← Chapters

ဖလှယ်ပွဲအသေးစား

Vol. 10 Ch. 184

ဖလှယ်ပွဲအသေးစား

Vol. 10 Ch. 184

ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် ကျန်းရန်ချွမ်းတို့ ညီအစ်ကိုသုံးဦးအပြင် အကြီးအကဲလျူနှင့် ကျန်းယွင်ရုံကဲ့သို့ အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူများသည် ရောက်ရှိလာကြသော ကျီဖုအဆင့် ကျင့်ကြံသူများကို ကြည့်၍ စိတ်လှုပ်ရှားနေမိကြသည်။ ယခင်ဘိုးဘေးရှိတုန်းကပင် ထိုမျှလောက် များပြားသည့် ကျီဖုအဆင့် ဧည့်သည်များ လာရောက်လည်ပတ်ခြင်းမျိုး မရှိခဲ့ပေ။ ကျန်းချန်ရွှမ်တို့ သူတို့မိသားစုကို စတင်အုပ်ချုပ်သည့် အချိန်မှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူတို့အားလုံးသည် ကျန်းချန်ရွှမ်တို့ စုံတွဲအပေါ်တွင် လေးစားမှုများ တိုးသထက်တိုးလာတော့သည်။

ကျန်းချန်ရွှမ်တို့သည် ကြွရောက်လာကြသော ဧည့်သည်များနှင့် ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့နေရာမှ တစ်စုံတစ်ခုကို သတိရမိလိုက်ဟန်နှင့်

“လူစုံတုန်း ရတနာဖလှယ်ပွဲ အသေးစားလေးတစ်ခု ကျင်းပလိုက်ကြရင် မကောင်းဘူးလား”

ကျန်းချန်ရွှမ်၏ တိုက်တွန်းစကားကို ဟွမ်ယောင်၊ ဟွေ့လျန်၊ ယို့ချင်းဖန်နှင့် ချန်ယွမ် အစရှိသည့် ကျင့်ကြံသူအားလုံး စိတ်ဝင်စားသွားကြသည်။ ယို့ချင်းဖန်က ခေါင်းညိတ်၍ ပြုံးလိုက်ပြီး

“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ ပြောတာ သဘာဝကျတယ်။ ကျုပ်မှာလည်း ရောင်းစရာ

တစ်ခုရှိတယ်။ စိတ်ဝင်စားရင် နောက်မှပြပါမယ်”

ထိုအခါ ဟွမ်ယောင်ကလည်း သဘောတူဟန်နှင့်

“ဒါဆိုရင် ကျွန်မကပဲ အရင်စပြတာပေါ့”

စကားဆုံးလျှင်ဆုံးချင်း ဟွမ်ယောင်သည် လက်ဖဝါးကို လှန်ပြလိုက်ရာ မြူခိုးပုံစံ တိမ်ကဲ့သို့ အရာတစ်ခုကို တွေ့လိုက်ကြရသည်။ ထိုအရာပေါ်တွင် ဝိညာဉ်အလင်းစက်များ တည်ရှိနေသည်ကို အားလုံးမြင်လိုက်ကြရသည်။

“ဒီပစ္စည်းကို ကောင်းကင်ကွန်ရက် တိမ်မြူလို့ခေါ်တယ်၊ ကျွန်မတို့ဂိုဏ်းမှာပဲ ရှိတဲ့ပစ္စည်းဖြစ်တဲ့အပြင် ဒီပစ္စည်းကိုသုံးပြီး အစီအရင်ကွက်တွေ ဖန်တီးလို့ရသလို အစီအရင်အလံတွေလည်း သန့်စင်လို့ရတယ်။ ဒီရတနာလေးကို အဆင့် ၃ သတ္တုအမျိုးအစား ဝိညာဉ်ရတနာတစ်ပါး သို့မဟုတ် အဆင့် ၃ သတ္တုအမျိုးအစား ကုန်ကြမ်းပစ္စည်းတစ်မျိုးနဲ့ လဲလှယ်ချင်ပါတယ်”

ထိုအခါ ကျန်းယွမ်နှင့် သက်လတ်ပိုင်းအရွယ်ရှိသည့် ဖန်စစ်ဟယ်ဆိုသည့် ရှေးဟောင်းဝိညာဉ်တံခါးဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးသည် စိတ်ဝင်စားဟန်နှင့် မျက်လုံးများ အရောင်လက်သွားကြသည်။ ကျန်းယွမ်က အဆင့် ၃ သတ္တုအမျိုးအစားဖြစ်သည့် ထူးကဲရွှေသလင်းပျံကို ပြသလိုက်သလို ဖန်စစ်ဟယ်ကလည်း ရွှေရောင်ဝိညာဉ်ဆေးရည် တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ဟွမ်ယောင်သည် ဖန်စစ်ဟယ်၏ ဆေးရည်ပုလင်းကို မြင်လျှင် စိတ်ဝင်စားသွားပြီး ကျန်းယွမ်ကို တောင်းပန်စကားဆိုလိုက်သည်။

“အားနာပေမဲ့ ဒီပုလင်းက ကျွန်မအတွက် ပိုအသုံးဝင်တာမလို့ တာအိုမိတ်ဆွေဖန်းနဲ့ပဲ လဲလှယ်လိုပါတယ်”

ထိုအခါ ကျန်းယွမ်က စိတ်ပျက်သွားဟန်နှင့်

“ဒါဆိုလည်း ရပါတယ်”

ထို့နောက် သူက ကျန်လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး

“ကျုပ်ရဲ့ ထူးကဲရွှေသလင်းပျံကို အလိုရှိတဲ့သူရှိကြလား။ ဒီပစ္စည်းနဲ့ အဆင့် ၃ အစီအရင်ပစ္စည်းနဲ့ လဲလှယ်ပါ့မယ်”

“တာအိုမိတ်ဆွေကျန်းယွမ် ခင်ဗျားပစ္စည်းနဲ့ လဲလိုတာရှိပါတယ်”

ထို့နောက် ကျန်းချန်ရွှမ်က ပျားအုံပုံစံ ကျောက်တုံးတစ်ခုကို ထုတ်ယူပြသလိုက်သည်။

“ဒီပစ္စည်းက အဆင့် ၃ အစီအရင်ဖန်တီးတဲ့ ကုန်ကြမ်းပစ္စည်းပါ”

ထိုကျောက်တုံးကို ပိုင်ရွှမ်းဟုန်၏ သိုလှောင်လက်စွပ်အတွင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမိသားစုဌာနချုပ်ကို ကာကွယ်သည့် တောင်ကာအစီအရင်ခံတပ် ဖန်တီးရာတွင် ထိုကုန်ကြမ်းများကို အသုံးပြုခဲ့ရသည်။ ယခုကျောက်တုံးသည် အသုံးမပြုလိုက်ရဘဲ ပိုလျှံနေသည့် ပစ္စည်းဖြစ်သည်။ ထိုအခါ ကျန်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး

“လဲပါ့မယ်ဗျာ”

ကျန်းချန်ရွှမ်နှင့် ကျန်းယွမ်တို့၏ ပစ္စည်းချင်းဖလှယ်မှုက ခပ်မြန်မြန်ပင် ပြီးစီးသွားသည်။ ထို့နောက်တွင် ဟွေ့လျန်နှင့် ယန်ဟွေဖုန်းတို့ကလည်း လဲလှယ်လိုသော ပစ္စည်းများကို ထုတ်ယူပြသလိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အလှည့် ရောက်သောအခါ နှစ်ဦးသားသည် တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြမိသည်။ ထို့နောက်တွင် အဆင့် ၃ ဓမ္မရတနာလှံတစ်စင်းနှင့် ကျီဖုနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူတစ်ဦးကို အလယ်အဆင့် တက်လှမ်းရာတွင် ကူညီပေးနိုင်သည့် ထူးကဲအဆီအနှစ်ဆေးပြားတို့ကို ပြသလိုက်ပြီး

“အားလုံးပဲ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို သိကြမှာပါ။ ကျွန်မတို့အနေနဲ့ တိမ်ဝိညာဉ် ခရမ်းပြာရေ သို့မဟုတ် ကျောက်စိမ်း ဝိညာဉ်ဂျုံအစေ့ ဒါမှမဟုတ် ရွက်ပြာဝိညာဉ်ပန်းနဲ့ လဲချင်ပါတယ်”

ထို့နောက် ရှန်းရူယန်တို့လည်း ဧည့်သည်များ၏ တုံ့ပြန်မှုကိုလည်း စောင့်မျှော်နေမိသည်။ ဧည့်သည်များသည်လည်း စိတ်ဝင်စားဟန် ပြသော်လည်း ရှန်းရူယန်တောင်းဆိုသော ပစ္စည်းများ ရှိနေဟန်မတူပေ။ ထိုအခါ ယို့ချင်းဖန်က ငွေရောင်အကွက်များ ယှက်ထိုးထားသည့် လိမ္မော်ရောင် ပန်းပွင့်တစ်ပွင့်ကို ထုတ်ယူပြသလိုက်ရာ ရှန်းရူယန်တို့မှာ စိတ်ဝင်စားဟန်နှင့် မျက်လုံးများ အရောင်လက်သွားသည်။

“တာအိုမိတ်ဆွေရှန်းနဲ့ကျန်း ခင်ဗျားတို့ ရွက်ပြာဝိညာဉ်ပန်း လိုချင်နေတဲ့အကြောင်းရင်းက ထူးကဲကြယ်ဆေးပြားကို ဖော်စပ်ချင်လို့မလား”

ယို့ချင်းဖန်စကားကြောင့် ဧည့်သည်အားလုံး စိတ်ဝင်စားသွားကြသည်။ ထူးကဲကြယ်ဆေးပြားသည် ကျီဖုနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူတစ်ဦးကို အလယ်အဆင့်သို့ တက်လှမ်းရာတွင် ကူညီပေးသည့် ဆေးပြားဖြစ်ပြီး သူတို့အားလုံးမှာလည်း ကျီဖုနယ်ပယ် ကနဦးအဆင့်များသာ ဖြစ်သည့်အတွက် အနည်းနှင့်အများ စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်သည်။ အားလုံး၏ အကြည့်က ကျန်းချန်ရွှမ်တို့စုံတွဲ အပေါ် ကျရောက်သွားကြသည်။ သူတို့နှစ်ဦးသည်လည်း အဂ္ဂိရတ်ပညာကို နားလည်တတ်ကျွမ်းကြောင်း ဧည့်သည်အားလုံး ရိပ်မိလိုက်ကြသည်။

“မှန်ပါတယ် ကျုပ်တို့ ထူးကဲကြယ်ဆေးပြားကို အလိုရှိနေပါတယ်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံး ကျီဖု တတိယအဆင့်ကို ရောက်ရှိနေသည်မှာ အများသိပြီးဖြစ်၍ အလယ်အဆင့်ကို တက်လှမ်းနေရန် ကြိုးစားနေခြင်းကို အထူးတလည် ဖုံးကွယ်စရာ မလိုတော့ပေ။ ထိုအချက်ကို ယို့ချင်းဖန်က သဘောပေါက်စွာ ပြုံးလိုက်ပြီး

“ကျုပ်သိသလောက်က ထူးကဲကြယ်ဆေးပြား ဖော်စပ်ဖို့ ရွက်ပြာဝိညာဉ်ပန်းကို မဖြစ်မနေ သုံးစရာမလိုပါဘူး။ ကျုပ်ကိုင်ထားတဲ့ ဒီလိမ္မော်ရောင်ပန်းနဲ့ အစားထိုးနိုင်ပါတယ်။ ရှုထောင့်တစ်ခုကကြည့်မယ်ဆိုရင် ဒီပန်းကတောင် အာနိသင် ပိုထက်မြက်နိုင်ပါသေးတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က

“ဒီကတာအိုမိတ်ဆွေယို့ ပြောချင်တာက ခင်ဗျားလက်ထဲက ပစ္စည်းနဲ့ ကျုပ်တို့ ပြသထားတဲ့ ပစ္စည်းနှစ်ခုကို လဲမယ်ပေါ့ ဟုတ်လား”

“မလဲပါဘူး”

ကျန်းချန်ရွှမ်အပါအဝင် ဧည့်သည်အားလုံးသည် ယို့ချင်းဖန်၏ အဖြေကြောင့် အံ့အားသင့်သွားကြသည်။ ထိုအခါ ယို့ချင်းဖန်က ပြုံးရယ်လျက် ခေါင်းခါလိုက်ပြီး

“ဒီလိမ္မော်ပန်းကို ခင်ဗျားတို့ကို အလကားပေးမှာပါ”

***

All Chapters