စနစ်မှပေးသည့် မစ်ရှင်နှစ်ခု
Vol. 10 Ch. 182
ရှန်းရူယန်က ခေတ္တမျှစဉ်းစားလိုက်ပြီး
“ယို့မိသားစုက လျှော့တွက်လို့မရတဲ့ အနေအထားမှာရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ မိသားစု အကြီးအကဲက ကျီဖုနယ်ပယ်ကို တက်လှမ်းနိုင်၊ မနိုင်ဆိုတဲ့အချက်ပေါ်ပဲ အဓိက မူတည်လိမ့်မယ်ထင်တယ်”
“မှန်တယ်”
ကျန်းချန်ရွှမ်က ဇနီးဖြစ်သူစကားကို ထောက်ခံလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ ပဓာနဖြစ်သည်။ မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်မျှအထိ ဉာဏ်ပညာ ထက်မြက်နေပါစေ၊ ခွန်အားမရှိလျှင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပါ။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့သည် ယို့မိသားစုအကြောင်းကို ဆက်လက်မပြောဆိုတော့ဘဲ စကားစဖြတ်လိုက်သည်။
ကျန်းချန်ရွှမ်က အဆင့် ၃ အလယ်အဆင့် ထူးကဲကြယ်မြက်ကို ရှန်းရူယန်ထံ ကမ်းပေးရင်း
“ရူယန် မင်းရဲ့ ဓမ္မစွမ်းအင် စုဆောင်းမှုက အနေအထားတစ်ခုကို ရောက်နေပြီထင်တယ်။ ဒီကြယ်မြက်နဲ့ ပေါင်းစပ်လိုက်ရင် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်မှာ သေချာတယ်”
အမှန်တွင် ရှန်းရူယန်ထံတွင် အတိတ်ဘဝက ကျင့်ကြံခဲ့သော စွမ်းအင်များ ပိုင်ဆိုင်ထားပြီး ထိုအချက်ကြောင့်ပင် သာမန်ကျင့်ကြံသူများထက် ပိုမိုမြန်ဆန်စွာ ခရီးရောက်ခြင်းဖြစ်သည်။ ရှန်းရူယန်က ကြယ်မြက်ကို လှမ်းယူရင်း ပြုံးလိုက်သည်။
“အရင်ဆုံး ရွက်ပြာဝိညာဉ်ပန်းကို အရင်ရှာကြတောပေါ့။ အဲဒီပန်းကိုတွေ့ရင် ဒီကြယ်မြက်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ထူးကဲကြယ်ဆေးပြားကို ဖော်စပ်လို့ ရနိုင်တယ်၊ ဒါဆိုရင် ကျွန်မတို့နှစ်ယောက်လုံး ဒီကြယ်မြက်ရဲ့ အစွမ်းကို ခံစားခွင့်ရပြီပေါ့”
ရှန်းရူယန်ရည်ညွန်းသည့် ထူးကဲကြယ်ဆေးပြား ဆိုသည်မှာ ကျီဖုအဆင့် ကနဦးအဆင့် ကျင့်ကြံသူတစ်ဦးကို အလယ်အလတ်အဆင့်ထိ တိုးမြှင့်ပေးနိုင်သော ရတနာဆေးပြား ပင်ဖြစ်သည်။ အဆိုပါဆေးပြားမျိုးမှာ ဈေးကွက်တွင် မရှိသလောက် ရှားပါးပြီး ရှိလျှင်လည်း ခဏချင်း ရောင်းကုန်သွားတတ်ကြသည်။ ထိုတစ်ခဏတွင် ရှန်းရူယန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်နှင့်
“ဒါနဲ့…လောလောဆယ် အချိန်ရှိတုန်း ကျွန်မရှင့်ကို အဂ္ဂိရတ်နဲ့ အစီအရင်ဖွဲ့စည်းခြင်း နည်းနာတွေ သင်ပေးဦးမယ်”
ရှန်းရူယန်သည် အတိတ်ဘဝမှ မှတ်ဉာဏ်များကို ရှေးယခင်ကထက် ပိုမိုမှတ်မိလာကြောင်း ကျန်းချန်ရွှမ် သတိပြုမိသည်။ ထို့ကြောင့်ပင် ဒီနှစ်ပိုင်းအတွင်းတွင် သူမ၏ အဂ္ဂိရတ်၊ လက်နက်သန့်စင်ခြင်း၊ အစီအရင်ခံတပ်ဖန်တီးခြင်းနှင့် အဆောင်လက်နက် ပြုလုပ်ခြင်း နယ်ပယ်များတွင် သိသိသာသာ တိုးတက်လာခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိတော့ ရှန်းရူယန်၏ အဆိုပါနယ်ပယ်များရှိ စွမ်းဆောင်ရည်သည် အမြင့်ဆုံးအဆင့်ကိုတော့ မရောက်သေးပါ။ ထိုသို့ဖြစ်ရခြင်းမှာ ရင်းမြစ်နှင့် ကုန်ကြမ်းပစ္စည်းများ မလုံလောက်ခြင်းကြောင့်ဖြစ်သည်။ ရှန်းရူယန်၏ အရည်အချင်းနှင့် မပတ်သက်ပါ။
ထို့ကြောင့် ကျန်းချန်ရွှမ်က ပြုံးလျက် သဘောတူလိုက်သည်။
“ကောင်းပြီလေ။ ကိုယ့်မိန်းမကိုပဲ ဒုက္ခပေးရတော့မယ်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်တစ်ယောက် နှစ်ရှည်ကာလများစွာ စောင့်ဆိုင်းနေခဲ့ရသော စနစ်မှ အချက်ပေးသံ ဝင်လာတော့သည်။
[စနစ်မှ မစ်ရှင်အသစ် ကြေညာလိုက်သည်။ စနစ်ပိုင်ရှင် အဂ္ဂိရတ်ပညာဆိုင်ရာ အောင်မြင်မှုတစ်ရာ ရယူပါ]
[ စနစ်မှ မစ်ရှင်အသစ် ကြေညာလိုက်သည်။ စနစ်ပိုင်ရှင် အစီအရင်အကွက် ဖန်တီးခြင်းနှင့် သက်ဆိုင်သော အောင်မြင်မှုတစ်ရာ ရယူပါ ]
သည်တစ်ခါတွင် စနစ်မှ မပေးစဖူး မစ်ရှင်နှစ်ခုကို တစ်ဆက်တည်း ပေးလိုက်ခြင်းကြောင့် ကျန်းချန်ရွှမ် အံ့အားသင့်မိသွားသည်။ သူရှန်းရူယန်ကို အစီအရင်ကွက် ဖန်တီးခြင်းနှင့် အဂ္ဂိရတ်ပညာကို သင်ယူမည်ဟု ကတိပေးပြီးပြီးချင်း စနစ်က မစ်ရှင်နှစ်ခုကို ကြေညာလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်လည်း အချိန်မဆိုင်းတော့ဘဲ
“ရူယန် ဧည့်သည်တွေ မလာခင် အချိန်ရပါသေးတယ်။ အခုပဲ စသင်ကြရအောင်လား”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်တစ်ယောက် အလောသုံးဆယ်နိုင်နေခြင်းကို အထူးအဆန်းဖြစ်မိသော်လည်း ထွေထွေထူးထူး မပြောဘဲ သဘောတူလိုက်တော့သည်။
“ကောင်းပြီလေ အခုပဲစကြစို့”
ထို့နောက်တွင် နှစ်ဦးသား ရွှမ်းမင်တောင်ထွတ်ကို ပြန်သွားကြတော့သည်။ လအနည်းငယ်ကြာသွားသည်။ ရှန်းရူယန်သည် ကျန်းချန်ရွှမ် ဖန်တီးသန့်စင်ထားသော အဆင့် ၁ ချီစုဆောင်းရေး ဆေးပြားများကို ကြည့်လျက် မှင်သက်နေမိသည်။ ကျန်းချန်ရွှမ်သည် အဆိုပါဆေးပြားများ နောက်တစ်သုတ်ကို သန့်စင်ရန် ပြင်ဆင်လျက်ရှိသည်။ ရှန်းရူယန်တစ်ယောက် မနေနိုင်တော့ဘဲ
“ယောက်ျား ရှင် ဒီဆေးပြားတွေကို နောက်ထပ် ဘယ်လောက်လုပ်ဦးမှာလဲ”
ဆေးပြားများအတွင်းသို့ ဆေးဖက်ဝင် သစ်ဥသစ်ဖုများ ထည့်သွင်းနေသော ကျန်းချန်ရွှမ်သည် ဇနီးဖြစ်သူ၏ စကားကြောင့် လက်များတုံ့ဆိုင်းသွားပြီး ပြုံးပြလိုက်သည်။
“ဒီတစ်သုတ် နောက်ဆုံးပါပဲ၊ ဒါတွေပြီးသွားရင် နားပါပြီ”
အမှန်အတိုင်း ဝန်ခံရလျှင် ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း ထိုဆေးပြား အရေအတွက် တစ်ရာ ပြုလုပ်ရသည်ကို သေမတတ် ငြီးငွေ့မိပါသည်။ သို့သော် ထိုဆေးပြားသည် ဖန်တီးရအလွယ်ဆုံး ဖြစ်သလို ကုန်ကြမ်းပစ္စည်းမှာလည်း ဈေးပေါ၍ ကျန်းချန်ရွှမ်အနေနှင့် မစ်ရှင်အလွယ်ပြီးနိုင်ရန် သည်နည်းလမ်းကို ရွေးရခြင်းဖြစ်သည်။ ချီစုဆောင်းရေး ဆေးပြားတစ်ရာ ပြီးဆုံးသွားသောအခါ မျှော်လင့်နေသော စနစ်ထံမှ အချက်ပေးသံသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။
[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဂ္ဂိရတ်ဆိုင်ရာ အောင်မြင်မှုတစ်ရာကို ရယူပြီးပါပြီ။ ဆုလာဘ်အနေနှင့် အဂ္ဂိရတ်ဆိုင်ရာ ပါရမီအမှတ် +၁ နှင့်အတူ ပဲစေ့စစ်သည် ဆေးပြားဖော်စပ်နည်းကို ရရှိပါမည် ]
ပါရမီအမှတ်သည် ကျန်းချန်ရွှမ်၏ အဂ္ဂိရတ်ပညာ သင်ကြားရေးအတွက် အထောက်အကူဖြစ်မည်မှာ သေချာသည်။ တစ်ချိန်တည်းတွင် ပဲစေ့စစ်သည် ဆေးပြားဖော်စပ်နည်းကို ရရှိလိုက်ခြင်းကြောင့် အနည်းငယ်အံ့အားသင့်မိသည်။ အဆိုပါဆေးပြားသည် စစ်သည်များ ဖန်တီးနိုင်သော ဆေးပြားတစ်မျိုးဖြစ်ပြီး အသုံးပြုသူ အပေါ်မူတည်ပြီး အဆင့် ၁ မှ ၃ အတွင်း ရှိနိုင်သည်။ သူ၏ကျင့်ကြံမှု အဆင့်အတန်းကြောင့်လား ဝေခွဲမရသေးသော်လည်း လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် အဆင့် ၃ အထိသာ အမြင့်ဆုံး ဖန်တီးနိုင်ပါသေးသည်။
ထို့ပြင် အဆင့် ၃ ပဲစေ့စစ်သည် ဆေးပြားကို ဖန်တီးရန် အဆင့် ၃ အဂ္ဂိရတ်ပညာအပြင် အဆင့် ၃ ကုန်ကြမ်းပစ္စည်းဖြစ်သည့် ကျောက်စိမ်း ဝိညာဉ်ဂျုံစေ့ ကိုလည်း လိုအပ်ပါသည်။ အဆိုပါဂျုံစေ့သည် ကျီဖုအဆင့် ကျင့်ကြံသူများ စားသုံးရန် အထူးသင့်တော်သည့် ဆန်တစ်မျိုးကို ထုတ်လုပ်ပေးသည့် အစေ့ဖြစ်သည်။ ထိုဆန်သည် သာမန်ဆန်၊ ထမင်းများနှင့် မတူဘဲ ဆန်စေ့တစ်စေ့လျှင် လက်သီးဆုပ်ခန့်ရှိပြီး တစ်စေ့စားသုံးရုံဖြင့် ကုန်ခန်းသွားသော ဓမ္မစွမ်းအင်များကို အပြည့်ဖြည့်တင်းပေးနိုင်သည့် ဝိညာဉ်ရင်းမြစ်တစ်မျိုး ဖြစ်သည်။ ထို့အပြင် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။
သို့သော် ဝိညာဉ်ဂျုံစေ့တစ်စေ့လျှင် အများဆုံး ဆန်စေ့သုံးစေ့ကိုသာ ထုတ်လုပ်ပေးနိုင်ပါသည်။ ထိုအချက်ကိုကြည့်၍ ဝိညာဉ်ဂျုံစေ့၏ တန်ဖိုးကြီးမားပုံကို အလွယ်သိနိုင်သည်။ အဆင့် ၁ နှင့် ၂ ပဲစေ့စစ်သည် ဆေးပြားများကိုတော့ ကုန်ကျစရိတ် နည်းနည်းဖြင့် ဖော်စပ်နိုင်ပါသည်။ သို့သော် အဆိုပါ အဆင့်နိမ့်ဆေးပြားများသည် သူနှင့် ရှန်းရူယန်အတွက် အသုံးမဝင်လှဟု ကျန်းချန်ရွှမ် ယူဆမိသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား ထိုဆေးပြားဖော်စပ်နည်းကို ဝေမျှလိုက်သည်။ အစပထမတွင် ရှန်းရူယန်သည် နဝေတိမ်တောင် ဖြစ်နေသေးသော်လည်း ဆေးပြားဖော်စပ်နည်းကို အစအဆုံးဖတ်ရှုပြီးသောအခါ မျက်နှာထားပြောင်းသွားပြီး ကျန်းချန်ရွှမ်ကို ကြည်ညိုလေးစားစွာ ကြည့်ရင်း
“ယောကျ်ား ရှင် ဒီဆေးပြားဖော်စပ်နည်းကို ဘယ်ကရှာတွေ့တာလဲ။ ကျွန်မဘဝမှာ ဒီလိုဆေးပြားမျိုး တစ်ခါမှ မမြင်ဖူးဘူး”
ထို့နောက်တွင် ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ အဖြေကိုပင် မစောင့်တော့ဘဲ ကုန်ကြမ်းပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။
“ကျွန်မမှာ ပဲစေ့စစ်သည်ဆေးပြား သန့်စင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတချို့ ရှိထားတယ်၊ ကျွန်မကြိုးစားပြီး သန့်စင်ကြည့်မယ်”
***