ဝိညာဉ်သန့်စင်နည်း
Vol. 10 Ch. 187
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တားမြစ်ဧရိယာအတွင်းကို ဝင်ရောက်မိသည်နှင့် ပြင်းထန်သော အော်ရာများကို ခံစားမိလိုက်သည်။ ထိုအော်ရာများအနက် တစ်ခုသောအော်ရာသည် နေမင်းပမာ ပြင်းထန်စူးရှလှ၍ ကျန်းချန်ရွှမ်တို့နှစ်ဦးပင် တုန်လှုပ်သွားမိသည်။ အဆိုပါအော်ရာသည် မီးလျှံ ဂိုဏ်း၏ ပထမအဓိပတိအကြီးအကဲ မုရုံဖေးလုံထံမှဖြစ်ကြောင်း သူတို့သတိပြုမိလိုက်သည်။ တစ်ချိန်တည်းတွင် အခြားအော်ရာနှစ်ခုကိုလည်း သတိထားမိလိုက်သေးသည်။ ထိုအော်ရာနှစ်ခုသည် မုရုံဖေးလုံလောက် ပြင်းထန်ခြင်းမရှိသော်လည်း လျှော့တွက်၍မရပါ။ ပထမတစ်ခုမှာ ကျီဖုနယ်ပယ် ပဉ္စမအဆင့်ရှိပြီး အသတ်ခံရသူ၏ ဖခင်ဖြစ်သူ၏ အော်ရာဖြစ်သည်။ ကျန်တစ်ခုသည်လည်း တတိယအဆင့်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ကျီဖုအဆင့်သုံးဦးအထိ သည်လိုနေရာတွင် ရောက်ရှိနေခြင်းမှာ ပေါ့သေးသေးကိစ္စမဟုတ်မှန်း ကျန်းချန်ရွှမ် ရိပ်မိလိုက်သည်။ ရှန်းရူယန်တွေးထားသည့်အတိုင်း မီးလျှံဂိုဏ်းသည် ဤတောင် တန်းတွင် ကြီးကြီးမားမားတစ်ခုကို အနံ့ရထားပုံပေါ်သည်။ ရှန်းရူယန်သည် ထိုသုံးဦးနှင့်ဝေးရာ ဆန့်ကျင်ဘက်အရပ်ကို ဦးဆောင်ခေါ်သွား၍ ကျန်းချန်ရွှမ်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာရသည်။ အကွာအဝေးတစ်ခုအထိ သွားပြီးနောက် ရှန်းရူယန်နှင့် လျှို့ဝှက်ရတနာတို့ အကြားရှိ ဆက်သွယ်မှုမှာ ပို၍ပြင်းထန်လာသည်။ ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံအတွင်း စိတ်မျက်လုံးကို အသုံးပြုလိုက်ရာ အဖြူရောင်ဝိုးတဝါး အလင်းများ ခပ်သဲ့သဲ့ဖြာထွက်နေသည့် နေရာတစ်ခုကို အထင်းသား မြင်လိုက်ရသည်။
ထိုအခါ ရှန်းရူယန်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး ကျန်းချန်ရွှမ်ကို အဝေးအသံပို့စနစ်ဖြင့် အသိပေးလိုက်သည်။
“ယောက်ျား ကျွန်မတို့ရှာနေတာ ဒီနေရာပဲ၊ အခု တားမြစ်စည်းကို ချိုးဖျက်တော့မယ်။ အချိန်က သိပ်ကြာမှာမဟုတ်ပေမဲ့ အနီးတစ်ဝိုက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တယ်။ ဒီတော့ ရှင်ကပဲ ကျွန်မကို အတတ်နိုင်ဆုံး ကာကွယ်ပေးထားပါ”
ကျန်းချန်ရွှမ်က အနည်းငယ်အံ့အားသင့်ဟန်နှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချ ရူယန်၊ ဘယ်သူမှ သတိမထားမိစေရဘူး”
ထို့နောက် ရှန်းရူယန်၏ မျက်ခုံးနှစ်ခုအကြား အလယ်တည့်တည့်တွင် ရောင်စဉ်ငါးသွယ်တံဆိပ်တစ်ခုပေါ်လာပြီး တစ်ဆက်တည်းတွင် အနီးရှိသစ်ပင်များသည် လက်ဖြင့်ဆွဲယူလှုပ်ယမ်းလိုက်သလို တရကြမ်း ယိမ်းထိုးလှုပ်ခါကုန်ကြသည်။ ဝိညာဉ်အလင်းတန်း တစ်ခုသည်လည်း ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး တက်သွားသည်ကို တွေ့ရသည်။ နောက်ထပ် အလင်းတန်းတစ်ခုကလည်း တစ်ပြိုင်နက်တည်း သက်ဆင်းလာပြန်သည်။ ထိုအခါ ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံ တွက်ချက်ခြင်းနည်းစနစ်ကို စတင်လည်ပတ်လိုက်ပြီး သည်ဧရိယာပတ်လည်ရှိ လှုပ်ရှားမှုမှန်သ မျှကို ဖုံးကွယ်လိုက်တော့သည်။
သို့သော် တောင်တန်း၏ အခြားတစ်ဖက်တွင် တစ်စုံတစ်ခုကို သဲသဲမဲမဲ ရှာဖွေနေဟန်ရှိသည့် မုရုံဖေးလုံသည် အမည်မသိ အော်ရာလှိုင်းများကို အာရုံခံမိပြီး မျက်မှောင်ကြုတ်သွားသည်။ အနီးရှိ ပေးတုန်ချန်နှင့် အခြားအဓိပတိအကြီးအကဲဖြစ်သည့် မြေအောက်မီးဆိုသူက မုရုံဖေးလုံထံသို့ လှည့်ကြည့်လိုက်ပြီး
“အစ်ကိုမုရုံ ဘာဖြစ်လို့လဲ”
မုရုံဖေးလုံ၏ မျက်လုံးအစုံမှာ သင်္ကာမကင်းဟန်နှင့် ကျဉ်းမြောင်းသွားပြီး
“ငါတစ်ခုခုကို အာရုံရမိလိုက်သလိုပဲ။ မင်းတို့ရော ပုံမှန်မဟုတ်တဲ့ အော်ရာတစ်မျိုးကို အာရုံခံ မိလိုက်သေးလား”
ပေးတုန်ချန်တို့က ခေါင်းခါပြလိုက်သည်။
“မရမိပါဘူး အစ်ကိုကြီး”
ထိုအချိန်တွင် မြေတစ်ခွင်လုံး တုန်ခါသွားသည့်အထိ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာပြီး တောင်တန်း၏ အထက်တစ်နေရာတွင် အလင်းတံခါးတစ်ခု ပေါ်လာသည်ကို သူတို့အားလုံး မြင်လိုက်ကြရသည်။ ထိုတံခါးအတွင်းသို့ လူနှစ်ဦး ဝင်ရောက်သွားသည် ကိုလည်း အံ့အားသင့်ဖွယ် တွေ့လိုက်ရပြန်သည်။
“ဟာ သွားပြီ”
မုရုံဖေးလုံတို့သုံးဦးလည်း မျက်စိမျက်နှာများ ပျက်ကုန်ကြတော့သည်။ မုရုံဖေးလုံ၏သံသယမှာ အမှန်ပင်ဖြစ်နေပြီး ထိုလူနှစ်ဦးသည် သူတို့မျက်စိရှေ့မှောက်တွင်ပင် လျှို့ဝှက်ချက်ကို ရှာတွေ့ သွားဟန်တူသည်။ သူတို့အားလုံး ဒေါသထွက်ကုန်ကြပြီး အလင်းတံခါးဆီသို့ ဦးတည်ပျံသန်း လိုက်ကြသည်။ သို့သော် အချိန်မမီလိုက်ဘဲ တံခါးကြီးသည် တဖြည်းဖြည်းနှင့် မှိန်ဖျော့ကာ ပျောက်ကွယ်သွားတော့သည်။
“သေစမ်း သေစမ်း”
မုရုံဖေးလုံတို့ သုံးဦးစလုံး ထိန်းမရသိမ်းမရ ဒေါသအိုးပေါက်ကွဲနေတော့သည်။ ပေတုန်းချန်၏ သားဖြစ်သူ သည်တောင်တန်းတစ်နေရာတွင် ထူးဆန်းစွာ သေဆုံးခဲ့ပြီးချိန်မှစ၍ သည်တောင်တန်းတစ်နေရာတွင် လျှို့ဝှက်ချက်တစ်ခု ရှိရမည်ဟု သူတို့ကောက်ချက်ချကာ တောင်တစ်ခုလုံး ကို ပိတ်ချပြီး နှစ်အတန်ကြာ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ သူတို့ရှာဖွေနေသော လျှို့ဝှက်ချက်ကို အမည်မသိလူနှစ်ဦးက ဖြတ်အုပ်သွားပြီဖြစ်၍ ခံပြင်းနေကြခြင်းဖြစ်သည်။
မုရုံဖေးလုံတို့သည် လက်လျှော့လိုဟန် မတူဘဲ အနီးတစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေလိုက်ကြပြန်သည်။ ရှန်းရူယန်တို့မှာ ထိုသုံးဦးကို လျစ်လျူရှုလိုက်ပြီး မိမိတို့ လုပ်စရာရှိသည်များကိုသာ အာရုံစိုက်လိုက်ကြသည်။ သူတို့နှစ်ဦး ရောက်ရှိသွားသည့်နေရာသည် ဝိညာဉ်အလင်းတန်းများ တဖျတ်ဖျတ် ကွန့်မြူးလျက်ရှိပြီး မြင်မြင်သမျှအရာအားလုံးသည် ရောင်စုံအလင်းများ ဖြာထွက် နေတော့သည်။ ထိုနေရာတွင် မီးဓာတ်နှင့် လျှပ်စီးဓာတ် အဆီအနှစ်စွမ်းအင်များ အထူးများပြား နေသည်ကိုလည်း သတိပြုမိလိုက်သည်။ သူတိုနှစ်ဦး ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်သည် သည်နေရာ သို့ရောက်သည့်အချိန်မှစ၍ ထူးထူးခြားခြား တက်ကြွလှုပ်ရှားလာသည်ကို ထောက်ချင့်၍ သည် နေရာသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးစလုံးအတွက် ကျင့်ကြံရန် အထူးပင်သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်း သိသာနေတော့သည်။
သို့သော် ထိုထက်အရေးကြီးသည့်အရာ တစ်ခု ရှိနေသေးသည်။ ထိုအရာသည် သူတို့နှစ်ဦး၏ ရှေ့မှောက်တည့်တည့်တွင် တည်ရှိနေသည့် ကျောက်သားစင်မြင့်တစ်ခုဖြစ်သည်။ ထိုစင်မြင့်ပေါ် တွင် သိုလှောင်လက်စွပ်တစ်ကွင်းနှင့်အတူ ငွေရောင်၊ အနီရောင်နှင့် အပြာရောင်အသီးသီးရှိသည့် ကျောက်စိမ်းပြားသုံးခုကို တွေ့ရသည်။ ကျန်းချန်ရွှမ်တို့လည်း လက်မနှေးဘဲ ထိုရတနာများကို လှမ်းယူလိုက်သည်။ နှစ်ဦးစလုံး အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်နေမိကြသည်။ ထိုကျောက်စိမ်း ပြားသုံးခုတွင် ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်များ ပါဝင်နေသည်ကို တွေ့ရသည်။ နည်းစနစ်စုစု ပေါင်သုံးခုရှိပြီး မဟာနေမင်းတရားထိုင်ကျင့်စဉ်၊ မိုးကြိုးနတ်ဘုရားခန္ဓာကျင့်စဉ်နှင့် မြစ်နေလိပ်ကျင့်စဉ်တို့ဖြစ်ကြသည်။
ထိုနည်းစနစ်သုံးခုသည် အခြေခံဓာတ်သုံးပါးဖြစ်သည့် မီး၊ လျှပ်စစ်နှင့် ရေတို့ကို ကိုယ်စားပြုပြီး ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းနည်းစနစ်များဟု သတ်မှတ်ရပေမည်။ ရွှေအမြုတေအဆင့် အဖွဲ့အစည်းများသာမက အခြေတည်ဝိညာဉ်အဆင့် ဂိုဏ်းများတွင်ပင် ထိုနည်းစနစ်မျိုး ပိုင်ဆိုင် နိုင်ခြင်းမရှိပါ။ မဟာနေမင်းတရားကျင့်စဉ်ကို အပြီးသတ်ထိ ကျင့်ကြံပြီးပါက ကျင့်ကြံသူ၏ အသိစိတ်ပင်လယ်သည် ဖျက်ဆီးရန် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်လာ မည်ဖြစ်သလို အလျှံတငြီးငြီး တောက်လောင်နေသော နေမင်းကြီးတစ်စင်းသည် ကျင့်ကြံသူ၏ နတ်ဘုရားအာရုံကို တိုက်ခိုက်လာမှုမှန်သမျှကို ချေမှုန်းတိုက်ခိုက်ပေးမည်ဖြစ်သည်။ မိုးကြိုးနတ်ဘုရားခန္ဓာသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ အသိစိတ်ပင်လယ်တစ်ခုလုံးကို မိုးကြိုး နတ်ဘုရားတစ်ပါးက အစဉ်စောင့်ကြပ် ကာကွယ်ပေးနေမည်ဖြစ်သည်။ မြစ်နေလိပ်ကျင့်စဉ်သည်လည်း ထိုနည်းတူပင်ဖြစ်ပြီး အသိစိတ်ပင်လယ်တွင် မပြတ်စီးဆင်းနေသော မြစ်တစ်စင်းပေါ်လာပြီး ထိုမြစ်ထဲတွင် လိပ်ကြီးတစ်ကောင်က ထာဝရစောင့်ကြပ်ပေးမည်ဖြစ်ပြီး ကျင့်ကြံသူ၏ နတ်ဘုရားအာရုံကို တိုက်ခိုက်လာမှုမှန်သမျှကို ခုခံတိုက်ထုတ်ပေးမည်ဖြစ်သည်။
သို့သော် ထိုနည်းစနစ်သုံးခုကို ကျင့်ကြံရန် အလွန်ခဲယဉ်းခြင်းက ပြဿနာတစ်ရပ်ဖြစ်နေသည်။ ရင်းမြစ်အမြောက်အများ လိုအပ်သည့်အပြင် ကျင့်ကြံသူ၏ဝိညာဉ်သည် အတိုင်းအတာတစ်ခုအထိ သန်မာကြံ့ခိုင်နေရန် လိုအပ်သည်။ မဟုတ်လျှင် ထိုနည်းစနစ်များသည် ကျင့်ကြံသူတစ်ဦးကို တန်ပြန်ဆိုးကျိုးများ ပေးနိုင်ပြီး ဝိညာဉ်တင်မက ရှေးဦးအသိစိတ်ကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည်။
သို့သော် သိုလှောင်လက်စွပ်အတွင်းရှိ ရင်းမြစ်များက ပထမပြဿနာကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်မည့်ပုံပေါ်သည်။ အဆိုပါရင်းမြစ်များသည် ထိုနည်းစနစ်များကို ကနဦးအဆင့်အထိ ကျင့်ကြံနိုင်ရန် လုံလောက်ပါလိမ့်မည်။ ပထမဦးဆုံးအနေနှင့် သူတို့နှစ်ဦးစလုံး၏ဝိညာဉ်များသည် လုံလောက်အောင် သန်စွမ်းကြံ့ခိုင်ခြင်း မရှိသေးကြောင်းကို ကျန်းချန်ရွှမ် သဘောပေါက်မိသည်။ ထို့ကြောင့် ရှန်းရူယန်အား
“ရူယန် ကိုယ်တို့နှစ်ယောက်ရဲ့ ဝိညာဉ်အဆင့်အတန်းနဲ့ ဒီကျင့်စဉ်တွေကို ကျင့်ကြံလို့မရသေးဘူး၊ ဒီတော့ အရင်ဆုံး ဒီကဝိညာဉ်ချီတွေကို အသုံးချပြီး ကိုယ်တို့ရဲ့ဝိညာဉ်တွေကို အားဖြည့်ကြရအောင်”
ရှန်းရူယန်ကလည်း ခင်ပွန်းဖြစ်သူ၏ အကြံကို လက်ခံလိုက်သည်။ ထို့နောက် နှစ်ဦးသားလည်း အခြေခံဓာတ်ငါးပါး ဝိညာဉ်ချီများနှင့် လျှပ်စီးစွမ်းအင်များ သိပ်သည်းများပြားလှသော ပတ်ဝန်းကျင်ကို ကောင်းစွာအသုံးချပြီး ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
***