← Chapters

ခြောက်သစ်ပင်နိဗ္ဗာန်နည်းစနစ်

Vol. 9 Ch. 177

ခြောက်သစ်ပင်နိဗ္ဗာန်နည်းစနစ်

Vol. 9 Ch. 177

အပြန်လမ်းတွင် ကျန်းချန်ရွှမ်သည် ပိုင်ရွှမ်းဟုန်ထံမှ သိမ်းဆည်းရမိသော သိုလှောင်လက်စွပ်များကို စစ်ဆေးကြည့်လိုက်သည်။ ဝိညာဉ်ကျောက်တုံးပေါင်း သုံးသောင်းခန့်အပြင် ဓမ္မပစ္စည်းများ၊ ဆေးပြားများ၊ ဝိညာဉ်ဆေးပင်များ၊ အဆောင်လက်နက်များကို အစုအပြုံလိုက် တွေ့ရှိရသည်။ ထို့မျှမကသေး မူလအပြန်ဂိုဏ်း၏ မူပိုင်ကျင့်စဉ်ဖြစ်သော စစ်မှန်မှု မူလအပြန်နည်းစနစ်နှင့်အတူ အမျိုးမျိုးသော အဆင့် ၃ မန္တန်များ၊ နတ်ဘုရားစွမ်းအားများ၊ ဆေးပြားဖော်စပ်နည်းများ၊ အဆောင်လက်နက် သန့်စင်နည်းများကိုလည်း တစ်ပါတည်း တွေ့ရှိလိုက်သည်။

ပိုင်ရွှမ်းဟုန်သည် ဂိုဏ်း၏ ရင်းမြစ်ထက်ဝက်ကျော်ကို သယ်ယူသွားသည်ဖြစ်ရာ ရတနာပစ္စည်းပမာဏသည် ကျန်းချန်ရွှမ်ထင်ထားသည်ထက် များပြားနေသည်။ ထိုရင်းမြစ်များဖြင့် ပိုင်ရွှမ်းဟုန်သည် အငယ်စား ကျီဖုအဆင့် မိသားစုတစ်ခုကိုပင် ထူထောင်နိုင်စွမ်းရှိပေလိမ့်မည်။ သူလိုအပ်နေသည်မှာ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ အမှန်တကယ်တွင်လည်း ကျန်းချန်ရွှမ်ကြောင့်သာ မဟုတ်ပါက ပိုင်ရွှမ်းဟုန်သည် အချိန်အနည်းငယ်အတွင်း ကျီဖုအဆင့်ကို တက်လှမ်းနိုင်ရန် သေချာလုနီးပါး ရှိပေလိမ့်မည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် အစိမ်းရောင် ကျောက်စိမ်းလက်စွပ်ကို စစ်ဆေးလိုက်သည်။ ပိုင်ရွှမ်းဟုန်သည် ထိုလက်စွပ်ကို အမည်မသိအရိုးစု၏ လက်ချောင်းတစ်ခုမှ ဖြုတ်ယူထားခြင်းဖြစ်သည်။ လက်စွပ်ထဲတွင် ကျောက်စိမ်းပြား သုံးခုမှလွဲ၍ ရတနာပစ္စည်းများ ရှိမနေသောကြောင့် ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားမိသည်။ ထိုနောက်တွင် ကျောက်စိမ်းပြားသုံးခုကို တစ်ခုပြီးတစ်ခု စစ်ဆေးလိုက်သည်။ ပထမတစ်ခုမှာ မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည့် အရိုးအသွင်ပြောင်းလဲခြင်း နည်းစနစ်ဖြစ်သည်။ ဒုတိယတစ်ခုမှာ သက်ရှိလူသားများစွာကို စတေးပြီးမှ ကျင့်ကြံရသော အဂ္ဂိရတ်နည်းစနစ်တစ်ခုဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ ခြောက်သစ်ပင်နိဗ္ဗာန် ဟုအမည်ရသော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။

ပထမဆုံးနှစ်ခုသည် လမ်းမှန်ကျင့်ကြံခြင်းနှင့် သွေဖီသော အမှောင်ကျင့်စဉ်များဖြစ်၍ ကျန်းချန်ရွှမ်အတွက် အသုံးမလိုပါ။ ထို့ကြောင့် အဆိုပါ ကျောက်စိမ်းပြားနှစ်ခုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ကျန်ရှိနေသော လျှို့ဝှက်နည်းစနစ်မှာ သူ့အတွက် အသုံးတည့်မည်ဟု ယူဆ၍ အနည်းငယ်လေ့လာကြည့်မိသည်။ ထိုနည်းစနစ်ကို ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်နှင့် ပေါင်းစပ်လိုက်လျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် ကျန်းချန်ရွှမ်၏ တည်ရှိမှုကို အာရုံခံနိုင်တော့မည် မဟုတ်ပါ။ ကျန်းချန်ရွှမ်တစ်ယောက် ခြောက်သစ်ပင်နိဗ္ဗာန် နည်းစနစ်ကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာနေချိန်တွင် ရှန်းရူယန်တို့နှင့် မူလအပြန်ဂိုဏ်း ဌာနချူပ်ရှိ ကျန်းမိသားစုဝင်များသည် အဝေးတစ်နေရာမှ ပျံသန်းလာသော အလင်းတန်းများကို သတိပြုမိလိုက်သည်။

မကြာခင် ထိုအလင်းတန်းများသည် သူတို့ရှေ့မှောက်သို့ ဆင်းသက်ပြီးနောက် လူအသွင်များအဖြစ် ပြောင်းလဲသွားကြသည်။ ထိုလူများသည် တစ်ဖွဲ့တည်းမှ မဟုတ်ဘဲ မတူညီသည့် အဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူများဖြစ်ကြောင်း ရှန်းရူယန် သတိပြုမိလိုက်သည်။ ကျန်းရန်ယီက အဝေးအသံပို့စနစ်ဖြင့် ရှန်းရူယန်ကို အချက်ပေးလိုက်သည်။

“စီနီယာဒေါ်လေး သူတို့အားလုံးကို ကျီဖုအဆင့် အဖွဲ့အစည်းသုံးခုက လွှတ်လိုက်တာ၊ ယို့မိသားစု၊ ကောင်းကင်ဘုံနွေဦးဂိုဏ်းနဲ့ မြူခိုးတိမ်စင်မြင့် ဆိုတဲ့ အဖွဲ့သုံးခုကပဲ။ ဒီသုံးဖွဲ့ထဲမှာ ယို့မိသားစုက အင်အားအနည်းဆုံးပဲ။ သူတို့မှာ အသက်လေးရာကျော်နေတဲ့ ကျီဖုအဆင့် ဘိုးဘေးတစ်ဦးတည်းရှိတယ်။ ကောင်းကင်ဘုံနွေဦးဂိုဏ်းမှာ နှစ်ဦးရှိတယ်။ မြူခိုးတိမ်စင်မြင့်ကတော့ သူတို့ထဲမှာ အင်အားအကြီးဆုံးပဲ၊ ကျီဖုအဆင့် သုံးဦးတောင်ရှိတယ်”

ရှန်းရူယန်သည် ထိုလူစုကို အကဲခတ်လိုက်ရာ မြူခိုးတိမ်စင်မြင့် မှလွဲ၍ ကျန်နှစ်ဖွဲ့ကို ဦးဆောင်လာသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့် များဖြစ်ပြီး မြူခိုးတိမ်အဖွဲ့ကို ဦးဆောင်လာသူမှာ ကျီဖုနယ်ပယ် ဒုတိယအဆင့်ရှိ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် ရုတ်တရက် ရှေ့ထွက်လာပြီး ရှန်းရူယန်ကို စူးစမ်းသည့်အကြည့်ဖြင့် အကဲခတ်လိုက်ပြီး

“ဒီက တာအိုမိတ်ဆွေက ချိအန်းစီရင်စုက မဟုတ်ဘူးပဲ၊ ရှင့်နာမည်က ဘာပါလဲ၊ ဘယ်အရပ်က လာပါသလဲ”

ရှန်းရူယန်က တည်ငြိမ်စွာပြုံးရင်း ဖြေလိုက်သည်။

“ကျွန်မက ကျန်းမိသားစုရဲ့ ဘိုးဘေးပဲ။ ကျွန်မနဲ့ ကျွန်မခင်ပွန်းက အဝေးကို ခရီးသွားနေတာ။ ကျန်းမိသားစုရဲ့ အခြေအနေကို သိပြီးနောက်မှာ ချိအန်းစီရင်စုအပြင်မှာ ပြန့်ကျဲနေတဲ့ ကျန်းမျိုးနွယ်စုဝင်တွေကို စုစည်းပြီး ဘိုးဘေးနယ်မြေကို ပြန်လာယူတာပါ”

ထို့နောက်တွင် ရှန်းရူယန်သည် ဖြစ်ကြောင်းစုံကို ရှင်းပြလိုက်သည်။ မူလအပြန်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းမှ အစပြုကာ မူလအပြန်ဂိုဏ်းသားများက ဝိညာဉ်သွေးကြောကို ဖောက်ခွဲလိုက်သည်အထိ ဇာတ်ရည်လည်အောင် အသေးစိတ် ရှင်းလင်းလိုက်သည်။ ထိုအခါ သက်လတ်ပိုင်းအမျိုးသမီးနှင့်တကွ အဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူအားလုံး အံ့အားသင့်ကုန်ကြသည်။ ရှန်းရူယန်လို ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးသည် ကျဆင်းနေသော ကျန်းမိသားစုလို အဖွဲ့အစည်းမျိုးနှင့် ဆက်နွှယ်မှုရှိနေမည်မှန်း သူတို့မထင်ထားခဲ့ကြပါ။

ထို့အပြင် ရှန်းရူယန်၏စကားအရ သူမအပြင် ကျန်းချန်ရွှမ်ဆိုသည့် သူမ၏ ခင်ပွန်းသည်လည်း ကျန်းမိသားစုနှင့် ဆက်စပ်နေပြန်သည်။ မူလအပြန်ဂိုဏ်း၏ ကျီဖုအဆင့် ဘိုးဘေးနှစ်ဦးကို သတ်ဖြတ်ပြလိုက်သည်ကို ကြည့်၍ ထိုလူသည်လည်း ကျီဖုအဆင့်ထက် နိမ့်ကျမည်မဟုတ်မှန်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။ ထိုစုံတွဲသည် ချိအန်းစီရင်စုတွင် မျက်နှာသစ်များ ဖြစ်သော်လည်း လျှော့တွက်ရမည့် လူစားမျိုးမဟုတ်ကြောင်း စိတ်ထဲတွင် ကြိတ်၍ မှတ်ချက်ချမိလိုက်ကြသည်။ ထိုအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်နှာမှာ ရှေးကထက် ပျော့ပြောင်းသွားပြီး ရှန်းရူယန်ကို လေးစားရိုသေဟန်နှင့် မိတ်ဆက်လိုက်သည်။

“ရှင်တို့ကို မမှတ်မိတဲ့အတွက် ခွင့်လွှတ်ပါ။ စကားမစပ် ကျွန်မက မြူခိုးတိမ်စင်မြင့်ရဲ့ အဓိပတိအကြီးအကဲ ဟွမ်ယောင်ပါ၊ တာအိုမိတ်ဆွေရှန်းတို့ ဇနီးမောင်နှံအနေနဲ့ အချိန်အားလပ်ရင် ကျွန်မတို့ဆီ လာရောက်လည်ပတ်ပါလို့ ဖိတ်ခေါ်ပါရစေ။ ကျွန်မကိုယ်တိုင် ဧည့်ခံပါ့မယ်ရှင်”

ထို့နောက် ဟွမ်ယောင်သည် သည်နေရာတွင် ကြာကြာမနေလိုတော့ဘဲ ရှန်းရူယန်ကို နှုတ်ဆက်ကာ ခပ်သုတ်သုတ် ထွက်ခွာထွားတော့သည်။ မြူခိုးတိမ်အဖွဲ့ ထွက်ခွာသွားသောအခါ ကျန်နှစ်ဖွဲ့မှာ အကြောင်သား ကျန်နေခဲ့တော့သည်။ ဟွမ်ယောင်သည် မူလအပြန်ဂိုဏ်းနှင့် ကျန်းမိသားစုအကြား ပြဿနာတွင် ကြားမဝင်လို၍ ရှောင်ထွက်သွားမှန်း သူတို့နားလည်လိုက်သည့်အတွက် ကောင်းကင်ဘုံနွေဦး ဂိုဏ်းသည်လည်း သည်အရေးကိစ္စတွင် လက်ရှောင်နေရန် ဆုံးဖြတ်လိုက်သည်။ ယို့မိသားစုမှာမူ အတိတ်တွင် မူလအပြန်ဂိုဏ်းနှင့် ဆက်ဆံမှုများ ရှိသော်လည်း ကျန်းမိသားစုက သူတို့ကို ရန်သူအဖြစ် သတ်မှတ်ထားဟန် မတူသောကြောင့် စဉ်းစားရကျပ်နေသည်။

နောက်ဆုံးတွင် ယို့မိသားစုသည်လည်း ဤအရေးတွင် လက်ရှောင်နေရန် ဆုံးဖြတ်လိုက်တော့သည်။ ရှန်းရူယန်ကိုယ်တိုင်သည်လည်း အခြေအနေကို ပိုမိုမရှုပ်ထွေးစေလိုသောကြောင့် ပြဿနာကို သည်မှာတင် အဆုံးသတ်မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် ယို့မိသားစုနှင့် ကောင်းကင်ဘုံနွေဦးဂိုဏ်းမှ ကျင့်ကြံသူများသည် ရှန်းရူယန်ကို ဂါရဝပြုပြီးနောက် အသီးသီး ထွက်ခွာသွားကြသည်။ ထိုနောက်တွင် အခြားမိသားစုများနှင့် ဂိုဏ်းများမှ စေလွှတ်လိုက်သော ကျင့်ကြံသူများ တဖွဲဖွဲ ရောက်လာကြပြန်သည်။ သို့သော် အဆိုပါကျင့်ကြံသူများသည်လည်း ဝိညာဉ်သွေးကြော ပေါက်ကွဲသည့် အကြောင်းအရင်းနှင့် ရှန်းရူယန်၏ ကျင့်ကြံမှုအဆင့်ကို သိရှိပြီးနောက်တွင် ကြာကြာမနေတော့ဘဲ အလျှိုလျှိုပြန်ကုန်ကြသည်။

သူတို့အနေနှင့် မူလအပြန်ဂိုဏ်း၏ ရင်းမြစ်များကို ရသမျှ အလစ်သုတ်သွားလိုသော်လည်း အများစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်များသာ ဖြစ်နေ၍ အားမတန်ဘဲ လက်လျှော့သွားခြင်းဖြစ်သည်။ ဟွမ်ယောင်လို ကျီဖုအဆင့်ကို စေလွှတ်ထောက်လှမ်းခိုင်းသည့် အဖွဲ့အစည်းများမှာ အနည်းငယ်သာရှိသည်။ ထို့အပြင် မူလအပြန်ဂိုဏ်း၏ ကျန်းမိသားစုအပေါ် ကျူးလွန်မှုများကြောင့် ကျန်းမိသားစုက မူလအပြန်ဂိုဏ်းကို ချေမှုန်းသုတ်သင်လိုက်ခြင်းကို သူတို့အားလုံး ကန့်ကွက်လိုခြင်းမရှိပါ။ မူလအပြန်ဂိုဏ်း၏ ဘိုးဘေးနှစ်ဦးကို သုတ်သင်လိုက်သူမှာလည်း ကျန်းမိသားစု၏ ဘိုးဘေးများ ဖြစ်သောကြောင့် ထိုရင်းမြစ်များကို အရသင့်ဆုံးမှာလည်း ကျန်းမိသားစုပင်ဖြစ်ကြောင်း သူတို့နားလည်ထား၍လည်း အသာလက်ရှောင်သွားကြခြင်းဖြစ်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းရန်ယီတို့လူစုသည် မူလအပြန်ဂိုဏ်းတွင် ကျန်ရစ်ခဲ့သည့် ရင်းမြစ်များ၊ ရတနာများအားလုံးကို သိမ်းဆည်းထုပ်ပိုးပြီးဖြစ်သည်။ ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်တစ်ယောက် ပြန်လည်ရောက်ရှိလာတော့သည်။

***

All Chapters