← Chapters

လေလံပွဲ (၂)

Vol. 10 Ch. 190

လေလံပွဲ (၂)

Vol. 10 Ch. 190

“ဟုတ်တယ် ရူယန်ပြောတာမှန်တယ်၊ ကိုယ်ပဲ အစိုးရိမ်လွန်နေတာဖြစ်မယ်”

ရှန်းရူယန်၏ အပြုံးမှာ ပို၍ပီပြင်လာပြီး

“ပြီးတော့ နောက်တစ်နည်းရှိသေးတယ်။ ရှင်က လျူလင်းလုံးကို လက်ထပ်လိုက်ဖို့ပဲ။ ရှင်တို့နှစ်ယောက်က မျိုးဆက်အတူတူပဲ ဖြစ်တဲ့အတွက် သူ့ကိုလက်ထပ်လိုက်ရင် ဘယ်သူမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး၊ ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေလည်း သူ့အလိုလိုပြီးသွားမယ်”

“လျူလင်းလုံကို လက်ထပ်ရမယ် ဟုတ်လား”

ကျန်းချန်ရွှမ်မှာ ရှန်းရူယန်၏ စကားကြောင့် အံ့အားသင့်သွားရသည်။ အမှန်ဆိုရလျှင် သူကိုယ်တိုင်လည်း ဘဝအသစ်ကို ကူးပြောင်းရောက်ရှိလာစက ဇနီးများ၊ ကိုယ်လုပ်တော်များ အမြောက်အများထားပစ်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ထိုအတွေးများသည် နုနယ်မရင့်ကျက်စဉ်က အတွေးများသာဖြစ်ပြီး ရှန်းရူယန်နှင့် တွေ့ဆုံပေါင်းဖက်ပြီး အဖြစ်အပျက်မျိုးစုံကို အတူတကွ ရင်ဆိုင်ခဲ့ပြီးသည့်နောက်တွင် သူ့ဘဝတွင် ရှန်းရူယန်သည်သာ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် သတ်မှတ်ခံယူခဲ့မိသည်။ ထို့ကြောင့် ရှန်းရူယန်ထံမှ အဆိုပါစကားကို ကြားရသောအခါ မယုံနိုင်တုန်လှုပ်မိသွားခြင်းဖြစ်သည်။

“ရူယန် တော်လောက်ပြီ။ ဒီအကြောင်းကို ဘယ်တော့မှမပြောနဲ့တော့”

“ကောင်းပါပြီရှင်”

ရှန်းရူယန်မှာ ပြုံးလျက်ပင် ခေါင်းညိတ်လိုက်ပြသည်။ ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦးသည် ကျောက်စိမ်းရေဈေးကို အနည်းငယ် လည်ပတ်ကြည့်ရှုလိုက်ကြသည်။ ရက်အနည်းငယ် ကြာပြီးနောက် လေလံပွဲကျင်းပမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပါပြီ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လေလံပွဲကျင်းပမည့် ခမ်းနားသိုက်မြိုက်သော အိမ်ကြီးတစ်ဆောင်ရှေ့ကို ရောက်လာကြသည်။ အနှစ်သုံးဆယ်မှ တစ်ခါကျင်းပသော လေလံပွဲကြီးဖြစ်သည်နှင့်အညီ အတော်ပင် ခမ်းနားကြီး ကျယ်သည်ဟု ဆိုရမည်။ လေလံပွဲကို ဝင်ရောက်ခွင့်ရရန် လိုအပ်ချက်မှာလည်း များပြားရှုပ်ထွေး ခြင်းမရှိ၊ ဝင်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံးသုံးတုံး ပေးဆောင်ရုံဖြင့် မည်သည့်ကျင့်ကြံသူမဆို ဝင်ရောက်ဆင်နွှဲနိုင်၏။

သို့သော် ထိုဝင်ကြေးများဖြင့်ပင် လေလံပွဲစီစဉ်သူများအဖို့ အကျိုးအမြတ် အများအပြားရရှိသည် ဟုဆိုနိုင်ပါမည်။ ကျန်းချန်ရွှမ်တို့ လေလံပွဲကျင်းပမည့် ခန်းမဆောင်အတွင်း ဝင်ရောက်မိလျှင် လူများကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်ကို တွေ့ရသည်။ ခန့်မှန်းချေအရ လေလံပွဲလာ ဧည့်သည်ဦးရေသည် သောင်းဂဏန်းရှိပေလိမ့်မည်။ အနှစ်သုံးဆယ်တစ်ခါ ကျင်းပသည့်ပွဲသည်ပင် ဤမျှလောက်ထိ စည်ကားနေလျှင် အနှစ်တစ်ရာမှ တစ်ခါကျင်းပသည့် လေလံပွဲဆိုလျှင်တော့ ဆိုဖွယ်မရှိတော့ပါ။ ယခုလေလံပွဲသို့ အိမ်နီးချင်းနိုင်ငံများမှ ကျင့်ကြံသူများပါ တကူးတက လာရောက်ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ထိုင်စရာနေ ရာများ ရှာဖွေ၍ နေရာယူလိုက်ကြသည်။

နာရီအနည်းငယ်ကြာလျှင် အားလုံးမျှော်လင့်စောင့်စားနေသော လေလံပွဲအခမ်းအနား စတင်ပါတော့သည်။ ခမ်းနားသောစင်မြင့်ကြီးထက်မှ အလင်းမိုးစက်များ အဆက်မပြတ် ကျရောက်လာပြီး တစ်ဆက်တည်းတွင် လှပသော ပန်းပွင့်ပန်းချပ်များနှင့် ပွင့်ဖတ်များလည်း မိုးရွာသွန်းသည့်ပမာ စင်မြင့်ပေါ်သို့ ဝေ့ဝဲကျဆင်းလာတော့သည်။ ပွဲလာပရိသတ်အားလုံးသည် ခန်းမဆောင်တစ် ခုလုံးတွင် သန့်စင်သော ဝိညာဉ်ချီဓာတ်များ ခန်းလုံးပြည့်ပြည့်လျှံသွားကြောင်း ခံစားမိကြသည်။ ထိုပွင့်ချပ်များအကြားတွင် လှပတင့်တယ်သော အမျိုးသမီးတစ်ဦး၏ ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုအမျိုးသမီးကိုမြင်လျှင် ကျီဖုအဆင့် ကျင့်ကြံသူအချို့သည် မတ်တပ်ရပ်၍ ဂါရဝပြုလိုက်သည်။

ထိုအမျိုးသမီးသည် ကျောက်စိမ်းရေဓားစင်မြင့်အဖွဲ့ကြီး၏ ကျီဖုအဆင့် အဓိပတိအကြီးအကဲ တစ်ဦးဖြစ်ပြီး သူမကိုယ်တိုင် လေလံပွဲကို ကြီးမှူးကျင်းပခြင်းသည် သည်လေလံပွဲကြီး၏ အရေးပါမှုကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်။ ထိုအမျိုးသမီး၏ အမည်မှာ ဟွားမန်ရုံဖြစ်သည်။ စင်မြင့်ထက်မှ ဟွားမန်ရုံသည် ပရိသတ်အားလုံးကို လှပနူးညံ့စွာ ပြုံးပြလိုက်ရင်း

“ပရိသတ်အားလုံးပဲ လေလံပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိပြီးဖြစ်တယ်လို့ ယူဆမိတဲ့အတွက် အထူးတလည်မရှင်းပြတော့ပါဘူး။ လေလံပွဲကို စလိုက်ကြရအောင်”

ထိုအခါ အမှုထမ်းတစ်ဦးသည် ကျောက်စိမ်းပုလင်းတစ်ခုကို စင်မြင့်ထက်သို့ ယူဆောင်လာသည်၊ ဟွားမန်ရုံက ကျောက်စိမ်းပုလင်းကို ဖွင့်ပြလိုက်သောအခါ အထဲရှိပစ္စည်းများကို လူအားလုံးမြင် တွေ့ခွင့်ရလိုက်သည်။ ပရိသတ်ထဲမှ ချီသန့်စင်ခြင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားသွားကြပြီး အုပ်အုပ်ကျက်ကျက် ဖြစ်သွားကြသည်။ ပုလင်းထဲရှိ အရာများမှာ အခြေခံတည်ဆောက်ခြင်း ဆေးပြားများဖြစ်သည်။ ဟွားမန်ရုံက ပြုံးပြလိုက်ရင်း

“အားလုံးပဲ သိပြီးကြမယ်ထင်ပါတယ်။ အခြေခံတည်ဆောက်ခြင်း ဆေးပြားလေးပြား ပါဝင်တဲ့ ကျောက်စိမ်းပုလင်းဖြစ်ပါတယ်။ ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြစ်ပြီး ထပ်တိုးကမ်းလှမ်းတဲ့ဈေးက တစ်ထောင်ထက် မနည်းရပါဘူး”

ဟွားမန်ရုံ၏ စကားဆုံးလျှင် ဧည့်သည်တစ်ဦးက အမောတကော ဈေးကမ်းလှမ်းလိုက်သည်။

“ဝိညာဉ်ကျောက်တုံး နှစ်သောင်းပါ”

“နှစ်သောင်းနှစ်ထောင်”

“သုံးသောင်း”

အချိန်တိုအတွင်း ကျောက်စိမ်းပုလင်း၏ ဈေးသည် ဝိညာဉ်ကျောက်တုံး သုံးသောင်းအထိ မြင့်တက်သွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အကြည့်ချင်းဆုံသွားကြပြီး တစ်ဦးကိုတစ်ဦး မေးငေါ့မိလိုက်ကြသည်။ လေလံပွဲ၏ ပထမဆုံးပစ္စည်းမှာ အခြေခံတည်ဆောက်ခြင်းဆေး ပြားများ ဖြစ်နေမည်ဟု သူတို့မထင်ထားခဲ့ကြ၊ အလတ်စားလေလံပွဲတစ်ခုအတွက်တော့ အဆိုပါ ဆေးပြားများသည် တန်ဖိုးအတော်အသင့်ကြီးမားသည့် ရတနာများဖြစ်နေသည်လေ။

“ဝိညာဉ်ကျောက်တုံး လေးသောင်းကွာ”

“ငါးသောင်း ဟာ”

“ခြောက်သောင်းဟေ့”

ဈေးမှာ တရိပ်ရိပ်တက်လာတော့သည်။ အခြေခံတည်ဆောက်ခြင်းဆေးပြားသည် အဆင့်နိမ့် ကျင့်ကြံသူများအတွက်တော့ အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာတစ်ပါးဖြစ်သည်။ ယခုအခါ ဆေးပြားလေးပြားအထိ တစ်စုတစ်စည်းတည်း ပိုင်ဆိုင်ခွင့်ရမည်ဖြစ်၍ လေလံဆွဲသူများ အနေ နှင့် လက်လွှတ်ခံလိုဟန်မတူပါ။ အချို့သော အဆင့်နိမ့်မိသားစုများနှင့် ဂိုဏ်းများသည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ပေါင်းစည်းလိုက်ကြပြီး အပြိုင်အဆိုင် ဈေးကမ်းလှမ်းကြတော့သည်။

“ခုနှစ်သောင်း”

“ခုနှစ်သောင်းခွဲ”

“ရှစ်သောင်း”

နောက်ဆုံးတွင် ကျောက်စိမ်းပုလင်းဈေးသည် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းခုနှစ်ထောင်အထိ မြင့်တက်သွားပြီးနောက် ဈေးပြိုင်ကမ်းလှမ်းမှုများ ရပ်တန့်သွားကြ၏။ လူအတော်များများသည် အားမလိုအားမရဖြစ်ဟန်နှင့် သက်ပြင်းချလိုက်ကြသည်။ အခြေခံတည်ဆောက်ခြင်းဆေးပြားလေးပြား၏တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ရှစ်သောင်းခုနှစ်ထောင်နှင့် ဈေးတည့်သွားသည်။

“နောက်တစ်ခုကတော့ အဆင့် ၃ ဓမ္မရတနာလောင်း ဖြစ်ပါတယ်”

ထိုအခါ နောက်ထပ်အမှုထမ်းတစ်ဦးသည် မြစိမ်းရောင်အလင်းသဲ့သဲ့ ဖြာထွက်နေသော ပုလဲလုံးတစ်ခုကို ခင်းကျင်းပြသလိုက်ပြန်သည်။ ဟွားမန်ရုံက

“ဒီရတနာကတော့ အဆင့် ၃ သစ်သားဓာတ် မြစိမ်းပုလဲဖြစ်ပါတယ်။ ပရိသတ်များထဲက ကျီဖု အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးများသူတွေအနေနဲ့ ဒီရတနာကို လက်လွှတ်မခံသင့်ပါဘူးနော်၊ ရှားပါးပြီး တွေ့ရခဲတဲ့ အဆင့် ၃ ဓမ္မရတနာလောင်းပါ ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ဖြစ်ပြီး ထပ်ဆောင်းကမ်းလှမ်းဈေးက တစ်ထောင်ထက် မနည်းရပါဘူး”

“ဝိညာဉ်ကျောက်တုံးတစ်သောင်း”

“တစ်သောင်းခွဲ”

“နှစ်သောင်း”

“နှစ်သောင်းရှစ်ထောင်”

ဓမ္မရတနာလောင်း၏ တန်ဖိုးသည် ခဏချင်း ဝိညာဉ်ကျောက်တုံး နှစ်သောင်းရှစ်ထောင်အထိ မြင့်တက်သွားပြီး ထိုဈေးနှင့်ပင် အရောင်းအဝယ်တည့်သွားသည်။ ထို့နောက်တွင် နောက်ထပ် ရတနာများ တစ်ခုပြီးတစ်ခု ခင်းကျင်းပြီး လေလံတင်သည်။ အများစုမှာ အဆင့် ၁ နှင့် ၂ ပစ္စည်း များသာဖြစ်ပြီး အနည်းစုသာ အဆင့် ၃ ရတနာများဖြစ်သည်။ သို့သော် ထိုအဆင့် ၃ ရတနာများသည်လည်း ကျန်းချန်ရွှမ်တို့အတွက် အသုံးဝင်လှခြင်းမရှိပေ။ ဤသို့နှင့် သုံးရက်ကြာမြင့်သွားသည်။ လေလံပွဲ၏ သုံးရက်မြောက်တွင်တော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အာရုံကိုဖမ်းစားနိုင်သည့် ရတနာတစ်ခုကို ခင်းကျင်းပြသလာတော့သည်။

***

All Chapters