ဧည့်သည်များရောက်လာခြင်း
Vol. 10 Ch. 183
ရက်အနည်းငယ်ကြာပြီးနောက် ရှန်းရူယန်သည် မီးဖိုအဖုံးကို လှပ်လိုက်ရာ အဆင့် ၂ ပဲစေ့စစ်သည်ဆေးပြား ၂ ပြားနှင့် အဆင့် ၁ ဆေးပြား ၁၀ ပြားကို တွေ့လိုက်ရတော့သည်။ အဆင့်၂ ဆေးပြားများသည် ရွှေရောင်ဖျော့ဖျာ့ အဆင်းရှိသည်။ ရှန်းရူယန်က ဆေးပြားများကို လှမ်းယူလိုက်ပြီး ကျန်းချန်ရွှမ်ကို ပြသလိုက်သည်။
“ယောက်ျား ကြည့်ပါဦး။ ဒီဆေးပြားတွေက စိတ်ဝင်စားဖို့ကောင်းတယ်”
ထို့နောက် အဆင့် ၁ ဆေးပြားတစ်ပြားနှင့် အဆင့် ၂ တစ်ပြားကို ရွေးနုတ်လျက် မြေပေါ်သို့ ပစ်ချလိုက်ရာ ရွှေရောင်မီးခိုးများ တအူအူထွက်လာသည်။ မီးခိုးများစဲလျှင် လူတစ်ဦးအရွယ်ခန့် ရှိသည့် စစ်သည်နှစ်ဦးကို မတ်တပ်ရပ်လျက်သား တွေ့လိုက်ရသည်။ စစ်သည်နှစ်ဦးလုံးသည် ရွှေရောင်လှံကိုယ်စီ ကိုင်စွဲထားကြပြီး အသွင်အပြင်မှာ ထပ်တူညီလျက် ရှိသည်။ သို့သော် အဆင့် ၂ ဆေးပြားမှ ဖန်တီးထားသော စစ်သည်၏ အော်ရာသည် အဆင့် ၁ စစ်သည်ထက် သိသိသာသာ ပိုမိုပြင်းထန်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြပြီး အတွေးတစ်ခုကို ပြိုင်တူတွေးမိလိုက်ကြသည်။ ထိုအတွေးမှာ အဆင့် ၁ စစ်သည် အများအပြားရှိနေပါက အဆင့် ၂ စစ်သည်မှာ တပ်မှုးသဘောဖြင့် ထိန်းချုပ်ပဲ့ကိုင်ရန် ဖြစ်နိုင်သလား ဟူသောအတွေးပင်ဖြစ်သည်။ ထိုအတွေး အမှန်တကယ် အလုပ်ဖြစ်ပါက ပဲစေ့စစ်သည်များ၏ တိုက်စွမ်းရည်သည် များစွာမြင့်တက်လာနိုင်သည်။
ကျန်းချန်ရွှမ်တို့သည် ထိုအတွေးကို လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ အဆင့် ၁ ဆေးပြားအားလုံးကို မြေပေါ်သို့ ပစ်ချလိုက်သည်။ ခဏချင်းတွင် ချပ်ဝတ်ကိုယ်စီ ဝတ်၍ လှံများကိုင်စွဲထားသော စစ်သည်ဆယ်ဦး ရုတ်တရက် ပေါ်လာတော့သည်။
ထိုအခိုက် အဆင့် ၂ စစ်သည်သည် ရုတ်တရက် လှံကိုမြှောက်လျက် အချက်ပေးလိုက်သည်။ ထိုအခါ အဆင့် ၁ စစ်သည်ဆယ်ဦးသည် လှံသွားပုံစံ နေရာယူလိုက်ပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းတွင် အဆင့် ၁ စစ်သည်များထံမှ ထူထဲသိပ်သည်းသော စွမ်းအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။ ထိုစွမ်းအားသည် ကနဦးအဆင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခံနိုင်လုနီးပါး အဆင့်ရှိသည်။ ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်တို့လည်း ကျေနပ်စွာ ပြုံးမိလိုက်ကြသည်။ သူတို့အတွေးမှာ မှန်နေပြီဖြစ်သည်။
အဆင့်မြင့်စစ်သည်များသည် အဆင့်နိမ့်စစ်သည်များကို အမိန့်ပေးနိုင်ရုံမက ထိုစစ်သည်များကို ပေါင်းစုပြီး ပိုမိုကြီးမားသည့် အင်အားတစ်ရပ်အဖြစ်လည်း ထုတ်ဖော်နိုင်ပါသေးသည်။ သို့သော် တိုက်ပွဲဝင်ပုံစံ နေရာယူပြီး မကြာမီတွင် စစ်သည်များအားလုံးမှာ ပြန်လည်ပျောက်ကွယ်သွားတော့သည်။ ကြာချိန်အကန့်အသတ် ရှိသော်လည်း ထိုဆေးပြားများသည် တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်ကြောင်း ကျန်းချန်ရွှမ်တို့ သိလိုက်ကြသည်။
“အခုဆိုရင် ကိုယ်တို့ရှာရမှာက တိမ်လွှာဝိညာဉ် ခရမ်းပြာရေနဲ့ ရွက်ပြာဝိညာဉ်ပန်းအပြင် ကျောက်စိမ်းဝိညာဉ်ဂျုံစေ့ ပါတိုးလာပြီပဲ”
ကျန်းချန်ရွှမ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော စစ်သည်များကို ကြည့်ရင်း ပြောလိုက်သည်။ ရှန်းရူယန်က ခေါင်းညိတ်လိုက်ပြီး
“ဧည့်ခံပွဲပြီးတာနဲ့ ရှင်နဲ့ကျွန်မ လျန်တစ်နိုင်ငံလုံးကို ရှာဖွေလေ့လာကြမယ်လေ။ ကျွန်မရဲ့ အတိတ်ဘဝတုန်းက ချန်ထားခဲ့တဲ့ ရတနာကိုလည်း တစ်ခါတည်း ရှာလိုက်ကြရအောင်”
တိုက်ဆိုင်စွာပင် ရှန်းရူယန် အတိတ်ဘဝက ချန်ရစ်ထားခဲ့သော ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်သည် လျန်နိုင်ငံတွင် တည်ရှိနေသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ ရှိနေသော ဂူ၏အပြင်ဘက်ရှိ ကန့်သတ်အစီအရင်သည် အသက်ဝင်လာသည့်အတွက် ကန့်သတ်တံဆိပ်ကို ဖယ်ရှားပြီး အပြင်မှလူကို ဝင်ရောက်ခွင့်ပေးလိုက်သည်။ ထိုသူမှာ မိသားစုအကြီးအကဲ ကျန်းရန်ယီဖြစ်နေသည်။ ကျန်းရန်ယီက
“စီနီယာဦးလေးနဲ့ အဒေါ်၊ ဧည့်ခံပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ ရောက်လာကြပါပြီ”
ကျန်းချန်ရွှမ်က ကြားဖြတ်မေးလိုက်သည်။
“သူတို့ထဲမှာ ကျီဖုအဆင့် ဧည့်သည်တွေပါလား”
“ခုထိတော့ မလာကြသေးဘူး”
ထိုအခိုက်မှာပင် ကျန်းချန်ရွှမ်တို့၏ အကြည့်က ကောင်းကင်ထက် အဝေးတစ်နေရာသို့ ရောက်သွားသည်။ ရှန်းရူယန်က ပြုံးလိုက်ပြီး
“ယောကျ်ား ပထမဆုံးတစ်ယောက်တော့ ရောက်လာပြီထင်တယ်”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းရန်ယီအား
“ရန်ယီ ပြင်ဆင်စရာ ရှိတာတွေကို အသင့်ပြင်ထားပါ။ မြူခိုးတိမ်စင်မြင့်က တာအိုမိတ်ဆွေ ဟွမ်ယောင်ကိုယ်တိုင် သူ့လူတွေကိုခေါ်ပြီး လာနေပြီ”
ကျန်းရန်ယီက ကျန်းချန်ရွှမ်အမိန့်ကို နာခံသည့်အနေနှင့် ဦးညွတ်ပြီး ထွက်ခွာသွားသည်။ တစ်ချိန်တည်းတွင် ကျန်းမိသားစု၏ နယ်မြေပြင်ပရှိ တိုင်တောင်တန်းတစ်နေရာတွင် ဖြစ်သည်။ အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောလှပသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အပြာရောင်ဝတ် မိန်းကလေးငယ်တစ်ဦးတို့သည် အမျိုးသမီးကျင့်ကြံသူများ ခြံရံလျက် ကောင်းကင်တစ်နေရာတွင် ရပ်တန့်လျက်ရှိသည်။ အဝါရောင်ဝတ် သက်လတ်ပိုင်း အမျိုးသမီးသည် ရှန်းရူယန်နှင့် တွေ့ဆုံခဲ့ဖူးသော မြူခိုးတိမ်စင်မြင့်၏ အဓိပတိအကြီးအကဲ ဟွမ်ယောင်ဖြစ်ပြီး အပြာဝတ်မိန်းကလေးမှာလည်း ဟွမ်ယောင်နည်းတူ အဓိပတ်အကြီးအကဲ တစ်ဦးဖြစ်ပြီး အမည်မှာ ဟွေ့လျန်ဖြစ်သည်။
ဟွေ့လျန်က မလှမ်းမကမ်းရှိ တောင်တန်းကိုကြည့်လျက် သက်ပြင်းချလိုက်ပြီး
“ငါးနှစ်ဆိုတဲ့ အချိန်တိုအတွင်းမှာ ကျန်းမိသားစုဟာ မထင်မှတ်ထားလောက်အောင် တိုးတက်ပြောင်းလဲသွားခဲ့တာပဲ။ ဒီနှုန်းနဲ့ဆို ကနဦးအဆင့် ကျီဖုအဆင့် မိသားစုနဲ့ ဂိုဏ်းတွေကို မကြာခင် ကျော်တက်သွားမှာ သေချာတယ်”
ဟွမ်ယောင်က ဟွေ့လျန်စကားကို ထောက်ခံလိုက်သည်။
“ညီမလေးပြောတာဟုတ်တယ်။ အနာဂတ်မှာ ကျန်းမိသားစုဟာ ချိအန်းစီရင်စုရဲ့ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်တယ်။ ဒီတော့ ငါတို့ရဲ့ ရေရှည်အကျိုးအတွက် သူတို့နဲ့ မိတ်ဖွဲ့ထားတာ မမှားဘူး”
သူတို့နှစ်ဦး စကားပြောနေချိန်တွင် ရှေ့မှောက်ရှိ မြူခိုးများမှာ ရုတ်တရက် လွင့်စင်သွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး ရောက်ရှိလာတော့သည်။ ကျန်းချန်ရွှမ်က လက်သီးဆုပ်၍ ဦးစွာ ဂါရဝပြုလိုက်သည်။
“တာအိုမိတ်ဆွေဟွမ် ခင်ဗျားအကြောင်းကို ကျုပ်ဇနီး ရှန်းရူယန်က ပြောပြထားပါတယ်။ တွေ့ရတာဝမ်းသာပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ မြူခိုးတိမ်စင်မြင့်ရဲ့ နောက်ထပ် အဓိပတိအကြီးအကဲတစ်ဦး ထင်ပါရဲ့”
ဟွမ်ယောင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“မှန်ပါတယ် သူက ကျွန်မရဲ့ ဂျူနီယာညီမလေး ဟွေ့လျန်ပါ။ ဟွေ့လျန် သူတို့က ကျန်းမိသားစုရဲ့ အဓိပတိအကြီးအကဲတွေဖြစ်တဲ့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ ဇနီးမောင်နှံပဲ”
“နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေတို့”
ဟွေ့လျန်က ချက်ချင်း ဦးညွတ်၍ ဂါရဝပြုလိုက်ရာ ကျန်းချန်ရွှမ်တို့ နှစ်ဦးလည်း အလားတူ တုံ့ပြန်လိုက်ကြသည်။ ထို့နောက် ရှန်းရူယန်က
“ရှင်တို့လည်း ခရီးဝေးက လာရလို့ ပင်ပန်းနေရော့မယ်။ အထဲကိုကြွကြပါ”
ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့လည်း ခရီးဦးကြိုပြုလျက် တန်တောင်တန်း၏ အတွင်းတစ်နေရာသို့ လမ်းပြခေါ်ဆောင်သွားသည်။ ဟွမ်ယောင်တို့ ရောက်ရှိပြီး မကြာခင် ကောင်းကင်ဘုံနွေဦးဂိုဏ်း၏ အဓိပတိအကြီးအကဲ ချန်းယွမ်ဆိုသူလည်း ရောက်ရှိလာသည်။ တစ်ဆက်တည်းတွင် လင်းနေစီရင်စုတွင် အခြေစိုက်သော ကျီဖုအဆင့်ဂိုဏ်းတစ်ခုဖြစ်သည့် ရှေးဟောင်းဝိညာဉ်တံခါးဂိုဏ်း၏ အဓိပတိအကြီးအကဲလည်း ရောက်ရှိလာပြန်သည်။ ထို့နောက်တွင် ခရမ်းရောင်မြစ်စီရင်စုမှ ယန်မိသားစုလည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတော့သည်။
***