← Chapters

လေလံပွဲ

Vol. 10 Ch. 189

လေလံပွဲ

Vol. 10 Ch. 189

ကျောက်စိမ်းရေဈေးသည် ကန်းယန်ဈေးနှင့် အဆင့်အတန်းချင်း တန်းတူယှဉ်ပြိုင်နိုင်သည်ဟု ဆိုရမည်။ ကျောက်စိမ်းရေဈေးကို နောက်ကွယ်မှ ထိန်းချုပ်သူ ကျောက်စိမ်းရေဓားစင်မြင့်သည် ကန်းယန်ဂိုဏ်းထက် အင်အားအနည်းငယ် သာလွန်နေ၍ ကန်းယန်ဈေးထက်ပင် ပိုမိုသာလွန် လိမ့်ဦးမည်ဖြစ်သည်။ ကျောက်စိမ်းရေဓားစင်မြင့်ဂိုဏ်းတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ငါးဦးအထိရှိပြီး လျန်နိုင်ငံကို နောက်ထပ် ရွှေအမြုတေအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကောင်းကင်ယွီဂိုဏ်းနှင့်အတူ အုပ်စိုးလျက်ရှိသည်။ ထိုနှစ်ဖွဲ့သည် လျန်နိုင်ငံ ကျင့်ကြံရေးလောကတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းနှစ်ခုပင်ဖြစ်သည်။

လဝက်ခန့်အကြာတွင် ကျန်းချန်ရွှမ်တို့နှစ်ဦး ကျောက်စိမ်းရေဈေးကို ရောက်ရှိလာကြသည်။ ဈေးတွင် လူများကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး တည်းခိုခန်း၊ ဈေးဆိုင်များအပြင် လှိုဏ်ဂူများတွင်ပါ လူများအပြည့်ဖြစ်နေသည်ကို တွေ့ရသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများအနေနှင့် သည်လိုအချိန်အခါမျိုးတွင် နေရာတစ်ခု ရရန်ပင် လွယ်မည်မဟုတ်ပါ။ နောက်ခံအဖွဲ့အစည်း တစ်ခုရှိခြင်းက သည်နေရာတွင် များစွာစကားပြောသည်။ ကျန်းမိသားစုသည် ကျန်းချန်ရွှမ်တို့ မရောက်ရှိခင်ကပင် တင်ကြိုပြီး နေရာထိုင်ခင်းများ၊ စားသောက်ဆိုင်များ ကြိုတင်ပြင်ဆင်ထား ပြီးဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အော်ရာများကို ဖုံးကွယ်ထားခြင်းမရှိ၍ လျူလင်းလုံသည် သူတို့နှစ်ဦးကို အာရုံခံမိလိုက်ပြီး အပြေးအလွှားရောက်ရှိလာတော့သည်။

“နှုတ်ဆက်ပါတယ် အဓိပတိအကြီးအကဲများရှင့်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အသာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်က

“အကြီးအကဲလျူ ခင်ဗျားက ကျောက်စိမ်းရေဈေးက ကျန်းမိသားစုရဲ့ လုပ်ငန်းတွေကို ကြီးကြပ်နေရတာပေါ့”

လျူလင်းလုံက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်ပါတယ် အကြီးအကဲကျန်း၊ ဒါနဲ့စကားမစပ် ကျန်းယွင်ရုံနဲ့ တခြားကလေးတွေလည်း ဒီကို ရောက်နေကြပါတယ်။ သူတို့ကိုခေါ်ပြီး ဂါရဝပြုခိုင်းလိုက်ရမလား”

ကျန်းချန်ရွှမ်က အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

“မလိုဘူး။ သူတို့ဖာသာ ပျော်ပါစေ၊ ပြီးတော့ ကျုပ်တို့အတွက် အထူးတလည် စီစဉ်ပေးဖို့ မလိုပါဘူး။ ကျုပ်တို့နှစ်ယောက်တည်း ဈေးထဲ ပတ်ကြည့်လိုက်ဦးမယ်”

ထိုအခါ လျူလင်းလုံသည် လေးစားစွာ ဦးညွတ်လိုက်ပြီးနောက် ကျန်းချန်ရွှမ်တို့ကို အနှောက်အယှက်မပေးလိုဟန်နှင့် နှုတ်ဆက်ထွက်ခွာသွားတော့သည်။ လျူလင်းလုံထွက်ခွာသွားသောအခါ ရှန်းရူယန်က ကျန်းချန်ရွှမ်အား

“ယောက်ျား ကျွန်မအထင်မမှားရင် လာမဲ့ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကျန်းရန်တောက်နဲ့ လျူလင်းလုံတို့နှစ်ယောက် ကျီဖုအဆင့်ကို ရောက်လိမ့်မယ်ထင်တယ်”

ဇနီးဖြစ်သူ၏ မှတ်ချက်ကိုကြားလျှင် ကျန်းချန်ရွှမ်သည် ခေတ္တမျှ စဉ်းစားခန်းဝင်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ ကျန်းရန်တောက်က နဝမအဆင့်ကို ရောက်နေပြီ။ လိုအပ်တဲ့ ဝိညာဉ်ရတနာ အကူပစ္စည်းကိုသာရရင် ကျီဖုအဆင့်ကို တက်လှမ်းနိုင်ဖို့ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းထိရှိတယ်၊ လျူလင်းလုံကတော့…”

ထိုနေရာရောက်လျှင် ကျန်းချန်ရွှမ်သည် အနည်းငယ်တုံ့ဆိုင်းသွားပြီး

“လျူလင်းလုံရဲ့ အလားအလာကလည်း ကျန်းရန်တောက်ထက် မနိမ့်ဘူး။ သူကတောင် ပိုသာလိမ့်ဦးမယ်။ လတ်တလောမှာ အခြေခံတည်ဆောက်ခြင်း အဌမအဆင့်ပဲ ရှိသေးပေမဲ့ လိုအပ်တဲ့ ရတနာပစ္စည်း အကူအညီနဲ့ဆို ကျီဖုအဆင့်ကို ရောက်နိုင်ချေ အလားအလာက ကျန်းရန်တောက် ထက်တောင် များမယ်၊ ဒါပေမဲ့ လျူလင်းလုံက မိန်းမတစ်ဦးဖြစ်နေတာနဲ့ မျိုးရိုးနာမည်က ကျန်း ဖြစ်မနေတာက ပြဿနာတစ်ခုပဲ။ ဂိုဏ်းအတော်များများ သူနဲ့လက်ထပ်ဖို့ ကျန်းမိသားစုကို လာကမ်းလှမ်းတယ်လို့ ကိုယ်သိရတယ်။ အဲဒီလို လက်ထပ်ဖြစ်သွားရင် လျူလင်းလုံက သူ့ကိုယ်သူ ကျန်းမိသားစုဝင်အဖြစ် မြင်ဦးမလားဆိုတာကိုတော့ ကိုယ်လည်းမပြောတတ်ဘူး”

သည်ပြဿနာမှာ မျိုးနွယ်စုများ မကြာခဏ ကြုံတွေ့ရတတ်သည့် ပြဿနာဖြစ်သည်။ မိသားစုအတွင်းရှိ အမျိုးသမီးတစ်ဦးသည် အခြားမိသားစုမှ ယောက်ျားတစ်ဦးနှင့် လက်ထပ်လိုက်ပါက ယောက်ျားဖြစ်သူ၏ မိသားစုဘက်သို့ အလေးကဲသွားကြသည်က များသည်။ ဥပမာ ရှန်းရူယန်သည်ပင် ကျန်းချန်ရွှမ်နှင့် လက်ထပ်ပြီးသောအခါတွင် ကျန်းချန်ရွှမ်နောက်သို့ လိုက်လာခဲ့ရသည် မဟုတ်ပါလား။ သို့သော် မျိုးရိုးနှင့် သွေးသားတော်စပ်မှုအရ ခင်ပွန်းဖြစ်သူ၏ မိသားစုဝင်ဖြစ်လာရသော အမျိုးသမီးနှင့် မူလမိသားစုအကြားတွင် ခိုင်မာသည့် ဆက်နွှယ်မှုမျိုး ရှိနေစမြဲပင် ဖြစ်သည်။ ထိုအမျိုးသမီးသည် ခင်ပွန်း၏ မျိုးရိုးနာမည်အသစ်ကို ခံယူလိုက်သည့်တိုင် မိသားစု အသစ်အပေါ်တွင် ထားရှိရမည့် သစ္စာတရားမှာ မေးခွန်းထုတ်စဖွယ် ကျန်ရစ်နေတတ်သည်။

သွေးသားတော်စပ်မှု မပါဝင်လျှင် ထိုအမျိုးသမီး၏ သစ္စာစောင့်သိမှုမှာ အာမခံနိုင်မည်မဟုတ်ပါ။ ကျန်းချန်ရွှမ်တစ်ယောက် ရှန်းမိသားစုတွင် နေထိုင်ခဲ့စဉ်က ထိုအရေးကိစ္စများကို ဝင်ရောက်ဆုံး ဖြတ်ရန်မလိုခဲ့ပါ။ သို့ရာတွင် ယခုအခါ ကျန်းမိသားစု၏ အကြီးဆုံး တာဝန်ရှိသူဖြစ်လာသည့်အတွက် ထိုကိစ္စများကို အလေးအနက်ထား ကိုင်တွယ်ရန် လိုလာပြီဖြစ်သည်။ ရှန်းရူယန်သည် ငိုင်ကျသွားသော ကျန်းချန်ရွှမ်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

“ယောက်ျား ရှင်အတွေးလွန်နေပြီထင်တယ်။ ဒီကိစ္စက ဆုံးဖြတ်ဖို့ စောပါသေးတယ်။ လျူလင်းလုံကို ကျွန်မတို့ ကျီဖုအဆင့်ရောက်အောင် မပျိုးထောင်ပေးခင် သူ့သဘောထားကို ရှင်းလင်းအောင် အရင်မေးထားလိုက်မယ်။ ကျွန်မတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို သူ့ဖက်က လိုက်နာ၊ မနာကို အရင်အတည်ပြုရမယ်။ သူ့ဖက်က သဘောမတူရင်တော့ အတင်းမတိုက်တွန်းသင့်ဘူးလို့ ကျွန်မမြင်တယ်”

ရှန်းရူယန်၏စကားမှာ သဘာဝကျ၍ ကျန်းချန်ရွှမ် လက်ခံလိုက်သည်။

***

All Chapters