← Chapters

တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်အတွက် ယှဉ်ပြိုင်ရခြင်း

Vol. 10 Ch. 192

တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်အတွက် ယှဉ်ပြိုင်ရခြင်း

Vol. 10 Ch. 192

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်တောက်တစ်ယောက် ခရမ်းရောင် ဆေးပြားကို ပိုင်ဆိုင်ခွင့်ရသွားသည်ကို ကြည့်ရင်း ပြုံးမိလိုက်ကြသည်။

“ရန်တောက်တော့ ကျီဖုအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းနီးသွားပြီပဲ”

ကျန်းချန်ရွှမ်က ရှန်းရူယန်စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဟုတ်တယ်။ ဒါနဲ့ အခြေခံဓာတ်ငါးပါး အဆီအနှစ် ကိုလည်း ဒီပွဲမှာ လေလံတင်မယ်ထင်တယ်။ ကိုယ်တို့စောင့်ကြည့်ရအောင်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းရန်တောက် ခရမ်းရောင်ဆေးပြားကို ပိုင်ဆိုင်၍ ကျီဖု အဆင့်ကို ရောက်ရှိသွားသည်ကို အမှန်ပင် မြင်လိုလှပါသည်။ ကျန်းရန်တောက်သာ ဒုတိယနတ်ဆိုးသားရဲကပ်ဘေးမတိုင်မီ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါက အဆိုပါကပ်ဘေးတွင် သူတို့မိသားစုအတွက် ရှင်ကျန်နိုင်ရန် အခွင့်အလမ်းပိုများလာလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ဟွားမန်ရုံ၏ လက်ထဲတွင် ခရမ်းပြာရောင်အရည်တစ်မျိုး ပါရှိသည့် ပုလင်းတစ်ခုကို တွေ့လိုက်ရပြန် သည်။ ထိုပုလင်းကိုမြင်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ယောက်လုံး အံ့အားသင့်သွားမိသည်။

“တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်ပဲ”

ကျန်းချန်ရွှမ်တို့နှစ်ဦး ဤလေလံပွဲကို လာရောက်ရခြင်း၏ အဓိကအကြောင်းပြချက်သည် အဆို ပါခရမ်းပြာပုလင်းကြောင့်ဖြစ်သည်။ ထိုရေစင်ကိုရရှိပါက ရှန်းရူယန်အနေနှင့် ဝိညာဉ်အဆီအနှစ် ဆေးပြားကို ဖော်စပ်နိုင်ပြီး ထိုဆေးပြားအကူအညီဖြင့် သူတို့ရရှိခဲ့သော ဝိညာဉ်မွမ်းမံခြင်းနည်းစ နစ်သုံးခုကို ကျင့်ကြံခွင့်ရရှိမည်ဖြစ်သည်။ သို့သော် ထိုခရမ်းပြာရေစင်ကို အလိုရှိသူမှာ သူတို့နှစ် ဦးတည်းမဟုတ်ပါ။ ကျီဖုအဆင့် မိသားစုများနှင့် ဂိုဏ်းအတော်များများသည်လည်း ထိုရေစင်ကို မျက်စိကျလျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် မီးလျှံဂိုဏ်းလည်း အပါအဝင်ဖြစ်သည်။

မြေအောက်မီးဆိုသူ မီးလျှံဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ဦးက စိတ်အားထက်သန်စွာနှင့်

“စီနီယာအစ်ကိုမုရုံ အစ်ကိုလိုချင်တဲ့ ခရမ်းပြာရေစင်ပဲ၊ ဒီရတနာကိုသာ ရလို့ကတော့ အစ်ကို့ရဲ့ နတ်ဘုရားစွမ်းအားဖြစ်တဲ့ စစ်မှန်မှုမီးလျှံက နောက်တစ်ဆင့်ကိုရောက်သွားမှာပဲ”

“ဟုတ်တာပေါ့ကွာ”

မုရုံဖေးလုံက တည်ငြိမ်စွာ ထောက်ခံလိုက်သည်။ သူ့အနေနှင့် မည်သည့်နည်းနှင့်မဆို ထိုရေစင် ကို ရယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ခန်းမဆောင်အတွင်းရှိ လူအားလုံးသည်လည်း စိတ် လှုပ်ရှားစွာဖြင့် လက်ချောင်းများကို ကိုယ်စီပွတ်သပ်နေမိရင်း ရတနာရေစင်ကို ပြိုင်ဆိုင်ရယူရန် မျှော်လင့်နေကြတော့သည်။ ထိုအခါ ဟွားမန်ရုံက ပြုံးလိုက်ရင်း စကားစလိုက်သည်။

“တာအိုမိတ်ဆွေအပေါင်းတို့ ဒီရတနာပုလင်းကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်မယ်လို့ ထင်ပါ တယ်။ ဟုတ်ပါတယ်။ တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်ပုလင်းဖြစ်ပါတယ်။ အဂ္ဂိရတ်ပညာရပ်မှာ အဓိကအသုံးပြုတဲ့ ဓာတ်ကူပစ္စည်းဖြစ်သလို ကျင့်ကြံမှုအဆင့်ကိုလည်း တိုးမြှင့်ပေးနိုင်တဲ့ ရတ နာတစ်ပါးလည်း ဖြစ်ပါသေးတယ်။ ဒီပုလင်းရဲ့ ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံး နှစ်သောင်းဖြစ်ပြီး ထပ်ဆောင်းကမ်းလှမ်းမဲ့ဈေးက ဝိညာဉ်ကျောက်တုံး နှစ်ထောင်ထက် လျော့နည်းလို့မရပါဘူး”

ထိုစကားကိုကြားလျှင် ဧည့်သည်အများစုသည် အားမလိုအားမရဟန်နှင့် ကျွတ်သပ်လိုက်ကြ သည်။ ဤလေလံပွဲတွင် ကြမ်းခင်းဈေးကို နှစ်သောင်းသတ်မှတ်သည်မှာ သည်ရေစင်ပုလင်းက ပထမဆုံးဖြစ်သည်။ ကြမ်းခင်းဈေးပင် ဤမျှများပြားနေလျှင် နောက်ဆုံးဈေးမှာ မည်မျှအထိဖြစ် ပျက်သွားမည်ကို သူတို့မတွေးဝံ့ကြပေ။ ထိုအခါတွင် ကျန်းယွင်ရုံသည် မနေနိုင်တော့ဘဲ ကျန်းရန်တောက်အား

“တတိယဦးလေး စီနီယာဦးလေးနဲ့ အဒေါ်က ဒီပုလင်းကို လေလံဝင်ဆွဲမယ်လို့ ထင်လား”

ကျန်းရန်တောက်၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်သည့် အရိပ်လက္ခဏာများ ထင်ဟပ်လာတော့သည်။ ခရမ်းရောင်ဆေးပြားကို ဝယ်ယူနိုင်ရန်အတွက် သူ့အား ဝိညာဉ်ကျောက်တုံးအများအပြား ပေးအပ်ခဲ့သောကြောင့် ကျန်းချန်ရွှမ်တို့ထံတွင် ထိုရေစင်ပုလင်းအား ဝယ်ယူနိုင်ရန် ဝိ ညာဉ်ကျောက်တုံးများ အလုံအလောက် မကျန်တော့မည်ကို စိုးရိမ်နေမိသည်။

“ဝိညာဉ်ကျောက်တုံး သုံးသောင်း”

“လေးသောင်း”

“ငါးသောင်း”

တစ်ခဏချင်းတွင် ရေစင်ပုလင်း၏တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံးငါးသောင်းအထိ ထိုးတက်သွား တော့သည်။ ဈေးမှာ ထိုနေရာတွင် ရပ်တန့်သွားမည့် အလားအလာမရှိပါ။

“ခြောက်သောင်းဟေ့”

“ခုနစ်သောင်း”

“ရှစ်သောင်း”

တရိပ်ရိပ်တက်လာသော ဈေးများကိုကြည့်၍ ပရိသတ်အများစုမှာ အံ့အားသင့်တုန်လှုပ်သွားကြ သည်။ အထူးသဖြင့် ခရမ်းပြာရေစင်အကြောင်းကို ဂဃနဏ မသိကြသူများဖြစ်သည်။ ထိုသူများသည် အဘယ်အတွက်ကြောင့် ထိုရေစင်ပုလင်းကို ‌ဈေးမတန်မဆပေး၍ ကမ်းလှမ်းနေကြသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။ တစ်ချိန်တည်းတွင် ကျန်းရန်တောက်နှင့် ကျန်းယွင်ရုံတို့မှာ ကြိတ်၍ သက်ပြင်းချလိုက်ကြသည်။ ကြမ်းခင်းဈေးကြေညာချိန်မှစ၍ ကျန်းချန်ရွှမ်တို့နှစ်ဦးသည် တစ်စုံတစ်ရာ ဝင်ရောက်ကမ်းလှမ်းခြင်းမျိုး မရှိသေးချေ။ ထို့ကြောင့် ကျန်းရန်တောက်တို့သည် ကျန်းချန်ရွှမ်တို့အနေနှင့် ထိုရေစင်ကို ဝယ်ယူလိုသော ဆန္ဒမရှိဟု ယူဆမိ၍ သက်ပြင်းချလိုက်မိ ခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်မှာပင်

“ဝိညာဉ်ကျောက်တုံးတစ်သိန်း”

ကျန်းချန်ရွှမ်သည် ရေစင်ပုလင်းပြုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲလိုက်သည်။ ထိုအခါ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ကျန်းချန်ရွှမ်သည် မမျှော်လင့်ထားဘဲ ပြိုင်ပွဲတွင် ပါဝင်လာသည့်အပြင် ထပ်ဆောင်းဈေးကို ဝိညာဉ်ကျောက်တုံးနှစ်သောင်းအထိပင် တိုးမြှင့်ပေးလိုက်ပါသေးသည်။ ထို့ကြောင့် ခန်းမဆောင်အတွင်းရှိ ပရိသတ်များသည် ပါးစပ်များ မပိတ်နိုင်တော့သည်အထိ အံ့အားသင့်ကုန်ကြသည်။ ကျန်းချန်ရွှမ်သည် ထိုရေစင်ပုလင်းကို မရအရယူရန် စိတ်ဆုံးဖြတ်ထားပုံရသည်။ ဈေးပြိုင်ကမ်းလှမ်းသူအချို့မှာ စိတ်ပျက်လက်ပျက်နှင့် နောက်ဆုတ်လိုက်ကြသည်။ အချို့ကတော့ လက်လျှော့လိုဟန်မတူပါ။ ထိုသူများထဲတွင် မုရုံဖေးလုံလည်း အပါအဝင်ဖြစ်သည်။ မုရုံဖေးလုံသည် ဝိညာဉ်ကျောက်တုံးတစ်သိန်းအထိ ရောက်ရှိ သွားသော အခြေအနေကိုကြည့်၍ မျက်နှာမှာ တစ်မုဟုတ်ချင်း မည်းမှောင်လာသည်။ ထိုရေစင်ကို ပိုင်ဆိုင်လိုသူများမှာ သူထင်ထားသည်ထက် များပြားနေသည်လေ။

သူ့လို ကျီဖုနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် ဝိညာဉ်ကျောက်တုံးတစ်သိန်းကိုမတတ်နိုင်သည်တော့ မဟုတ်ပါ။ သို့ရာတွင် မုရုံဖေးလုံတွင် လတ်တလောအားဖြင့် ငွေကြေးအကန့်အသတ်ရှိနေသလို ထိုရေစင်ပုလင်းအပြင် အခြားသော သူအလိုရှိသည့် ရတနာများကိုလည်း လေလံဆွဲရဦးမည်ဖြစ်သည်။ အထူးသဖြင့် လေလံပွဲနောက်ဆုံးအချိန်တွင် ခင်းကျင်းပြသမည့် ရတနာအတွက်ဖြစ်သည်။ သူ့လက်ထဲရှိ ဝိညာဉ်ကျောက်တုံးအများစုနှင့် မီးလျှံဂိုဏ်းပိုင်ဆိုင်သည့် ကျောက်တုံးအားလုံးသည် အဆိုပါရတနာကို ဝယ်ယူရန်အတွက်ဖြစ်သည်။ ထို့ကြောင့် သူ့ အနေနှင့် သည်ခရမ်းပြာရေစင်အတွက် ဝိညာဉ်ကျောက်တုံး အများအပြား သုံးစွဲပစ်၍မဖြစ်ပါ။ မုရုံဖေးလုံသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်နှင့်

“ဝိညာဉ်ကျောက်တုံး တစ်သိန်းနဲ့ငါးထောင်ပါ”

ထို့နောက် တစ်ဆက်တည်းတွင် မုရုံဖေးလုံသည် ထိုင်ရာမှထလိုက်ပြီး ပရိသတ်ဖက်ကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။ လေလံပွဲစည်းမျဉ်းအရ သူ့အနေနှင့် တစ်စုံတစ်ရာပြောဆိုခွင့်မရှိပါ။ သို့သော် သူ၏အပြုအမူက တာသွားသည်ဟု ဆိုရမည်။ ဈေးပြိုင်ကမ်းလှမ်းနေသူများသည် မုရုံဖေးလုံ သူတို့အား ဂါရဝပြုလိုက်သည်ကို မြင်လျှင် ကမ်းလှမ်းမှုများကို ကိုယ်စီရုပ်သိမ်းလိုက်ကြပြီး မုရုံဖေးလုံကို လက်သီးဆုပ်၍ ပြန်လည်ဂါရဝပြုလိုက်ကြသည်။ ထိုလူများသည် မုရုံဖေးလုံလို အာဏာစက်ပြင်းသူတစ်ဦးကို မျက်နှာလုပ်လိုဟန်နှင့် ခရမ်းပြာရေစင်ကို မုရုံဖေးလုံလက်ထဲသို့ အပ်နှံတော့မည်ဟု စိတ်ကူးလိုက်ကြသည်။ ထိုအခြင်းအရာကို ကျန်းယွင်ရုံမြင်လျှင် စိတ်မသက် မသာဖြစ်သွားမိသည်။

“တတိယဦးလေး အဲဒီလူကြီးက မီးလျှံဂိုဏ်းရဲ့ အဓိပတိအကြီးအကဲ မုရုံဖေးလုံမလား။ သမီးတို့ ဘာဆက်လုပ်ကြမလဲ။ စီနီယာဦးလေးနဲ့ အဒေါ်တို့ကလည်း လက်လျှော့မဲ့ပုံမပေါ်ဘူး”

ကျန်းရန်တောက်သည် တူမဖြစ်သူ၏ စကားကိုကြားလျှင် မျက်နှာအမူအရာလေးနက်သွားပြီး

“အဲဒီတော့ ဘာဖြစ်သေးလဲ။ သမီးမှတ်ထားရမှာက ရင်းမြစ်တစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားတဲ့နေရာမှာ ဘယ်သူ့မျက်နှာကိုမှ ထောက်ထားဖို့မလိုဘူး။ အပြင်လူမဆိုထားနဲ့ မိသားစုဝင်အချင်းချင်းကိုတောင် ယှဉ်ပြိုင်သင့်ရင် ယှဉ်ပြိုင်ရမှာပဲ။ ကျင့်ကြံသူတစ်ဦးအတွက် သူ့ရဲ့တာအိုလမ်းစဉ်ထက် အရေးကြီးတဲ့အရာမရှိဘူး”

ထို့နောက် ကျန်းရန်တောက်သည် ခေတ္တရပ်တန့်လိုက်ပြီးမှ စကားဆက်သည်။

“သမီးစိုးရိမ်နေတာကိုလည်း ဦးလေးနားလည်တယ်။ ဒါပေမဲ့ မင်းတို့စီနီယာဦးလေးနဲ့ အဒေါ်က ဒီတစ်ခါအလျှော့ပေးလိုက်ပြီပဲထား၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးထပ်ကြုံရရင်ရော ထပ်ပြီး အလျှော့ပေးရဦးမှာလား။ ဒီလိုမျိုးဆက်ပြီး အလျှော့ပေးနေမယ်ဆိုရင်တော့ ငါတို့ကျန်းမိသားစုကြီးရဲ့ အတိတ်ကအရှိန်အဝါ အဆင့်အတန်းမျိုးကို ဘယ်တော့မှပြန်ရမှာ မဟုတ်ဘူး”

ကျန်းရန်တောက်သည် ကျန်းယွင်ရုံကို စိုက်ကြည့်လျက် ပြတ်သားစွာဆိုလိုက်ပြန်သည်။

“တခြားသူတွေ ဘယ်လိုတွေးလဲမသိပေမဲ့ ဦးလေးနဲ့သမီးတို့ဟာ စီနီယာဦးလေးနဲ့ အဒေါ်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံယူပြီးဖြစ်တဲ့အတွက် သူတို့ရဲ့ဆန္ဒက ငါတို့ရဲ့ဆန္ဒပဲ။ သူတို့ရဲ့ရန်သူဟာ ငါတို့ရဲ့ရန်သူပဲ။ သူတို့ရဲ့ခွန်အားက ငါတို့ကျန်းမျိုးနွယ်စုရဲ့ ခွန်အားပဲ။ သမီးနားလည်ရဲ့လား”

ကျန်းယွင်ရုံသည် ဦးလေးဖြစ်သူ၏ စကားကြောင့် မိမိကိုယ်ကို အရှက်ရမိသလို တစ်ချိန်တည်း တွင် ဆိုလိုရင်းကို နားလည်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်

“သမီးနားလည်ပါပြီ တတိယဦးလေး”

“ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း”

ထိုအချိန်မှာပင် ကျန်းချန်ရွှမ်က လေလံဈေးကို တိုးမြှင့်ကမ်းလှမ်းလိုက်သည့်အသံ ပေါ်ထွက် လာပြန်တော့သည်။

***

All Chapters