← Chapters

ယို့မိသားစုဘိုးဘေး

Vol. 9 Ch. 178

ယို့မိသားစုဘိုးဘေး

Vol. 9 Ch. 178

“စီနီယာဦးလေး”

“ဘိုးဘေး”

ကျန်းရန်ယီဦးဆောင်သော ကျန်းမိသားစုဝင်များအားလုံး ကျန်းချန်ရွှမ်ကို နှုတ်ဆက်လိုက်ကြသည်။ ရှန်းရူယန်သည်လည်း ရှေ့ထွက်လာပြီး ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ ယောက်ျား”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“ပြီးခဲ့ပြီ”

ထို့နောက် ရှန်းရူယန်က ဖြစ်ခဲ့သမျှ အကြောင်းစုံကို ရှင်းပြလိုက်သည်။ ကျန်းချန်ရွှမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျန်းရန်ယီတို့လူစုကို ကြည့်ပြီး

“ရန်ယီ၊ ရန်တောက်နဲ့ အကြီးအကဲလျူ ခုနက ရူယန်ပြောတဲ့ ကျီဖုအဆင့် မိသားစုတွေနဲ့ ဂိုဏ်းတွေကို ကိုယ်စားလှယ်လွှတ်ပြီး ကျန်းမိသားစုကို လာရောက်လည်ပတ်ဖို့ ဖိတ်လိုက်ပါ”

ကျန်းရန်ယီတို့လည်း ကျန်းချန်ရွှမ်၏ အမိန့်ကိုကြားလျှင် ရိုသေစွာ ဦးညွတ်လိုက်ကြသည်။ ကျန်းချန်ရွှမ်၏ ရည်ရွယ်ချက်ကို သူတို့အားလုံး ရိပ်စားမိလိုက်ကြသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်မှ ဦးဆောင်ပြီး ကျန်းမျိုးနွယ်စုဝင်အားလုံး မူလအပြန်ဂိုဏ်းဌာနချုပ်ကို စွန့်ခွာပြီး ကျန်းမိသားစု အခြေစိုက်ရာ ဌာနချုပ်သို့ ပြန်ရန်ပြင်ဆင်လိုက်တော့သည်။ ကျန်းချန်ရွှမ်အနေနှင့် မူလအပြန်ဂိုဏ်းဌာနချုပ်ကို သိမ်းပိုက်ရန် စိတ်ကူးမရှိပါ။ အဆင့် ၃ ဝိညာဉ်သွေးကြောမှာ သုံးမရအောင် ပျက်စီးသွားပြီဖြစ်၍ ဤအရပ်ဒေသတွင် ဝိညာဉ်ချီဓာတ်များ တဖြည်းဖြည်း ပါးလျားလာပြီး နောက်ဆုံးတွင် အသုံးမဝင်သည့် ဖြုန်းမြေအဖြစ်သို့ ရောက်ရှိသွားပါလိမ့်မည်။

ကျင့်ကြံခြင်းလောကတွင် ပိုင်ရွှမ်းဟုန်၏ ဝိညာဉ်သွေးကြောကို ဖျက်ဆီးသည့် အပြုအမူမျိုးသည် မလုပ်သင့်၊ မလုပ်အပ်သည့် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ ဝိညာဉ်သွေးကြောများသည် ကောင်းကင်ဘုံမှ လက်ဆောင်များဖြစ်ပြီး အနှစ်သာရကိုးပါး မသေမျိုးကျင့်ကြံရေးလောကရှိ ကျင့်ကြံသူများ တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန် ကူညီပေးသည့် ရတနာများဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူများသည်ပင် တော်ရုံအကြောင်းပြချက်နှင့် ဝိညာဉ်သွေးကြောများကို ဖျက်ဆီးလေ့မရှိပါ။

ကောင်းကင်မှ ချီးမြှင့်ထားသော လက်ဆောင်ကို ဖျက်စီးလျှင် မကောင်းသည့်ကံကြမ္မာများသည် ဖျက်စီးသူများအပေါ် အလုံးအရင်းနှင့် ကျရောက်မည်ဖြစ်သည်ဟု အယူရှိခြင်းကြောင့်ဖြစ်သည်။ ပိုင်ရွှမ်းဟုန်တစ်ယောက် ကျန်းချန်ရွှမ်၏ လက်ချက်ဖြင့် ဘဝတစ်ပါး ပြောင်းသွားရခြင်းမှာလည်း ကောင်းကင်မှချမှတ်သည့် ကံကြမ္မာဆိုးနှင့် တစ်စိတ်တစ်ပိုင်း ပတ်သက်နေသည်ဟု ယူဆနိုင်ဖွယ်ရှိသည်။ ဝိညာဉ်သွေးကြောကို ဖျက်စီးသူနှင့် သူကိုယ်စားပြုသော ဂိုဏ်းအဖွဲ့အစည်းသည် လောကမှ အပြီးတိုင်ဖယ်ရှားခံရမည်ဟု ဆိုရိုးရှိပါသည်။

ကျန်းမိသားစု အခြေစိုက်ရာ ရွှမ်းမင်တောင်ထိပ်တွင် ဖြစ်သည်။ ရွှမ်းမင်တောင်ထိပ်တွင် အနီးတစ်ဝိုက်ရှိ တောင်ထွတ်များအနက် အမြင့်ဆုံးတောင်ဖြစ်သလို ဝိညာဉ်ချီဓာတ်များသည်လည်း မကုန်ခန်းနိုင်အောင် များပြားသိပ်သည်းလှသည်။ တောင်ထွတ်တစ်နေရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိသည်။ ကျန်းချန်ရွှမ်မှ မိသားစုအကြီးအကဲအဖြစ် ခန့်အပ်ထားသည့် ကျန်းရန်ယီသည် သူတို့နှစ်ဦးအနီးသို့ ချဉ်းကပ်လာပြီး စာရင်းစာရွက်တစ်ခုကို ရိုသေစွာ ကမ်းပေးလိုက်သည်။

“စီနီယာဦးလေးနဲ့ အဒေါ်၊ ဒီစာရင်းက မူလအပြန်ဂိုဏ်းကနေ သိမ်းဆည်းရမိတဲ့ ရတနာပစ္စည်းစာရင်းပါ။ စီနီယာတို့အတွက် အသုံးဝင်နိုင်မဲ့ ပစ္စည်းမျိုးရှိမရှိ ကြည့်ပေးပါဦး”

ကျန်းချန်ရွှမ်သည် စာရင်းကိုစစ်ဆေးကြည့်ရာ သိမ်းပိုက်မိသော ပစ္စည်းအရေအတွက်မှာ များပြားလှကြောင်း သတိပြုမိသည်။ အများစုမှာ အဆင့် ၁ နှင့် ၂ ဝိညာဉ်အမြစ်များ၊ အခြေခံတည်ဆောက်ခြင်း ဆေးပြားများဖြစ်သည်။ ထို့ပြင် အခြားတန်ဖိုးကြီးပစ္စည်းများ၊ အဆောင်လက်နက်များ၊ ဝိညာဉ်ဆေးပင်များကိုလည်း အရေအတွက်မနည်း တွေ့ရှိရသည်။ သို့သော် ထိုပစ္စည်းအများစုမှာ သူနှင့်ရှန်းရူယန်တို့အတွက် အသုံးဝင်လှခြင်းမရှိပါ။ သို့သော် ထိုပစ္စည်းများအနက် တောင်ကာအစီအရင်ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာမူ ကျန်းမိသားစု၏ ဌာနချုပ်အတွက် အစီအရင်ခံတပ် ဖန်တီးရာတွင် အသုံးဝင်နိုင်သည်။ ကျန်းချန်ရွှမ်က ထိုကုန်ကြမ်းများကို ညွှန်ပြလျက်

“ဒီပစ္စည်းတွေကိုထားခဲ့ပြီး ကျန်တဲ့ပစ္စည်းတွေကို ပြန်ယူသွားပါ။ ကျုပ်နဲ့ရူယန်က ဒီကုန်ကြမ်းတွေကို သုံးပြီး တောင်ကာအစီအရင်တစ်ခု စီရင်ဖို့ ကြံစည်ထားတယ်”

တစ်ဆက်တည်းတွင် ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကျန်းရန်ယီအား ပေးအပ်လိုက်သည်။

“ဒီပစ္စည်းတွေက ကျုပ်နဲ့ ရူယန်တို့အတွက် အသုံးမဝင်ဘူး၊ ဒါပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေအတွက် အကျိုးများလိမ့်မယ်။ သူတို့အားလုံးရဲ့ စွမ်းဆောင်ချက်အပေါ် မူတည်ပြီး မျှတအောင် ခွဲဝေပေးလိုက်ပါ၊ ကျုပ်တို့အနေနဲ့ အချိန်တိုအတွင်းမှာ မျိုးနွယ်စုရဲ့ အင်အားတိုးတက်အောင် ပြင်ဆင်ရမယ်။ ကျီဖုအဆင့် မိသားစုဖြစ်ပြီး အခြေခံတည်ဆောက်ခြင်း အဆင့်လေးဦးပဲ ရှိသေးတာတော့ သိပ်မဟုတ်သေးဘူး”

ကျန်းရန်ယီသည် ကျန်းချန်ရွှမ်ကမ်းလိုက်သော လက်စွပ်ကို ရိုသေစွာ လက်ခံယူလိုက်သည်။ ပါဝင်ပစ္စည်းများကို စစ်ဆေးလိုက်သောအခါတွင် ကျန်းရန်ယီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ လက်စွပ်တွင် ပါဝင်သော ပစ္စည်းအများစုသည် အဆင့် ၁ နှင့် ၂ အနိမ့်စားများဖြစ်သော်လည်း အဆင့် ၂ အမြင့်ဆုံးနှင့် အလယ်အလတ်အဆင့် ရတနာများသည်လည်း မနည်းလှပါ။ ဤရတနာ၊ ရင်းမြစ်များသည် ကျန်းမိသားစုအတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း ကျန်းရန်ယီ သိလိုက်သည်။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အဆင့်နိမ့် ကျင့်ကြံသူများအတွက် အထောက်အကူ ကောင်းကောင်းဖြစ်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် သူ့နှလုံးသားတွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည့်အတွက် ကျန်းချန်ရွှမ်အား ကျေးဇူးတင်စွာ ဦးညွတ်လိုက်တော့သည်။

ကျန်းရန်ယီပြန်သွားသောအခါ ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို အဓိပ္ပာယ်ပါစွာ ပြုံးလိုက်သည်။

“ယောက်ျား ရှင် သူတို့အပေါ် ဒီလောက်ရက်ရောမယ်လို့ မထင်ထားခဲ့ဘူး”

ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းခါလိုက်သည်။

“ကိုယ်တို့နှစ်ယောက် ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ သူတို့အားလုံးက ကိုယ်တို့မိသားစုဝင်တွေ ဖြစ်လာပြီလေ။ ဒီမိသားစုအင်အားကြီးမားလာအောင် ဆောင်ရွက်ဖို့က ကိုယ့်ရဲ့ ဝတ္တရားဖြစ်လာပြီ။ နောက်ပြီး ဒီပစ္စည်းတွေကို ကိုယ်တို့လည်း လိုအပ်တာမှ မဟုတ်တာ။ သူတို့တွေ ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ ကိစ္စအားလုံးကို ကိုယ်တို့ အသေးစိတ်လိုက်လုပ်ပေးစရာ လိုတော့မှာမဟုတ်ဘူး”

***

All Chapters