ခုနှင့်အတူ လှိုဏ်ဂူကြီးသည် တဖြည်းဖြည်း ပြိုကျလာသည်။ အချိန်အနည်းငယ်ကြာပြီးနောက် လျှိုဟောက်ထန်းတို့သုံးဦးကို ဇီဝိန်ကြွေစေခဲ့သည့် ဝိညာဉ်ဖမ်းအစီအရင်ကွက်ကြီး အပါအဝင် လှိုဏ်ဂူတစ်ခုလုံးသည် မြေစာပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
***