ယို့မိသားစုဘိုးဘေး (၂)
Vol. 9 Ch. 179
“ပြီးတော့ သူတို့က ကိုယ့်ကို ကျန်းမိသားစုပိုင် ကျင့်ကြံရေးနည်းစနစ်တွေ၊ နတ်ဘုရားစွမ်းအား ကျင့်စဉ်တွေအပြင် အဆင့် ၃ ဝိညာဉ်သွေးကြောရဲ့ တည်နေရာကိုပါ ပြောပြပေးထားလေ။ ကိုယ်အနေနဲ့ သူတို့အပေါ် ဒီလောက်လေးမှ မရက်ရောပေးနိုင်ရန် ကျန်းပိုင်ရှန်လို လူစားမျိူးနဲ့ ဘာကွာတော့မှာလဲ”
ကျန်းချန်ရွှမ်က ရှည်လျားစွာ ရှင်းပြလိုက်ပြီးနောက် ငွေရောင်သတ္တူလုံးတစ်ခုကို ထုတ်ယူလိုက်သည်။ သတ္တုလုံး၏ မျက်နှာပြင်တွင် လျှပ်စီးမှော်သင်္ကေတများ အပြည့်ထွင်းထုထားသည်။
“ဒီပစ္စည်းက…”
ရှန်းရူယန်သည် ထိုသတ္တုတုံးကို စိတ်ဝင်စားစွာ ကြည့်ရှုရင်း မေးခွန်းထုတ်လိုက်သည်။
“ဟုတ်တယ် လျှပ်စီးဓာတ်အခြေခံ အဆီအနှစ်ကျောက်တုံးပဲ။ ရူယန်အတွက် အသုံးဝင်လိမ့်မယ်ထင်တယ်”
“ဟုတ်တယ် ဒီပစ္စည်းက ကျွန်မအတွက် အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်”
ရှန်းရူယန်လည်း အားမနာနေတော့ဘဲ ကျောက်တုံးကို လက်ခံယူပြီး သိမ်းဆည်းလိုက်တော့သည်။ ကျန်းချန်ရွှမ်က ခြောက်သစ်ပင်နိဗ္ဗာန် နည်းစနစ်ကိုလည်း ရှန်းရူယန်အား ပြသလိုက်သေးသည်။ ရှန်းရူယန်က အနည်းငယ် လေ့လာကြည့်ပြီးနောက်
“ဒီနည်းစနစ်က အခြားတွက်ချက်ရေး နည်းစနစ်တွေနဲ့ လုံးဝမတူတဲ့ အပိုင်းတွေရှိနေတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကျင့်ကြံမှုလမ်းစဉ်နဲ့တော့ မကိုက်ဘူးပဲ”
ထို့နောက် ရက်အနည်းငယ်ကြာသွားသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုဌာနချူပ်ကို တောင်ကာ အစီအရင်ခံတပ်တစ်ခု တည်ဆောက်ပြီး ကာရံလိုက်သည်။ ကိစ္စအားလုံး ပြီးပြတ်သည့်အခါ ကျန်းချန်ရွှမ်တို့လည်း ကျင့်ကြံရာ လှိုဏ်ဂူအသီးသီးသို့ ကိုယ်စီပြန်ကာ တစ်ကိုယ်တော်ကျင့်ကြံမှုကို ပြန်လည်စတင်လိုက်သည်။ ရှန်းမိသားစုမှ ထွက်ခွာလာပြီးကတည်းက ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်ခြင်းဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးစလုံး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ကိုယ်စီချမှတ်ပြီးဖြစ်သည်။
ကျန်းချန်ရွှမ်အနေနှင့် သူသိမ်းဆည်းရရှိထားသော ဓမ္မရတနာများကို အရင်သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ ဥပမာ မျက်လုံးပြာမျောက်ဝံထံမှ ရရှိခဲ့သော ရွှေနက်တုတ်၊ လေပြင်းမိကျောင်းကြီး၏ အရပ်ခြောက်မျက်နှာစေတီ တို့ဖြစ်သည်။ တစ်ချိန်တည်းတွင် ခြောက်သစ်ပင်နိဗ္ဗာန်နည်းစနစ်ကိုလည်း စတင်ကျင့်ကြံရန် ကြံစည်ထားသည်။ ထို့အပြင် သစ်သားသလင်းကျောက်ကို အသုံးပြုပြီး သူ့ကိုယ်ပိုင် နတ်ဘုရားစွမ်းအားဖြစ်သည့် အဇူရာဧကရာဇ် ကောင်းကင်ဘုံရန်နှိမ်ဓားကိုလည်း တစ်ပါတည်း မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ရှန်းရူယန်မှာမူ လျှပ်စီးလေငှက်ခေါင်းဆောင်၏ နတ်ဆိုးအမြုတေနှင့် ကျန်းချန်ရွှမ် ပေးထားသော အဆီအနှစ်ကျောက်တုံးကို ပေါင်းစပ်ပြီး ရောင်စဉ်ငါးသွယ် မသေမျိုးရန်နှိမ်ဓားကို အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်။ တစ်ချိန်တည်းတွင် ကျီဖုနယ်ပယ် တတိယအဆင့်ကို တက်လှမ်းနိုင်ရန်လည်း ပြင်ဆင်ထားသည်။ ကျန်းချန်ရွှမ်တို့စုံတွဲ အလုပ်များနေချိန် ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များသည်လည်း သူတို့ကိုယ်စီ ရရှိထားသော ရင်းမြစ်များကို အသုံးချပြီး ကျင့်ကြံမှုအဆင့်ကို မနေမနား မြှင့်တင်လျက်ရှိသည်။
ထိုအချိန်တွင် ကျန်းရန်ယီ ပေးပို့လိုက်သော ဖိတ်ကြားစာသည် ချိအန်းစီရင်စုရှိ ကျီဖုအဆင့် မိသားစုနှင့် ဂိုဏ်းများအသီးသီးသို့ ရောက်ရှိသွားကြသည်။ ဖိတ်စာတွင် လာမည့်ငါးနှစ်အတွင်း ကျန်းမိသားစုဌာနချူပ်တွင် ဧည့်ခံပွဲကျင်းပမည်ဖြစ်၍ မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားထားသည်။ ထိုအဖွဲ့အစည်းများအားလုံးသည် ကျန်းမိသားစုအပေါ် လေးစားမှုရှိနေပြီဖြစ်၍ ဖိတ်ကြားမှုကိုလက်ခံကြောင်းနှင့် ဧည့်ခံပွဲကို တက်ရောက်မည်ဖြစ်ကြောင်း ကတိပေးလိုက်ကြသည်။
ယို့မိသားစုကို လျူလင်းလုံကိုယ်တိုင် သွားရောက်၍ ဖိတ်ကြားခြင်းဖြစ်သည်။ လျူလင်းလုံပြန်သွားသောအခါ ယို့မိသားစု၏ မိသားစုအကြီးအကဲ ယို့ချန်းပိုင်သည် ဘိုးဘေးဖြစ်သူ ယို့ကျင်းဖန်အား ဖြစ်ပျက်သမျှ အလုံးစုံကို ရှင်းလင်းတင်ပြလိုက်သည်။ ယို့ကျင်းဖန်သည် အသက်လေးရာကျော်နေပြီဖြစ်ကာ ငယ်စဉ်က အသက်ရှည်ဆေးလုံးကို စားသုံးခဲ့၍သာ ယခုအချိန်အထိ အသက်ရှင်နေခြင်းဖြစ်သည်။ ယို့ကျင်းဖန်က ယို့ချန်းပိုင်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး
“ချန်းပိုင် ငါ့ကိုမှန်မှန်ပြော။ ဒီနှစ်တွေမှာ မင်း မူလအပြန်ဂိုဏ်းနဲ့ ပေါင်းပြီး ကျန်းမိသားစုကို ပြဿနာရှာနေတာမလား”
ဘိုးဘေးဖြစ်သူ ဒေါသထွက်နေသည်ကိုမြင်လျှင် ယို့ချန်းပိုင်လည်း ကမန်းကတန်း ဒူးထောက်ချလိုက်ပြီး
“ဘိုးဘေးခင်ဗျား ဒီကိစ္စအတွက် ကျုပ်ကိုချည်း အပြစ်တင်လို့မရပါဘူး။ ကျုပ်ကို ယို့ချန်းယွမ်နဲ့ သူ့ရဲ့ တာအိုကျင့်ကြံဖက်တို့ အတင်းတိုက်တွန်းလို့ပါ”
ယို့ချင်းဖန်၏ မျက်နှာသည် ရုတ်တရက် အေးစက်တင်းမာသွားသည်။ ယို့ချန်းပိုင်မှာ ဘိုးဘေးဖြစ်သူ ပို၍ပင် ဒေါသထွက်လာသည်ကို မြင်ပြီးနောက် ထောက်ထားသော ဒူးများပင် တုန်ရီလာကာ ချွေးစေးများပြန်လာတော့သည်။ ယို့ချင်းဖန်သည် တပည့်ဖြစ်သူကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး
“ချန်းပိုင် မင်းဟာ မိသားစုအကြီးအကဲဖြစ်လျက်နဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် ငါတို့မိသားစုကို ဒုက္ခရောက်လုနီးနီး ဖြစ်စေခဲ့တယ်။ မင်းဟာ မိသားစုအကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူဖို့ မသင့်တော့ဘူး၊ မင်းကြောင့် ငါတို့အားလုံး ဒုက္ခတွေ့နိုင်တယ်”
ဘိုးဘေးစကားကိုကြားလျှင် ယို့ချန်းပိုင်၏ မျက်နှာသည် သွေးမရှိတော့သည့်အလား ဖြူဆုတ်သွားတော့သည်။ ယို့ချင်းဖန်သည် ခေါင်းယမ်းလိုက်ပြီး တည်ကြည်သည့်လေသံနှင့်
“ဒီအချိန်ကစပြီး မင်းကို မိသားစုအကြီးအကဲ အဖြစ်ကနေ ရုတ်သိမ်းလိုက်တယ်။ အနောက်ဘက်တောင်ပေါ်မှာ တစ်ယောက်တည်းနေပြီး ကိုယ့်အပြစ်ကို ပြန်သုံးသပ်ပါ။ အခွင့်မရဘဲ တောင်ပေါ်ကနေ ဆင်းလာရင် ချက်ချင်းသုတ်သင်ခံရမယ်”
***