← Chapters

လျှို့ဝှက်ရတနာကို ရှာဖွေခြင်း (၂)

Vol. 10 Ch. 186

လျှို့ဝှက်ရတနာကို ရှာဖွေခြင်း (၂)

Vol. 10 Ch. 186

ရှန်းရူယန်သည် ခင်ပွန်းဖြစ်သူ၏ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေတော့သည်။ အဆင့် ၁ အနိမ့်စား ချီစုဆောင်းရေးဆေးပြားများကို အခု ၁၀၀ အထိ ပြုလုပ်ခဲ့သည့်အတိုင်း ယခုလည်း အခြေခံအစီအရင်များသာဖြစ်သည့် ဝိညာဉ်စုဆောင်းရေးအလံများကိုလည်း အကြိမ် ၁၀၀ အထိ မငြီးမငွေ့ လုပ်ကိုင်နေပြန်သည်။ ရှန်းရူယန်တစ်ယောက် ကျန်းချန်ရွှမ်၏လုပ်ပုံကို စိတ်ထဲတွင် ကျိတ်၍ ရယ်သွမ်းသွေးနေချိန်မှာပင် ကျန်းချန်ရွှမ်သည် အခု ၁၀၀ မြောက် အစီအရင်အလံကို အောင်မြင်စွာ စီရင်ပြီးဖြစ်သည်။ ထိုအချိန်တွင် သူမျှော်လင့်ထားသည့်အတိုင်း စနစ်ထံမှ အချက်ပေးသံ ဝင်လာတော့သည်။

[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အစီအရင် အခု ၁၀၀ ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ။ ဆုလာဘ်အနေနှင့် အစီအရင်ဖန်တီးခြင်း ပါရမီအမှတ် +၁ နှင့် ဗလာနယ်ခရီးသွား အစီအရင်ပြားတစ်ခုကို လက်ခံရရှိပါမည် ]

[ ဗလာနယ်ခရီးသွား အစီအရင်ပြားသည် လူတစ်ဦးမှ သုံးဦးအထိကို ဗလာနယ်ကို ကျော်ဖြတ်၍ ခေါ်ဆောင်သွားနိုင်သည်။ ခရီးအကွာအဝေးမှ ကီလိုမီတာတစ်သိန်းမှ ငါးသိန်းအတွင်းဖြစ်သည်။ အများဆုံး သုံးကြိမ်အထိ အသုံးပြုနိုင်သည် ]

သည်တစ်ခေါက် စနစ်မှချီးမြှင့်သော အစီအရင်ပြားသည် ခရီးသွားခြင်းနှင့် အန္တရာယ်မှ ထွက်ပြေး တိမ်းရှောင်ခြင်းတို့အတွက် အထူးအသုံးတည့်သည် ဟုဆိုရမည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုအစီအရင်ပြားသည် အများဆုံးသုံးကြိမ်သာ အသုံးပြုနိုင်သည့်အပြင် အစီအရင်ဖန်တီးနည်းကိုလည်း မရရှိသေးသည့်အတွက် ကျန်းချန်ရွှမ် စိတ်ပျက်မိသလိုဖြစ်သွားသည်။ သို့သော်လည်း ဖန်တီးနည်းကို စနစ်မှ ချီးမြှင့်ခဲ့လျှင်တောင် လက်ရှိအခြေအနေနှင့် ထိုကဲ့သို့ အဆင့်မြင့်သော အစီအရင်မျိုးကို တကယ်တမ်း ဖန်တီးနိုင်စွမ်း မရှိသေးပါ။ ထိုအချိန်တွင် မိသားစုအကြီးအကဲ ကျန်းရန်ယီတစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

“စီနီယာဦးလေး စီနီယာအဒေါ်”

“ရန်ယီ ခင်ဗျားရောက်လာတာ အတော်ပဲ။ ရော့ ယူလိုက်”

ပြောပြောဆိုဆိုနှင့် ကျန်းချန်ရွှမ်သည် သူပြုလုပ်ထားသော ချီစုဆောင်းရေးဆေးပြား ၁၀၀ နှင့် ဝိညာဉ်စုဆောင်းရေး အစီအရင်အလံ ၁၀၀ ကို ကျန်းရန်ယီလက်ထဲ ထည့်ပေးလိုက်တော့သည်။ ကျန်းရန်ယီမှာ ယောင်အအနှင့် ယူလိုက်ရပြီး စိတ်ထဲတွင်လည်း ကျန်းချန်ရွှမ်ထံတွင် ယခုလို အဆင့်နိမ့် ပစ္စည်းများ တစ်ပုံတစ်ခေါင်း ရှိနေရသည့် အကြောင်းရင်းကို စဉ်းစားနေမိတော့သည်။ ကျန်းချန်ရွှမ်က ချောင်းဟန့်လိုက်ပြီး

“ရန်ယီ ဘာကိစ္စရှိလို့လဲ”

ထိုအခါမှ ကျန်းရန်ယီက သတိရသွားဟန်နှင့် ခေါင်းညိတ်လိုက်ပြီး

“ကျီဖုအဆင့် မိသားစုတွေနဲ့ ဂိုဏ်းတွေက လွှတ်လိုက်တဲ့ ဧည့်သည်တွေ ပြန်ကုန်ကြပါပြီ။ သူတို့ ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းစာရင်းကို လာတင်ပြတာပါ”

ကျန်းရန်ယီက စာရင်းတစ်ခုကို ကျန်းချန်ရွှမ်တို့ထံ ကမ်းပေးလိုက်သည်။ သို့သော် ကျန်းချန်ရွှမ် နှင့် ရှန်းရူယန်တို့က လှမ်းမယူဘဲ

“ရန်ယီ၊ ခင်ဗျားက မိသားစုအကြီးအကဲဖြစ်နေပြီပဲ။ ကိစ္စအားလုံးကို ကျုပ်တို့ထံ တင်ပြစရာ မလိုပါဘူး။ ခင်ဗျားတို့ ညီအစ်ကိုသုံးယောက်နဲ့ အကြီးအကဲလျူတို့ သင့်မယ်ထင်တာတွေကို ဆုံးဖြတ်နိုင်တယ်။ ခင်ဗျားတို့ မဆုံးဖြတ်နိုင်တဲ့ အခါမျိုးမှ ကျုပ်တို့ကိုလာပြောပါ”

“နားလည်ပါပြီခင်ဗျာ”

ကျန်းရန်ယီသည် ကျန်းချန်ရွှမ်၏ စကားကြောင့် ပထမတွင် အံ့အားသင့်သွားဟန် တူသော်လည်း နောက်ပိုင်းတွင် နားလည်ဟန်နှင့် သဘောတူလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်ကပင်

“ခင်ဗျားက ဒီမိသားစုအကြီးအကဲဖြစ်တဲ့အတွက် ကျန်းမိသားစုတစ်ခုလုံးကို ကိုယ်စားပြုတယ်။ ဒီတော့ ခင်ဗျားမှာ လုပ်ပိုင်ခွင့် အပြည့်ရှိသလို ကျုပ်တို့ကလည်း တော်ရုံစွက်ဖက်မှာမဟုတ်ဘူး”

“နားလည်ပါပြီ စီနီယာဦးလေး”

ကျန်းရန်ယီမှာ ကျန်းချန်ရွှမ် သူ့အပေါ်ထားရှိသည့် ယုံကြည်မှုအတွက် ရင်တွင်ကြည်နူးမိသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့နှစ်ဦးကို မနှောက်ယှက်လိုတော့ဟန်နှင့် ရွှမ်းမင်တောင်ထွတ်မှ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

လေလံပွဲကျင်းပရန် သုံးနှစ်ကျော်မျှလိုသေး၍ ထိုအတောအတွင်း ရှန်းရူယန်၏ အတိတ်ဘဝမှ လျှို့ဝှက်ရတနာကို ရှာဖွေရန် နှစ်ဦးသား ဆုံးဖြတ်လိုက်ကြသည်။ ဦးစွာ အဆိုပါရတနာပစ္စည်း ရှိနေနိုင်မည့်နေရာကို အနီးစပ်ဆုံး ခန့်မှန်းရန်လိုမည်ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် ထိုနေရာသည် ရှေးယခင်ကနှင့် မတူတော့ဘဲ များစွာပြောင်းလဲနေနိုင်သည်လေ။ မကြာမီတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုရှိရာ မှော်တိုင်တောင်မှ စတင်ထွက်ခွာပြီး လျန်နိုင်ငံနယ်မြေအတွင်းရှိ အင်ဒီးယန်းတောင်တန်းဟုခေါ်သည့် အရပ်ဒေသတို့ ဦးတည်ပြီး ခရီးနှင်လိုက်ကြသည်။

အဆိုပါတောင်တန်းသည် လူနေထူထပ်ပြီး လျန်နိုင်ငံအတွင်းရှိ စီရင်စုအများအပြား၏ လမ်းဆုံ ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။ ကျင့်ကြံခြင်းမိသားစု၊ ဂိုဏ်းများသည် ဤတောင်တန်းကြီးကို ဖြတ်ကျော်လျက် ကုန်သွယ်မှုပြုလုပ်ကြသည်။ ယနေ့တွင် အင်ဒီးယန်းတောင်တန်းကြီးသည် ရှေးယခင်ကနှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားနေသည်။ တောင်တန်းအဝင် အရေးကြီးသည့် ဂိတ်တံခါးမှန်သမျှကို ရဲရဲနီစွေးသော တူညီဝတ်စုံများ ဆင်မြန်းထားသည့် ကျင့်ကြံသူများက အသီးသီးစောင့်ကြပ်လျက်ရှိသည်။ အကြောင်းအရင်းကို မသိသေးသော ကျင့်ကြံသူအချို့က ထိုမြင်ကွင်းကို စောဒကတက်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ။ အကြောင်းရင်းမရှိဘဲ ဘာလို့တံခါးတွေ ပိတ်ထားတာလဲ”

ထိုအခါ အနီးအနားရှိ ကျင့်ကြံသူအချို့မှာ မျက်နှာပျက်သွားကာ တီးတိုးစကားဆိုကြသည်။

“ခင်ဗျားတို့ ဘာလို့လျှောက်အော်နေတာလဲ။ သေချင်နေလို့လား။ သူတို့တွေကြားသွားရင် ဘယ်လိုလုပ်မလဲ။ ဒီလူတွေက ကျီဖုအဆင့်ဂိုဏ်းဖြစ်တဲ့ မီးလျှံဂိုဏ်းက လူတွေဗျ။ ကြားမိတာက သူတို့ဂိုဏ်းက အဓိပတိအကြီးအကဲရဲ့ တစ်ဦးတည်းသောသား ဒီတောင်တန်းမှာ သေသွားလို့ တစ်တောင်လုံးကို ပိတ်ချပြီး စစ်ဆေးနေတာ။ ခင်ဗျားပါ တရားခံအဖြစ် ပါသွားချင်လို့လား”

ထိုလူ၏ စကားကိုကြားလျှင် အသစ်ရောက်ရှိလာသော ကျင့်ကြံသူများမှာ ချွေးပြန်သွားပြီး

“အဲဒီလိုဖြစ်သွားတာလား၊ ဒါဆိုရင်တော့ စစ်သင့်ပါတယ်”

သူတို့အားလုံး မီးလျှံဂိုဏ်း၏ အရှိန်အဝါကို ကြားဖူးနားဝရှိပြီးဖြစ်၍ တုန်လှုပ်သွားမိကြသည်။ ထိုဂိုဏ်းသည် တောင်ပိုင်းမီးတောက်စီရင်စုတွင် နံပါတ်တစ်ဂိုဏ်းဖြစ်ပြီး အဓိပတိအကြီးအကဲ ခုနှစ်ဦးအထိရှိကာ အားလုံးမှာ ကျီဖုအဆင့်များဖြစ်သည်။ ပထမအကြီးအကဲမှာ မုရုံဖေးလုံဖြစ်ပြီး ကျီဖုနယ်ပယ် နဝမအဆင့်ရှိသည်။ ယခုအသတ်ခံရလိုက်သူ၏ ဖခင်ဖြစ်သူဆိုသည်မှာ ပေးတုန်ချန်း ဟုအမည်ရပြီး ပဉ္စမအဆင့်ရှိသူဖြစ်သည်။ ထိုဂိုဏ်းသည် သာမန်မိသားစုများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ ပြဿနာမရှာသင့်၊ မရှာကောင်းသော ဂိုဏ်းကြီးဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အင်ဒီးယန်းတောင်တန်းကို ရောက်လျှင်ရောက်ချင်းတွင် အဆိုပါသတင်းကို ကြားလိုက်မိ၍ မျက်မှောင်ကြုတ်မိလိုက်သည်။ ရှန်းရူယန်မှာ တောင်တန်း အတွင်းရှိမည်ဟု ခန့်မှန်းထားသော ရတနာပစ္စည်းကို အရိပ်မျှခံစားမိလိုက်၍ သူမအတွေးမှာ ပို၍သေချာသွားသည်။

“ယောကျ်ား အခြေအနေက ထင်သလောက် ရိုးရှင်းမနေဘူး။ ခရီးသွားတွေ အပြောအရဆိုရင် မီးလျှံဂိုဏ်းက ဒီတောင်တန်းကို ပိတ်ထားတာ နှစ်အနည်းငယ်ကြာပြီတဲ့။ သူတို့ဂိုဏ်းအင်အားနဲ့ လူသတ်တရားခံကို ခုထိမရှာနိုင်သေးတာ ဆန်းမနေဘူးလား”

ကျန်းချန်ရွှမ်သည်လည်း တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်ပြီး

“ရူယန် ဆိုလိုတာက…”

“ဟုတ်တယ်။ ကျွန်မအတိတ်ဘဝက ဝှက်ထားခဲ့တဲ့ ရတနာက ဒီတောင်တန်းမှာ ရှိကိုရှိလိမ့်မယ်။ သူတို့ဂိုဏ်းက ဒီရတနာတည်ရှိကြောင်းကို တစ်နည်းနည်း သိသွားတာဖြစ်မယ်။ သေချာတာက သူတို့တွေ ဒီရတနာကို မတွေ့သေးဘူးလို့ ခုချိန်ထိ သတင်းမှားလွှင့်ပြီး ပိတ်ထားတာဖြစ်မယ်”

ရှန်းရူယန်၏ အတွေးမှာ သဘာဝကျသည်ဟု ကျန်းချန်ရွှမ် ယူဆမိသည်။

“ဒါဖြင့် ကိုယ်တို့နှစ်ယောက် သူတို့ပိတ်ထားတဲ့နေရာကို ဝင်ကြည့်ဖို့လိုပြီပဲ”

ထို့နောက် ကျန်းချန်ရွှမ်သည် ခြောက်သစ်ပင်နိဗ္ဗာန် နည်းစနစ်ကို အသုံးပြု၍ အော်ရာလှိုင်းကို ဖုံးကွယ်လိုက်သည်။ နောက်တစ်ဆင့်အနေနှင့် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုကာ သူနှင့် ရှန်းရူယန်တို့၏ ဖြစ်တည်မှုကို ဖုန်းကွယ်လိုက်ပြန်သည်။ မကြာမီတွင်ပင် နှစ်ဦးသား ကန့်သတ်နယ်မြေထဲကို လျှို့ဝှက်စွာ ဝင်ရောက်သွားကြတော့သည်။

***

All Chapters