← Chapters

မင်းအတွက်တွင်းတူးထားတယ် ၄

Vol. 011 Ch. 1056

မင်းအတွက်တွင်းတူးထားတယ် ၄

Vol. 011 Ch. 1056

မျောက်ဝံအိုကြီး ဆက်တိုက်ပြေးနေရာမှ နောက်ဆုံးတွင် ရပ်လိုက်ချိန် တွင် ရင်ယန်နန်းတော်နှင့် ကျုံကျန်းမျိုးနွယ်ဝင်များသည် အေးစိမ့်မှုကိုခံစား ရလေသည် “မင်းတို့ယုတ်ညံ့တဲ့လူသားတွေ… မင်းတို့က ငါ့နောက်ကို မရပ်မနားလိုက်နေတာ ဘာလိုချင်တာလဲ” မျောက်ဝံအိုကြီး အော်လိုက် သည်။

“ငါတို့လိုချင်တာကို မင်းမသိဘူးလား” စောင်းလာနှင့် တခြားသူများ လည်း ရပ်လိုက်ကြကာ မျောက်ဝံအိုကြီးကိုဝိုင်းလိုက်ကြသည်။

“ငါ မင်းတို့လူသားတွေကို သွေးပေးပြီးပြီလေ သူတို့ဆီကသွားတောင်း လိုက်၊ ဘာလို့ငါ့နောက်ကိုလိုက်နေကြတာလဲ” မျောက်ဝံအိုကြီးသည် ဒေါသ ဖြင့်ပြောကာ ထိုလူများကိုအော်ရင်း ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ကိုခဲလိုက် လေသည်။

လေတိုက်နှုန်းမှာ ဂယက်ထလာပြီး တောင်ကြားတစ်ခုလုံးကို လေသံ များလွှမ်းသွားလေသည်။

“မျောက်ဝံအိုကြီး မင်းက အခုဒဏ်ရာရထားတာတောင် ငါတို့နဲ့တိုက်ချင် သေးတာလား” ကျုံကျန်းချွမ်သည် မျောက်အိုကြီးအနီးသို့လျှောက်လာပြီး ပြောလိုက်သည် “မင်း ဒီနေ့ငါတို့နဲ့လိုက်ခဲ့ရမယ် မလိုက်ချင်လည်း လိုက်ရ မယ်”

“မင်းတို့လို လူသားလေးတွေလောက်က ငါနဲ့တိုက်ချင်တာလား ဟင် ငါ ဒဏ်ရာရထားပေမဲ့ မင်းတို့က ငါ့ပြိုင်ဘက်မဟုတ်ဘူး” မျောက်အိုကြီးသည် ကြေညာကာ သူတို့ဆီသို့ ဘာမှမပြောတော့ပဲ ပြေးဝင်လေသည်။

ကျုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်အဖွဲ့ဝင်များသည် ကြောက်ရွံ့ ခြင်းမရှိပဲ တစ်ယောက်ပြီးတစ်ယောက်တိုက်ကြသည်။ တောင်ကြားတစ်ခုလုံး သည် ဝိညာဉ်အရည်အချင်းအမျိုးအစားမျိုးစုံမှထွက်သော အလင်းတန်းများ ဖြင့် ဝင်းလက်နေသည်။

တောင်ကြားအပြင်တွင် မျောက်ဝံအိုကြီးနှင့် ရှင်းမျိုးနွယ်ဝင်များသည် အတူတကွရပ်နေသည်။ တောင်ကြားမှထွက်ပေါ်လာသော တိုက်ပွဲအသံများ ကိုကြားရာ ထူထဲသောမြူခိုးများအကြားတွင် မည်သည့်မြင်ကွင်းမျိုးဖြစ်နေ မည်ဆိုသည်ကို မှန်းကြည့်လို့ရနေသည်။

“ဒီထင်ယောင်ထင်မှားတည်ဆောက်မှုက တကယ်မိုက်တယ်” လူသား များ၏ တည်ဆောက်မှုများသည် အံ့သြလောက်စရာဖြစ်သည်ကို သူသိ သော်လည်း မျောက်ဝံအိုကြီး၏မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရသောအခါ သူ့အတွက် တုန်လှုပ်မိတုန်းပင်။

သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာရှိနေသည်ကို ရှီမာယူယူသိသည်နှင့် ရင်ယန် နန်းတော်မှအဖွဲ့ဝင်များနှင့် တိုက်ခိုက်မည့်အစီအစဉ်ကိုပြောင်းလိုက်သည်။ အချင်းချင်းဆက်သွယ်ပြီးနောက်တွင် တည်ဆောက်မှုအတွင်း ဖြားယောင်း ခေါ်သွားကာ ထင်ယောင်ထင်မှားတည်ဆောက်မှုစတင်ပြီး သူတို့ကို တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်စေသည်။

“တကယ်ကို အံ့သြလောက်စရာပဲ” ရှင်းမျိုးနွယ်ဝင်များ ရေရွတ်လိုက် သည် “သူ့တည်ဆောက်မှုတွေက အဲလောက်ကောင်းမယ်မှန်းမသိဘူး”

ထင်ယောင်ထင်မှားတည်ဆောက်မှုဆိုသော်လည်း သက်ရောက်မှု အမျိုးမျိုးရှိသည်။ လူအများအပြားကို မြင်ကွင်းတစ်ခုတည်းကို ထင်ယောင်ထင်မှားဖြစ်အောင် တည်ဆောက်မှုသခင်အားလုံး လုပ်နိုင်သည် မဟုတ်ပေ။

သူတို့သိသလောက်ဆိုလျှင် ရှီမာယူယူသည် အရင်ဘဝတွင် တည်ဆောက်မှုများအကြောင်းကို မသိခဲ့ပေ။ ထို့ကြောင့် သူမသည် ဤဘဝ တွင်သာ တည်ဆောက်မှုကို သင်ယူခဲ့ခြင်းဖြစ်မည်ဟု သူတို့ သုံးသပ်ကြ သည်။

သူမကဲ့သို့ အရည်အချင်းမျိုးသည် သူတို့အတွက် နိမ့်ကျသည်ဟု ခံစား ရစေသည်။

ခဏအကြာတွင် ရှီမာယူယူနှင့် ဝူလင်းယူတို့ရောက်လာကြသည်။ ပြီးနောက် ရှင်းမိုနှင့် ကုန်ရှန်ယိတို့လည်း ရောက်လာကြသည်။

“သူတို့အထဲရောက်သွားပြီလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း အကုန်လုံးအထဲမှာ” ရှင်းမို ခေါင်းညိတ်လေသည်။

ရှီမာယူယူသည် ထူထဲသောမြူခိုးများကိုကြည့်ရာ အထဲမှ အော်သံများ ထွက်လာသည်ကို ကြားလိုက်သည်။ ရှီမန်မျိုးနွယ် ချေမှုန်းခံရစဉ်က မြင်ကွင်း များ သူမ မျက်လုံးထဲတွင်ပေါ်လာသည်။

သူမ ခန္ဓာကိုယ်မှ လေအေးများ စိမ့်ထွက်လာသည်ကို ဝူလင်းယူ ခံစား မိလေသည်။ သူသည် လက်ကိုဆန့်ထုတ်လိုက်ကာ သူမပခုံးလေးကို ပုတ်ပေး လိုက်သည်။

အချိန်အနည်းငယ်ကြာသောအခါ အထဲမှအသံများ တိုးသွားပြီး ခက်ခက်ခဲခဲ တိုက်ခိုက်သူများမှအပ လူအများစု သေဆုံးကြလေသည်။

“သခင်လေး ငါတို့အဖွဲ့ဝင်တော်တော်များများသေသွားကြတယ်” ကျုံကျန်းချွမ်၏ လက်မောင်းတစ်ဖက်မှာလည်း ပြတ်သွားကာ သူ၏ နောက် လက်တစ်ဖက်သည် ဒဏ်ရာကိုကိုင်ထားပြီး တခြားဒဏ်ရာများမှလည်း သွေးများ တရစက်ထွက်နေလေသည်။

“ငါတို့တိုက်ခိုက်မှုအားက အဲလောက်နည်းသွားတယ်လို့ ဘာလို့ခံစား နေရတာလဲ” ကျုံကျန်းဆုန့်မြောင်သည် လူအနည်းငယ်သာကျန်တော့သည် ကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။

“သခင်လေး ငါတို့ တိုက်ခိုက်မှုအားနည်းသွားရင် ဂရုစိုက်လုပ်ဖို့ စွမ်းအင်မရှိတော့ဘူး သူက ငါတို့ကို ထပ်တိုက်နေဦးမှာပဲ အား…”

ငွေရောင်အလင်းတန်းသည် သူ့ဆီပျံဝဲလာရာ ပြန်တိုက်ခိုက်ရန် လက် ဝေ့ရမ်းပြီးပြင်ဆင်လိုက်သည်။ သို့သော် အလင်းတန်းသည် လှည့်ပတ်ကာ သူ ၏နောက်လက်တစ်ဖက်ကို ဖြတ်လိုက်သည်။ ထို့နောက်တွင် မီးတောက်လုံး တစ်ခုသည် တစ်နေရာမှထွက်လာကာ သူသည် လျင်မြန်စွာပင် ပြာဖြစ်သွား လေသည်။

“ဘာတွေဖြစ်နေတာလဲ မျောက်ဝံအိုကြီး တစ်ကောင်တည်းတိုက်နေ တာမဟုတ်ဘူးလို့ ဘာလို့ခံစားမိနေတာလဲ” ကျုံကျန်းဟိုင်သည် ဘေးမှလာ ကာ ကျုံကျန်းဆုန့်မြောင်ကို ပြောလိုက်သည်။

“အမှန်ပဲ” ကျုံကျန်းဆုန့်မြောင် ဆက်ပြောလေသည် “တစ်နေရာရာ မှား နေတယ်လို့ မခံစားမိဘူးလား”

“အဲလိုပုံပဲ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး” ကျုံကျန်းဟိုင် ပြောလိုက်သည်။

ကျုံကျန်းဆုန့်မြောင်သည် လူများနည်းနည်းလာသည်ကို မြင်သောအခါ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

တစ်ခုခုမှားနေသည်ကို သူခံစားမိသော်လည်း သူ ထောက်မပြနိုင်ပေ။

“ကျုံကျန်းဆုန့်မြောင် အဲမှာဘာလို့ရပ်နေတာလဲ” စောင်းလာ မတိုက်ခိုက်နိုင်တော့သည့်အချိန်တွင် ကျုံကျန်းဆုန့်မြောင် ကြောင်စီစွာရပ် ကြည့်နေသည်ကို တွေ့သောအခါ အော်လိုက်လေသည်။

ကျုံကျန်းဆုန့်မြောင်သည် ခေါင်းမော့လိုက်ရာ သူသည် မလှုပ်နိုင်တော့ သည်ကို သိလိုက်ရသည်။ သူ့မျက်လုံးများသာ ရွေ့နိုင်ပြီး တစ်လက်မမျှ လှုပ် မရပေ။

“ကျုံကျန်းဆုန့်မြောင် အဲဒါဘာအဓိပ္ပာယ်လဲ” ရင်ယန်နန်းတော်အဖွဲ့ဝင် များသည် သူ ဒီအတိုင်းရပ်နေသည်ကို မြင်သောအခါ ရက်စက်စွာမေးလေ သည်။

“အဲဒါ မင်းတို့နန်းတော်သခင်လေးပဲ မင်းတို့သွားပြီး ကယ်ပါလား” ကျုံကျန်းဆုန့်မြောင်သည် တစ်ကိုယ်ကောင်းဆန်စွာပြောလေသည်။

“ငါတို့ နန်းတော်သခင်လေးဆိုတာ ဘာအဓိပ္ပာယ်လဲ ကျုံကျန်းဆုန့်မြောင် မင်းက သစ္စာဖောက်မလို့လား”

ကျုံကျန်းဆုန့်မြောင်သည် သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည် “ဟုတ်တယ် အဲတော့ဘာဖြစ်လဲ”

“ရဲတင်းလိက်တာ ကျုံကျန်းမျိုးနွယ်က မကောင်းတဲ့အကျင့်ရှိတာပဲ နန်းတော်သခင်လေးက မင်းတို့ကိုမယုံထားသင့်ဘူး”

“ကျုံကျန်းသခင်လေး တခြားသူတွေအကြောင်းမပြောနဲ့တော့ အရင်ဆုံး နန်းတော်သခင်လေးကို မြန်မြန်ကယ်လိုက်ပါ အကုန်လုံးက တစ်မိသားစုလို မျိုး ရင်းနှီးကြတာပဲ”

“မိသားစုလိုရင်းနှီးတယ်ဟုတ်လား” ကျုံကျန်းဆုန့်မြောင် ဆက်ပြော လေသည် “မင်းတို့က ကျုံကျန်းမျိုးနွယ်ကို အရှေ့တန်းမှာပဲတိုက်ခိုက်ဖို့ အမြဲ တမ်းခိုင်းတယ် ငါတို့ကို အပြစ်သားတွေလိုဆက်ဆံတယ်၊ ဒီအချိန်ကျမှ ရင်းနှီး တဲ့မိသားစုတွေဖြစ်သွားကြရောလား…. ငါတို့ကိုဘယ်တုန်းက မိသားစုလို ဆက်ဆံဖူးလို့လဲ”

“ကျုံကျန်းဆုန့်မြောင် မင်းတို့ ကျုံကျန်းမျိုးနွယ်တွေ ကိုယ့်သေတွင်း ကိုယ် မတူးတာကောင်းမယ်”

“ဟုတ်လား” ကျုံကျန်းဆုန့်မြောင် လှုပ်မရသည်နှင့် သူ့အဖွဲ့ဝင်များ လည်း လှုပ်မရပေ။

“မင်းတို့ ဒီလိုမျိုးလုပ်နေရင် ငါတို့ပြန်ရောက်တဲ့အချိန်က ဒီကိစ္စကို သေချာပေါက် နန်းတော်သခင်ဆီ တင်ပြရလိမ့်မယ်၊ အဲအချိန်ကျရင် မင်းတို့ကျုံကျန်းမျိုးနွယ်က ဘယ်လိုမျိုးလွတ်မလဲဆိုတာ ကြည့်ကြတာပေါ့”

“မင်းပြန်ပြီးတော့ သတင်းပေးဖို့အခွင့်အရေးရှိဦးမယ်ထင်နေတာလား” ကျုံကျန်းဆုန့်မြောင်သည် နှာမှုတ်လေသည်။

ထိုလူများသည် အန္တရာယ်လာနေသည်ကို ခံစားမိကာ အနောက်ဆုတ် လိုက်ပြီး ပြောလေသည် “ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

“ဘာလုပ်ဖို့ကြိုးစားနေတာလဲ ဟုတ်လား… မသိသာဘူးလား” ကျုံကျန်း ဆုန့်မြောင်သည် သွားဖြဲရယ်မောလိုက်ရာ တခြားသူများသည် ကြက်သီးများ ပင်ထလေသည်။

“ဟင်း ဒီအခြေအနေနဲ့ဆိုရင် မင်းတို့လည်း ပြေးမလွတ်ပါဘူး၊ မျောက်ဝံ အိုကြီးနဲ့ တိုက်ခိုက်တာကောင်းမယ် ပြီးမှစာရင်းရှင်းကြမယ်” လူတစ်ယောက် သည် အဖြစ်အပျက်ကိုရှင်းသွားကာ ပြောလိုက်သည်။

ကျုံကျန်းဆုန့်မြောင်သည် စကားမပြောတော့ပေ။ သိုပသော် ရင်ယန် နန်းတော်ကိုလည်း ဘာမှမလုပ်ပေ။

“အား…”

စောင်းလာသည် မျောက်ဝံကြီးရိုက်ချက်ကြောင့် ပျံသွားပြီး မြေပေါ်သို့ ပြင်းထန်စွာကျလေသည်။

“နန်းတော်သခင်လေး”

ရင်ယန်နန်းတော်အဖွဲ့ဝင်များအားလုံး ပျံလာကြသည်။ တချို့မှာ စောင်းလာကို ကူညီကြာ တခြားသူများသည် မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို တားဆီးလေသည်။

“အား…”

ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ်သွားကာ ထိုလူများသည် အပိုင်းပိုင်း ဖြစ်သွားလေသည်။

“ခဏလေး အဲလိုအားက မျောက်ဝံအိုကြီးဆီကမဟုတ်ဘူး ငါတို့ကို တိုက်ခိုက်နေတာ မျောက်ဝံအိုကြီးမဟုတ်ဘူး” ကျုံကျန်းဆုန့်မြောင် အော် လိုက်သည်။

“မျောက်ဝံအိုကြီးမဟုတ်ဘူးလား”

အားလုံးသည် မျောက်ဝံအိုကြီးကိုကြည့်လိုက်သည်။ သူတိုက်ခိုက်တာ သေချာနေတာကို ဘာလို့ မျောက်ဝံအိုကြီး တိုက်ခိုက်တာမဟုတ်ဘူးလို့ ပြော ရတာလဲ။

“အဲတိုက်ခိုက်မှုတွေက ကိုယ့်လူတွေဆီကလာတာပဲ အားလုံး လှုပ်တာ ရပ်လိုက်ရင် တိုက်ခိုက်မှုကရပ်သွားလိမ့်မယ်” ကျုံကျန်းဆုန့်မြောင် အော် လိုက်သည်။

ရင်ယန်နန်းတော်အဖွဲ့ဝင်များသည် ထိုပြင်းထန်သောပေါက်ကွဲမှု ကြောင့် လွင့်ပျံသွားကာ တချို့မှာ မြေပေါ်တွင် ပြင်းထန်စွာဒဏ်ရာရနေလျက် ရှိသည်။ ကျုံကျန်းမျိုးနွယ်များသာ ရပ်လျက်ကျန်ရှိလေသည်။ ကျုံကျန်းဆုန့်မြောင်ပြောလိုက်သည်နှင့် သူတို့အားလုံး လှုပ်ရှားမှုကိုရပ်လိုက် ကြသည်။

မျောက်ဝံအိုကြီးသည် ထိုနေရာတွင် ရှိနေသော်လည်း လှုပ်ရှားမှုရပ် သွားသည်။

“တကယ်ပဲရပ်သွားတာပဲ”

“အဲဒီမျောက်ဝံအိုကြီးက အတုအယောင်ပဲ”

“ဘာတွေဖြစ်နေတာလဲ”

အားလုံးသည် တုန်လှုပ်သွားကြသည်။ ကျုံကျန်းဆုန့်မြောင် တစ်ယောက်သာ သတိပြန်ဝင်လာသည်။

“ငါတို့ တည်ဆောက်မှုတစ်ခုထဲဝင်သွားခဲ့တာပဲ ငါမှန်းတာမမှားဘူးဆို ရင် ထင်ယောင်ထင်မှားတည်ဆောက်မှုတစ်ခုပဲ”

“ဟားဟား.. ကျုံကျန်းသခင်လေးက တကယ့်ကိုပဲ တခြားသူတွေထက် ဉာဏ်ကောင်းတာပဲ” ထိုရယ်သံနှင့်အတူ တောင်ကြားကိုဖုံးလွှမ်းထားသော ထူထဲသော မြူခိုးသည် တဖြည်းဖြည်းပါးသွားလေသည်။

***

All Chapters