← Chapters

လျှို့ဝှက်ရတနာကို ရှာဖွေခြင်း

Vol. 10 Ch. 185

လျှို့ဝှက်ရတနာကို ရှာဖွေခြင်း

Vol. 10 Ch. 185

“ကျုပ်တို့ဖက်က ဘာမှပြန်ပေးစရာ မလိုဘူးလား”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယို့ချင်းဖန်၏ စကားကြောင့် အံ့အားသင့်သွားမိပြီး မနေနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်မိသည်။ ထို့နောက် ကျန်းချန်ရွှမ်ကပင် နှုတ်ဆိတ်နေသော ယို့ချင်းဖန်ကို တိုက်တွန်းလိုက်ပြန်သည်။

“တာအိုမိတ်ဆွေယို့ ကျုပ်တို့ဖက်က ပြန်ပြီးကူညီပေးနိုင်တာရှိရင် ပြောပါ”

ထိုအခါ ယို့ချင်းဖန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး

“ကျူပ်မရှိတော့ရင် ယို့မိသားစုကို ဆယ်နှစ်လောက် ကာကွယ်ပေးပါ”

“ဆယ်နှစ်ကာကွယ်ပေးရမယ် ဟုတ်လား”

ကျန်းချန်ရွှမ်တို့နှစ်ဦးသည် ယို့ချင်းဖန် ယခုလို တောင်းဆိုမည်ဟု မမျှော်လင့်ထားသည့်အတွက် အနည်းငယ် မှင်သက်မိသွားသည်။ ထို့နောက် သူတို့နှစ်ဦး၏ အကြည့်က ယို့ချင်းဖန်၏ နောက်တွင် ရပ်လျက်ရှိသည့် ယို့ချန်းရှန်အပေါ်တွင် ကျရောက်သွားပြီး ယို့ချင်းဖန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ ယို့ချင်းဖန်သည် ယို့ချန်းရှန်နှင့် ယို့မိသားစု၏ အနာဂတ်အတွက် ယခုလို တောင်းဆိုခြင်းဖြစ်သည်။ ယို့ချန်းရှန်သည် လက်ရှိမိသားစုအကြီးအကဲဖြစ်ပြီး အနှေးနှင့်အမြန် ကျီဖုအဆင့်ကို ရောက်ရှိမည်မှာ သေချာသော်လည်း အချိန်အတိအကျကို မခန့်မှန်းနိုင်ခြင်းက ပြဿနာတစ်ခု ဖြစ်နေသည်။

နှစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်သလို ဆယ်နှစ်မှ အနှစ်နှစ်ဆယ်အထိလည်း ဖြစ်သွားနိုင်သည်။ လက်ရှိ ယို့ချင်းဖန်၏ အခြေအနေအရ နောက်ထပ်ဆယ်နှစ်ခန့် နေနိုင်ဦးမည်ဖြစ်သော်လည်း အနှစ်နှစ်ဆယ်အထိ အသက်ရှင်နေနိုင်ရန်မှာတော့ မသေချာပါ။ ထိုအခါ ကျီဖုအဆင့်ဘိုးဘေး ကင်းမဲ့သွားသော ယို့မိသားစုသည် ပြိုင်ဘက်အင်အားစုများ၏ အနိုင်ကျင့်အမြတ်ထုတ်ခြင်းကို ကျိန်းသေခံရပါလိမ့်မည်။ ယို့ချန်းရှန်အနေနှင့်‌ နောက်ထပ် ဆယ်နှစ်ခန့် အချိန်ရလျှင်တော့ ကျီဖုအဆင့်ကို ကျိန်းသေရောက်ရှိပြီး ဘိုးဘေးအသစ်အဖြစ် မိသားစုကို ဦးဆောင်နိုင်မည်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ထိုနောက် ကျန်းချန်ရွှမ်က လိမ္မော်ရောင်ပန်းကို လှမ်းယူလိုက်ပြီး

“ခင်ဗျားရဲ့တောင်းဆိုချက်ကို ကျုပ်တို့လက်ခံတယ်။ ဒါပေမဲ့ ကျုပ်တို့တတ်နိုင်တဲ့ ဘောင်အတွင်းကနေပဲ ကာကွယ်ပေးနိုင်လိမ့်မယ်။ ကျုပ်တို့မတတ်နိုင်တဲ့ အရေးမျိုးဖြစ်နေရင်တော့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရလိမ့်မယ်”

ယို့ချင်းဖန်ကလည်း သဘောတူလိုက်သည်။

“ကောင်းပါပြီ။ ခင်ဗျားတို့မကူနိုင်တဲ့ အခြေအနေမျိုးဖြစ်နေရင် လျစ်လျူရှုလိုက်ပါ”

“ကောင်းပြီ”

ထိုအခါ ဘေးမှနားထောင်နေသော ယောင်ဟွမ်က ကြားဖြတ်လိုက်ပြီး

“ရှင်တို့နှစ်ယောက် ကျန်တဲ့ပစ္စည်းနှစ်ခု ကျောက်စိမ်းဝိညာဉ်ဂျုံစေ့နဲ့ တိမ်လွှာဝိညာဉ် ခရမ်းပြာရေကို လိုချင်နေသေးရင် ကျောက်စိမ်းရေဈေးက လေလံပွဲမှာ ရှာဖွေကြည့်ပါ”

“လေလံပွဲဟုတ်လား”

ယောင်ဟွမ်က ခေါင်းညိတ်ပြလိုက်ရင်း

“ဟုတ်တယ်။ လေလံပွဲကို ဦးစီးကျင်းပသူက လျန်နိုင်ငံရဲ့ ရွှေအမြုတေအဆင့် ဂိုဏ်းဖြစ်တဲ့ ကျောက်စိမ်းရေဓားစင်မြင့်ပါ။ ပုံမှန်အားဖြင့် ဆယ်နှစ်တစ်ကြိမ် အသေးစား လေလံပွဲကို ကျင်းပလေ့ရှိတယ်။ အလတ်စားပွဲကို နှစ်သုံးဆယ်တစ်ကြိမ်၊ အကြီးစားပွဲကို အနှစ်၁၀၀ တစ်ကြိမ် ကျင်းပတယ်။ အကြီးစားလေလံပွဲမှာဆိုရင် အမြုတေသိပ်သည်းဆေးလုံးလို ရတနာမျိုးကိုတောင် တွေ့ရနိုင်တယ်တဲ့”

ဟွမ်ယောင်၏စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အနည်းငယ် အံ့အားသင့်မိသွားသည်။ အမြုတေသိပ်သည်းဆေးလုံးဆိုသည်မှာ ကျီဖုနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို ရွှေအမြုတေနယ်ပယ်သို့ တက်လှမ်းနိုင်ရန် ကူညီပေးသည့် ဆေးပြားဖြစ်ပြီး အဆိုပါ တက်လှမ်းခြင်းဖြစ်စဉ်တွင် အမှတ်မထင် ကျရှုံးခဲ့လျှင်တောင် ကျင့်ကြံသူ၏ အသက်ကို ကာကွယ်ပေးနိုင်ရုံမက ရွှေအမြုတေနယ်ပယ် ပဏာမအဆင့်ကိုပင် ပို့ဆောင်ပေးနိုင်ချေရှိသည်။ ထို့ကြောင့် ထိုဆေးပြား ပေါ်လာချိန်တိုင်းတွင် ကျီဖုအဆင့် ကျင့်ကြံသူများသည် ဆေးပြားကို ပိုင်ဆိုင်ခွင့်ရရန် အလုအယက် ကြိုးပမ်းကြလေ့ရှိသည်။ ထို့နောက် ဟွမ်ယောင်က

“ကျွန်မသိထားတာက လာမဲ့ငါးနှစ်အတွင်း အလတ်စား လေလံပွဲ ကျင်းပလိမ့်မယ်။ အဲဒီပွဲမှာ ရှင်တို့လိုချင်နေတဲ့ ပစ္စည်းတွေ ရှိနိုင်ပါလိမ့်မယ်”

“သိပါပြီ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မထင်မှတ်ဘဲ သတင်းကောင်းတစ်ခု ကြားလိုက်ရ၍ ဝမ်းမြောက်မိသွားသည်။ အဆိုပါပစ္စည်းနှစ်မျိုးစလုံးကို လေလံပွဲတွင် ဝယ်ယူရရှိမည်ဆိုလျှင် အချိန်ကုန်လူပင်ပန်းသက်သာမည် ဖြစ်သလို ပစ္စည်းချင်း ဖလှယ်စရာမလိုဘဲ ဝိညာဉ်ကျောက်တုံးများဖြင့်သာ ပေးချေရမည့်အတွက် အဆင်ပြေလှသည်။ သူတို့နှစ်ဦးထံတွင် ဝိညာဉ် ကျောက်တုံး အရေအတွက် ခြောက်သိန်းမှ ခုနှစ်သိန်းခန့်ရှိပြီး ကျီဖုနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူနှစ်ဦးအတွက်တော့ အတော်ပင် များပြားသည့် ပမာဏတစ်ရပ်ပင်ဖြစ်သည်။

မကြာခင် ရတနာဖလှယ်ပွဲ ပြီးဆုံးသွား၍ ဧည့်သည်များလည်း အသီးသီး နှုတ်ဆက်ကာ ပြန်သွားကြသည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း ရွှမ်းမင်တောင်ထွတ်သို့ ပြန်လာခဲ့ကြတော့သည်။ လှိုဏ်ဂူသို့ရောက်လျှင် ကျန်းချန်ရွှမ်က အစီအရင်ဖန်တီးခြင်း ပညာရပ်အကြောင်းကို ရှန်းရူယန်ထံမှ အသေးစိတ်စုံစမ်းကြည့်သည်။ အစီအရင်နှင့် လက်နက်မှာ ခွဲမရလောက်အောင် အခြေခံအားဖြင့် နီးစပ်သည့် သဘောရှိသည့်အတွက် လက်နက်ဖန်တီးသန့်စင်ခြင်းတွင် အခြေခိုင်ပြီး ဖြစ်သည့် ကျန်းချန်ရွှမ်အနေနှင့် အစီအရင်ဖန်တီးခြင်း၏ အခြေခံသဘောတရားကို နားလည်ရန် မခက်ခဲပါ။

ကျန်းချန်ရွှမ် ပထမဆုံးဖန်တီးသော အစီအရင်မှာ အခြေခံအကျဆုံးဖြစ်သည့် ဝိညာဉ်ဖမ်းအစီအရင်အလံဖြစ်ပြီး ထိုအလံမျိုးကို အခု၁၀၀ အထိ ဖန်တီးပစ်လိုက်သည်။ ထို့နောက်တွင် အဆိုပါအလံများကို အသုံးပြု၍ ရွှမ်းမင်တောင်ထွတ်တွင် ဝိညာဉ်ဖမ်းအစီအရင်ကွက် တစ်ခုကို နေရာချလိုက်တော့သည်။

***

All Chapters