← Chapters

ကျန်းရန်တောက် လေလံဝင်ဆွဲခြင်း

Vol. 10 Ch. 191

ကျန်းရန်တောက် လေလံဝင်ဆွဲခြင်း

Vol. 10 Ch. 191

ထိုအခါ ဟွားမန်ရုံက ပြုံးလျက် ကြေညာလိုက်ပြန်သည်။

“နောက်တစ်ခုကတော့ ကျောက်စိမ်းဝိညာဉ်ဂျုံစေ့ ဖြစ်ပါတယ်။ ဒီက တာအိုမိတ်ဆွေတွေထဲက အဂ္ဂိရတ်ပညာ အဆင့် ၃ တတ်မြောက်ထားသူတွေအဖို့ လက်လွှတ်မခံသင့်တဲ့ ရတနာတစ်ပါးပါ။ အရေအတွက်အားဖြင့် ဂျုံစေ့လေးစေ့ရှိပါတယ်။ ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံးပေါင်း တစ်သောင်းနှစ်ထောင်ပါ။ ထပ်တိုးကမ်းလှမ်းဈေးကလည်း ဝိညာဉ်ကျောက်တုံးတစ်ထောင်ထက် လျော့နည်းလို့မရဘူး”

ဟွားမန်ရုံ လေလံ‌ဈေးကို အတည်ပြုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သားကောင် နံ့ရသော မုဆိုးပမာ အခြေအနေကို နားစွင့်လိုက်သည်။ ထိုဂျုံစေ့များကို မရအရ ဝယ်ယူရန်နှစ်ဦး စလုံး စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ သို့သော် အလျင်စလို ဈေးပေးခြင်းမပြုသေးဘဲ ခေတ္တခဏမျှ အခြေအနေစောင့်ကြည့်လိုက်ပြီး ဝိညာဉ်ကျောက်တုံး သုံးသောင်းကိုးထောင် ရောက်သွားချိန်ထိ စောင့်ဆိုင်းလိုက်သည်။ ထိုအချိန်ရောက်မှ ကျန်းချန်ရွှမ်က မတ်တတ်ထရပ်လိုက်ပြီး

“ဝိညာဉ်ကျောက်တုံး ငါးသောင်း”

ထိုအခါ ဈေးပြိုင်ကမ်းလှမ်းနေသော အဝါရောင်ဝတ် ကျင့်ကြံသူတစ်ဦးက ကျန်းချန်ရွှမ်ကို စိုက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသလို နောက်ထပ် အဘိုးကြီးတစ်ဦးကလည်း စိတ်ပျက် ဟန်နှင့် ခေါင်းကိုယမ်းလိုက်သည်။ ထိုအဘိုးကြီးက

“တော်ပြီ။ ဒီဝိညာဉ်ဂျုံစေ့တွေက တန်ဖိုးကြီးတာမှန်ပေမဲ့ အစေ့အညှောက် အဆင့်ပဲရှိသေးတယ်။ လက်‌တွေ့အသုံးချနိုင်ဖို့ အချိန်တွေအများကြီးပေးပြီး ပြုပြင်ပျိုးထောင်ရဦးမယ်။ ဒီအစေ့တွေရဲ့ တန်ဖိုးက ဝိညာဉ်ကျောက်တုံးငါးသောင်း မိုင်ကုန်ပဲ။ ဒီထက်ပိုပေးရရင် မတန်တော့ဘူး”

အဘိုးကြီးစကားကိုကြားလျှင် အဝါရောင်ဝတ်စုံဝတ်လူသည် စိတ်မပါလက်မပါနှင့် ခေါင်းညိတ်လိုက်ပြီး ဈေးကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်တော့သည်။ နောက်ထပ်ဈေးပြိုင်ကမ်းလှမ်းသူ မရှိ တော့၍ ဂျုံစေ့ပါဝင်သောအိတ်သည် ကျန်းချန်ရွှမ်လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ အလိုရှိနေသော ရတနာများအနက် ပထမဆုံးတစ်ခုကို လက်ဝယ်ရရှိလိုက်၍ ကျေနပ်စွာပြုံးမိလိုက်ကြသည်။ အဆင့် ၃ ပဲစေ့စစ်သည်ဆေးပြားများကို ဖော်စပ်အသုံးပြုနိုင်ရန် အလှမ်းမဝေးတော့ပေ။ ထိုဆေးပြားများကို ပိုင်ဆိုင်ထားပါက သူတို့၏တိုက်ပွဲဝင်လက်နက်များစာရင်းတွင် ကျီဖုအဆင့် စစ်သည်များကို ထည့်သွင်းအားဖြည့်သလို ဖြစ်ပါလိမ့်မည်။

နောက်ဆုံးဖြစ်ပွားခဲ့သော နတ်ဆိုးသားရဲကပ်ဘေးသည် ဆယ်စုနှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ် ၍ နောက်တစ်ဖန် ကျရောက်လာမည့် ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျ မည်ဖြစ်သည်လေ။ ထို့နောက်တွင် လေလံပွဲကို ဆက်လက်ကျင်းပရာ နောက်ထပ်ရတနာများမှာ အဆင့် ၃ ရတနာပစ္စည်းများဖြစ်ပြီး အဆင့် ၃ တိုက်ခိုက်ရေး ဓမ္မလက်နက်တစ်ခုနှင့် အဆင့် ၃ ဝိညာဉ်သစ်ဥသစ်ဖု အစရှိသည့် ရတနာများဖြစ်သည်။ ထိုပစ္စည်းများကိုတော့ ကျန်းချန်ရွှမ်တို့ အနေနှင့် စိတ်ဝင်စားမှုမရှိတော့ပါ။ လေလံပွဲ၏ လေးရက်မြောက်နေ့တွင်တော့ ဟွားမန်ရုံက စိတ်ဝင်စားဖွယ် ရတနာတစ်ပါးကို ခင်းကျင်းပြသလာသည်။ စစ်မှန်မှု ခရမ်းရောင်ဆေးပြားပင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် အဆိုပါရတနာကို မြင်လျှင် စိတ်မောစွာ သက်မချလိုက်မိကြသည်။ ကျန်းယွင်ရုံက ကျန်းရန်တောက်အား

“တတိယဦးလေး ခရမ်းရောင်ဆေးပြားကြီး”

“အေး ဟုတ်တယ်”

ကျန်းယွင်ရုံက စိတ်လှုပ်ရှားနေသလောက် ကျန်းရန်တောက်က မတုန်မလှုပ်ရှိနေသည်။ ထိုဆေးပြားသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများကို ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည့် ရတနာဆေးပြားဖြစ်၍ သူနှင့်အဆင့်တူ ကျင့်ကြံသူများစွာကို ယှဉ်ပြိုင်အနိုင်ယူပြီးမှ ထိုဆေးပြားကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရမည်ဖြစ်ကြောင်း ကျန်းရန်တောက် ကောင်းစွာနားလည်ထားသည်။ သူထင်ထားသည့်အတိုင်းပင် ဟွားမန်ရုံက ကြမ်းခင်းဈေးကို ကြေညာပြီးမကြာခင်မှာပင် ခရမ်းရောင်ဆေးပြား၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံးပေါင်း လေး သောင်းအထိ ထိုးတက်သွားသည်။ ထိုဈေးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ များအတွက်တော့ မနည်းလှသည့် ပမာဏဖြစ်သည်။ ဝိညာဉ်ကျောက်တုံးလေးသောင်းသည် အဆင့်နိမ့် ဓမ္မရတနာတစ်ပါးကိုပင် ဝယ်ယူနိုင်စွမ်းရှိသည်။ သို့သော် ကမ်းလှမ်းဈေးမှာ ရပ်တန့် မည့် လက္ခဏာမရှိပါ။

“ ဝိညာဉ်ကျောက်တုံး လေးသောင်းသုံးထောင်”

“လေးသောင်းခုနှစ်ထောင်”

“ငါးသောင်းကွာ”

ဈေးမှာငါးသောင်းအထိ ရောက်ရှိလာလျှင် ကျန်းယွင်ရုံမှာ စိတ်ဂဏာမငြိမ်ဖြစ်လာတော့သည်။ သူမက ကျန်းရန်တောက်ကို စိုးရိမ်စွာနှင့်

“တတိယဦးလေး ဘယ်လိုလုပ်မလဲ။ သမီးတို့မှာ ကျောက်တုံးတွေကုန်တော့မယ်။ ဒီဆေးပြားကို နောက်တစ်ခါ တွေ့ရဖို့ မလွယ်ဘူးနော်”

ကျန်းယွင်ရုံက ပြောပြောဆိုဆိုနှင့် ပါလာသမျှ ဝိညာဉ်ကျောက်တုံးများကို သွန်ချလိုက်ပြီး ရေတွက်ကြည့်လိုက်သည်။ သည်အတိုင်းဆက်သွားပါက သူတို့တွင်ပါလာသည့် ကျောက်တုံးများနှင့် လောင်ငှတော့မည်မဟုတ်ပါ။

ကျန်းယွင်ရုံက မနေနိုင်တော့ဘဲ အကြံတစ်ခုပေးလိုက်သည်။

“ဘိုးဘေးနှစ်ယောက်ကို ပြောကြည့်ရင်ရော။ သူတို့လည်း ဒီပွဲကိုရောက်နေမှာ သေချာတယ်”

ကျန်းယွင်ရုံ၏အကြံကိုကြားလျှင် ကျန်းရန်တောက်တစ်ယောက် ဝေခွဲမရဖြစ်သွားသည်။ အရိုးသားဆုံးဝန်ခံရလျှင် သူ့အနေနှင့် ဒီဆေးပြားကို လက်လွှတ်မခံလိုပါ။ သို့သော် ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံသည်လည်း သူတို့အလိုရှိသည့် ရတနာများကို လေလံဆွဲဝယ်ယူရန် အစီအစဉ်ရှိမှန်း ကျန်းရန်တောက်သိထား၍ သူ့ကို အကူအညီပေးလိုက်လျှင် ကျန်းချန်ရွှမ်တို့ အလိုရှိသည့် ရတနာများကို လက်လွှတ်လိုက်ရမည့်အဖြစ်မျိူးကို သူမလိုလားပါ။ ထိုအချိန်မှာပင် လေလံဈေးသည် ဝိညာဉ်ကျောက်တုံးငါးသောင်းတွင် ရပ်တန့်တော့မည့် အခြေအနေမျိုးဖြစ်လာသည်။ ကျန်းရန် တောက်သည် ဘိုးဘေးဖြစ်သူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အကူအညီတောင်းရနိုးနိုး ချီတုံ ချတုံဖြစ်နေစဉ်မှာပင် လေလံပွဲကို ကျင်းပနေသည့် မိန်းကလေးဝန်ထမ်းတစ်ဦးသည် ကျန်းရန်တောက်အနီးသို့ ချဉ်းကပ်လာပြီး ပြုံးပြလိုက်သည်။

“ဒီက ဧည့်သည်တို့က ကျန်းရန်တောက်နဲ့ ကျန်းယွင်ရုံတို့လား မသိဘူး”

“ဟုတ်ပါတယ်။ မင်းကဘယ်သူလဲမသိဘူး”

ကျန်းရန်တောက်တို့နှစ်ဦးမှာ ဇဝေဇဝါဖြစ်သွားသည်။ ထိုမိန်းကလေးက ပြုံးလျက်ရှင်းပြသည်။

“ကျွန်မက လေလံပွဲကို စီစဉ်ကျင်းပနေတဲ့ အမှုထမ်းတစ်ဦးပါ။ စီနီယာကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးက ရှင်တို့ကို ပစ္စည်းတစ်ခုပေးခိုင်းလိုက်လို့ပါ”

မိန်းကလေးက သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်ရာ ကျန်းရန်တောက်ကလည်း လှမ်းယူမိလိုက်သည်။ လက်စွပ်နှင့် ထိတွေ့မိသည့် တစ်ခဏ၌ ကျန်းချန်ရွှမ်ပေးပို့လိုက်သော စကားသံတစ်ခုသည် ကျန်းရန်တောက်၏ အသိစိတ်ထဲတွင် ပေါ်လာတော့သည်။

“ရန်တောက် လက်စွပ်ထဲမှာ ခင်ဗျားလိုချင်တဲ့ ခရမ်းရောင်ဆေးပြားကို ဝယ်ယူနိုင်လောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေပါတယ်။ အားမနာဘဲ ယူလိုက်ပါ”

ထိုအခါ ကျန်းရန်တောက်၏ နှလုံးသားထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားမိလိုက်သည်။

“စီနီယာဦးလေး”

နှုတ်မှထုတ်ဖော်၍ အကူအညီမတောင်းရသေးခင်မှာပင် ဘိုးဘေးနှစ်ဦးသည် သူတို့နှစ်ဦးအတွက် အလိုက်တသိနှင့် ကူညီကမ်းလှမ်းမှုပြုသည်ကို ကျန်းရန်တောက်တွေးမိလိုက်ပြီး စိတ်တွင် အတိုင်းမသိ ကြည်နူးမိသည်။ အနီးရှိ ကျန်းယွင်ရုံသည်လည်း အံ့အားသင့်သွားပြီး သိုလှောင် လက်စွပ်ကို လှမ်းယူကြည့်မိရာ အထဲရှိပစ္စည်းများကို မြင်လိုက်ရသောအခါ မှင်တက်သွားတော့ သည်။ ထို့နောက် ဝန်ထမ်းမိန်းကလေးသည်လည်း သူတို့ကို နှုတ်ဆက်ပြီး ပြန်သွားသည်။ ကျန်းရန်တောက်က အသက်ကိုပြင်းပြင်းရှိုက်သွင်းလိုက်ပြီး

“ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခွဲ”

ထိုအခါ လေလံဈေးကို ကျောက်တုံး ၁၁၀၀ စီတိုး၍ ဈေးပြိုင်ကမ်းလှမ်းနေကြသော ကျင့်ကြံသူ များသည် ရုတ်တရက် ရပ်တန့်သွားပြီး ကျန်းရန်တောက်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြ သည်။ ဟွားမန်ရုံက ပြုံးလိုက်ပြီး

“ခြောက်သောင်းခွဲပေးသူရှိနေပါပြီ။ နောက်ထပ် ကမ်းလှမ်းမဲ့သူ ရှိသေးသလားရှင့်”

ဝိညာဉ်ကျောက်တုံးပေါင်း ခြောက်သောင်းခွဲဆိုသည်မှာ ပရိသတ်အများစု၏ ဝယ်နိုင်စွမ်းထက် ပင် ပိုလွန်နေသောကြောင့် ဈေးပြိုင်ကမ်းလှမ်းမည့်သူများ မရှိတော့ပါ။

“ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခွဲတစ်ကြိမ်”

“ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခွဲနှစ်ကြိမ်”

“ဝိညာဉ်ကျောက်တုံး ခြောက်သောင်းခွဲသုံးကြိမ်”

“ခရမ်းရောင်ဆေးပြားကို ပိုင်ဆိုင်ခွင့်ရရှိသွားပါပြီ၊ ဂုဏ်ပြုပါတယ်ရှင်”

***

All Chapters