← Chapters

ရှန်းရူယန် ကျီဖုအလယ်အဆင့် ရောက်ပြီ

Vol. 10 Ch. 188

ရှန်းရူယန် ကျီဖုအလယ်အဆင့် ရောက်ပြီ

Vol. 10 Ch. 188

ထိုအချိန်တွင် မုရုံဖေးလုံတို့လူစုသည်လည်း အလင်းတံခါးရှိမည့်နေရာကို သဲသဲမဲမဲ ရှာဖွေလျက်ပင်ရှိသေးသည်။ သို့ရာတွင် တစ်လ၊ နှစ်လမှသည် တစ်နှစ်တန်သည်အထိ အလင်းတံခါးနှင့်တူသည့်အရာကို အစွန်းအစမျှပင် ရှာတွေ့ခြင်းမရှိ။ ထို့ကြောင့်ပင် သူတို့သုံးဦးမှာ ဒေါသထွက်သည်ထက်ထွက်လာကာ တောင်တန်းနေရာကို မတော်တဆ ဝင်ရောက်မိသည့် ကျင့်ကြံသူများကို ဒေါသတကြီး သတ်ဖြတ်ပစ်ကြသည်။ နှစ်နှစ်ကြာသည့်အထိ သဲလွန်စတစ်စုံတစ်ရာ မတွေ့ရှိ သောအခါ မုရုံဖေးလုံတို့လည်း လက်လျှော့စပြုလာသည်။ ထိုရတနာကို လက်လွှတ်ဆုံးရှုံးရပြီဖြစ်ကြောင်း လက်ခံစပြုလာသည်။

“စီနီယာအစ်ကိုမုရုံ မကြာခင် လေလံပွဲကျင်းပတော့မယ်။ ကျွန်တော်တို့ ဒီမှာပဲ နေဦးမှာလား”

မြေအောက်မီး၏ စကားကြောင့် ပေတုန်းချန်လည်း မုရုံဖေးလုံကို မော့ကြည့်မိသည်။ နှစ်အတန်ကြာ ရှာဖွေပြီးသည့်နောက်တွင်ပင် ရတနာနှင့်တူသည့် တစ်စုံတစ်ရာကိုမှ ရှာတွေ့ခြင်းမရှိ၍ ပေတုန်းချန်တို့နှစ်ဦးမှာ မျှော်လင့်ချက်များ ကုန်ဆုံးနေပြီဖြစ်သည်။ လေလံပွဲသည် အနှစ် ၃၀ တွင်မှ တစ်ကြိမ် ကျင်းပခြင်းဖြစ်၍ သူတို့အတွက် ပိုမိုအရေးပါနေသည်။ မသေချာ‌သော ရတနာကို မရမက ရှာဖွေနေခြင်းထက် လေလံပွဲတင်သာ လိုအပ်သည့်ရတနာကို ဝယ်ယူခြင်းက ပိုမို၍ အကျိုးရှိနိုင်မည်ဖြစ်သည်။ မုရုံဖေးလုံက အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ တစ်လလောက် ဆက်ရှာလို့မှ အကြောင်းမထူးရင် ငါတို့ပြန်ကြမယ်”

ထိုအချိန်တွင် မုရုံဖေးလုံ၏ မျက်လုံးများသည် သတ်ဖြတ်လိုဟန် အရိပ်အငွေ့များနှင့် အရောင်လက်လာကြသည်။

“အဲဒီနှစ်ယောက် ငါ့လက်ထဲကပြေးမလွတ်စေရဘူး။ ဂိုဏ်းပြန်ရောက်ရင် ညီလေးကျုံးကို ခေါ်ပြီး ဒီနေရာမှာ ကောင်းကင်ကြိုးအစီအရင် ချခိုင်းလိုက်မယ်။ ဒီကောင်တွေ ထွက်ပြေးလို့မရဘူး”

မုရုံဖေးလုံ၏စကားကြောင့် ပေတုန်းချန်နှင့် မြေအောက်မီးတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ညီလေးကျုံးဆိုသူမှာ မီးလျှံဂိုဏ်း၏ ကျီဖုအဆင့် အကြီးအကဲတစ်ဦးဖြစ်ပြီး စတုတ္ထအဆင့်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်အရ မြင့်မားလှသည်ဟု မဆိုသာသော်လည်း အစီအရင်ဖန် တီးခြင်းအတတ်တွင် တစ်ဖက်ကမ်းခတ်ပြီး မီးလျှံတစ်ဂိုဏ်းလုံးတွင် အထူးချွန်ဆုံးဖြစ်သည်။ ထိုအစီအရင်ချမှတ်ပြီးပါက ထိုလူနှစ်ဦး အလင်းတံခါးမှ ပြန်ထွက်လာလျှင် ပြေးစရာမြေမရှိဘဲ သည်တောင်တန်းတွင်သာ ပိတ်မိနေမည်ဖြစ်သည်။ မုရုံတို့လူစုသည် တစ်လကြာ ဆက်လက်ရှာဖွေပြီးနောက် တစ်စုံတစ်ရာမထူးလျှင် လက်လျှော့ပြီး ပြန်ကုန်ကြသည်။ သူတို့နေရာတွင် အစားထိုးရောက်ရှိလာသူက ခရမ်းရောင်ဝတ် အစီအရင်ပညာရှင် ကျုံးဝူချန်ဆိုသူဖြစ်သည်။

ထိုသူသည် အစီအရင်အလံများစွာကို အလင်းတံခါးကို ဗဟိုပြု၍ နေရာအနှံ့ ပစ်လွှတ်လိုက်သည်။ နာရီအနည်းငယ်အကြာတွင် ကောင်းကင်ကြိုးအစီအရင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီဖြစ် သည်။ တစ်ချိန်တည်းတွင် အလင်းတံခါးမှတဆင့် အမည်မသိနေရာတစ်ခုကို ရောက်ရှိသွားသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ကျင့်ကြံမှုကို အဆုံးသတ်လိုက်ကြသည်။ သည်သုံးနှစ်တာအတွင်း နှစ်ဦးစလုံး၏ ကျင့်ကြံမှုခရီးမှာ အတော်ပင်ပေါက်ရောက်ခဲ့သည်ဟု ဆိုရမည်။ အထူးသဖြင့် ရှန်းရူယန်ဖြစ်သည်။ သုံးနှစ်တာကာလပြီးနောက် ပြင်ပဆေးဝါး အကူအညီမပါဘဲ ကျီဖုနယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ကျီဖုနယ်ပယ် အလယ်အဆင့် ကျင့်ကြံသူအဖြစ် တရားဝင်ရပ်တည်နိုင်ပြီဖြစ်သည်။ ကျန်းချန်ရွှမ်သည်လည်း စတုတ္ထအဆင့်ကို တက်လှမ်း နိုင်ခြင်းမရှိသေးသော်လည်း ဓမ္မစွမ်းအင်စုဆောင်းမှု တတိယအဆင့်၏ အထွတ်အထိပ်ကို ရရှိခဲ့ပြီးဖြစ်သည်။ အခွင့်သာလျှင် အချိန်မရွေး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မည်။

သို့သော် ကံမကောင်းသည့်တစ်ချက်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သုံးနှစ်တာအတွင်း ဝိညာဉ်ချီများကို အကုန်အစင် သုံးစွဲပစ်လိုက်သောကြောင့် သူတို့ရောက်ရှိနေသော နေရာလေး၏ ချီစွမ်းအင်များမှာ လုံးဝကုန်ခန်းသွားပြီး အချိန်မရွေး ပြိုကျပျက်စီးနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်က ရှန်းရူယန်ကို လှည့်ကြည့်ပြီး

“ရူယန် ကိုယ်တို့ ဒီကနေ ထွက်ကြမှဖြစ်မယ်ထင်တယ်”

ရှန်းရူယန်ကလည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ မျက်ခုံးနှစ်ခုအကြား နဖူးတည့်တည့်တွင် အရောင်ငါးမျိုး အမှတ်သင်္ကေတတစ်ခု ပေါ်လာပြီး တစ်ဆက်တည်းတွင် အလင်းတံ ခါးတစ်ချပ် ဖြည်းညင်းစွာ တစ်ဖန်ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအခါ ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်ပြီး

“ယောက်ျား ကျွန်မတို့ ဒီကနေ ထွက်ရင် ဘယ်နေရာကို ရောက်သွားမလဲတော့ မသိဘူး။ ဒါပေမဲ့ ကျောက်စိမ်းရေလေလံပွဲနဲ့ အရမ်းဝေးတဲ့နေရာကို ရောက်မသွားဖို့တော့ မျှော်လင့်တယ်”

ထိုအချိန်တွင် အပြင်တွင် စောင့်ကြပ်နေသည့် ကျုံးဝူချန်သည် သူ့ရှေ့မှောက်ရှိ ဗလာနယ်တဝိုက်တွင် အော်ရာလှိုင်းများ အတက်အကျ မြန်ဆန်နေသည်ကို သတိပြုမိလိုက်သည်။ ကျန်းချန်ရွှမ်တို့ ထွက်သွားပြီးမကြာမီ နေရာတစ်ခုလုံး စတင်ပြိုကျလာသည်။ အပြင်ရှိ ကျုံးဝူချန်သည်လည်း အလင်းတံခါး တစ်ဖန်ပြန်လည်ပေါ်လာမည့် အချိန်ကို အသင့်စောင့်စားနေသည်။ တံခါးအတွင်း ဝင်သွားခဲ့သည့် လူနှစ်ဦး ပြန်ထွက်လာတော့မည်ဟု ထင်မှတ်လိုက်သည့် အချိန်တွင်ပင် သူ၏ရှေ့တည့်တည့်ရှိ ဗလာနယ်တွင် တွင်းနက်တစ်ခုပေါ်လာပြီး ထိုတွင်းနက်သည် အတွင်းဘက်သို့ ယိုင်လျက်ပြိုဆင်းလျက်ရှိသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ထိုတွင်းနက်ကြီးသည် ကြောက်မက်ဖွယ်အော်ရာလှိုင်းများ ထုတ်လွှတ်နေသည်ကို တုန်လှုပ်ဖွယ် မြင်လိုက်ရသည်။

“မကောင်းတော့ဘူး ဟင်းလင်ပြင်ပြိုကျတာပဲ”

ကျုံးဝူချန်သည် မျက်လုံးအပြူးသားဖြင့် ထိတ်လန့်စွာ ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းတွင် ကောင်းကင်ကြိုးအစီအရင်ကို အမြင့်ဆုံးအဆင့်အထိ အစွမ်းကုန်မြှင့်တင်လိုက်သည်။ ထို့နောက်တွင် ကျုံးဝူချန်သည် နောက်လှည့်မကြည့်တော့ဘဲ တစ်ဟုန်ထိုး ထွက်ပြေးတိမ်းရှောင်လိုက်တော့သည်။ စိတ်ထဲတွင်တော့ မုရုံဖေးလုံကို ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲနေမိသည်။ သို့သော် အော်ရာလှိုင်း၏ ပြန့်ကားမှုအရှိန်မှာ မြန်ဆန်လွန်းလှ၍ ကျုံးဝူချန်ကို လိုက်မီသွားပြီး သူ့ခန္ဓာကိုယ်တစ်ခု လုံးကို တိုက်စားသွားသည်။ ကောင်းကင်ကြိုးအစီအရင်သည်လည်း ဟင်းလင်းပြင်ပြိုကျမှု၏ စွမ်းအင်ပေါက်ကွဲမှုဒဏ်ကို မထိန်းချုပ်နိုင်တော့ဘဲ တစ်စစီပြိုလဲပျက်စီးသွားတော့သည်။

ကျုံးဝူချန်သည် ထိုမြင်ကွင်းကို တုန်လှုပ်စွာ ငေးနေမိသည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ပေါ်ရှိ အရေပြားများထံမှ သွေးမြူခိုးများထွက်လာပြီးနောက် ကျုံးဝူချန်သည် မျက်စိတစ်မှိတ်အတွင်း၌ ကီလိုမီတာထောင်ချီ အကွာအဝေးသို့ ရောက်ရှိသွားသည်။ သက်တမ်းအချို့ကို လောင်ကျွမ်းခြင်းဖြင့် ထွက်ပြေးလွတ်မြောက်နိုင်သည့် ကန့်သတ်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ကံကောင်းသည်က ပြိုကျသောဟင်းလင်ပြင်သည် အရွယ်ငယ်သောကြောင့် တန်ပြန်လှိုင်း၏ ဒဏ်မှာ အကန့်အသတ်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ကီလိုမီတာထောင်ဂဏန်းအကွာအထိ တိမ်းရှောင်လိုက်သောအခါ တန်ပြန်လှိုင်းဝါးမျိုခံရမည့်ဘေးမှ လွတ်သွားခြင်းဖြစ်သည်။ သို့သော် သည်တစ်ခါ ကျုံးဝူချန်ပေးဆပ်လိုက်ရသည့် တန်ဖိုးက မနည်းလှပါ။ ဟင်းလင်ပြင်ပြိုကျမှုမှ ထွက်ပေါ်လာသော အော်ရာလှိုင်းများကို ကာကွယ်ရန် အဆင့် ၃ ကာကွယ်ရေးဓမ္မပစ္စည်းတစ်ခု ကို အသုံးပြုလိုက်ရသည့်အပြင် နှစ်ငါးဆယ်သက်တမ်းကိုပါ ဆုံးရှုံးလိုက်ရသည်။ အသက် ၂၈၀ ရှိပြီးဖြစ်သည့် သူ့အတွက်တော့ နှစ်ငါးဆယ်စာသက်တမ်း ဆုံးရှုံးမှုသည် အရေးပါလှသည်။

ထို့ပြင် သူရရှိခဲ့သော ဒဏ်ရာများမှ ပြန်လည်သက်သာရန် ရှစ်နှစ်မှ ဆယ်နှစ်အထိ အချိန်ယူရဦး မည်ဖြစ်သည်။ ကျုံးဝူချန်သည် ထိုဆုံးရှံးမှုအားလုံးအတွက် မုရုံဖေးလုံတို့လူစုကို အပြစ်ပုံချလိုက်ပြီး ထိုလူသုံးယောက်ကို သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာတော့သည်။ မုရုံဖေးလုံတို့အား မည်သို့မည်ပုံ လက်စားချေရမည်ကို အကြံထုတ်လျက်ရှိစဉ် အင်ဒီးယန်းတောင်တန်းနှင့် ကီလိုမီတာထောင်ဂဏန်းအကွာရှိ ကောင်းကင်ပြင်တွင် လူနှစ်ဦး၏ပုံရိပ်များ ရုတ်တရက်ပေါ် လာသည်။ ထိုနှစ်ဦးမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း ကျန်ရစ်ခဲ့သော အင်ဒီးယန်းတောင်တန်းရှိ ပေါက်ကွဲမှုကို ခပ်ပျပျအာရုံခံမိလိုက်သည်။ သို့သော် တောင်တန်းသို့ တစ်ဖန်ပြန်သွားပြီး အခြေအနေကို ကြည့်ရှုရန်မလိုတော့သည့်အတွက် ကျောက်စိမ်းရေလေလံပွဲ ကျင်းပမည့်နေရာသို့သာ ဦးတည်ပျံသန်းလိုက်ကြသည်။

***

All Chapters