နောက်ဆုံးပစ္စည်း
Vol. 10 Ch. 193
မုရုံဖေးလုံသည် သူနှင့် ဈေးပြိုင်ကမ်းလှမ်းနေသူ တစ်ဦးရှိနေသေးသည်ကို သိလျှင် မျက်နှာမှာ မိုးပြိုမတတ် မည်းမှောင်သွားတော့သည်။ သူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး
“ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်းသုံးထောင်”
“တစ်သိန်းနှစ်သောင်း”
မုရုံဖေးလုံသည် ဒေါသအမျက်ချောင်းချောင်း ထွက်လာတော့သည်။ သို့သော် ယခုလိုလေလံပွဲမျိုး တွင် သူ့လို ကျီဖုနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် ပြဿနာရှာ၍ မဖြစ်ကြောင်း နား လည်ထား၍ အမျက်ကိုထိန်းလျက်
“ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်းနှစ်ထောင်”
“တစ်သိန်းသုံးသောင်း”
ဈေးပြိုင်ကမ်းလှမ်းနေသူသည် ကုန်ကျမည့်စရိတ်ကို နည်းနည်းမျှ ထည့်တွက်မည့်ပုံ မပေါ်ချေ။ ထို့ကြောင့် လေလံပွဲလာပရိသတ်များသည် မုရုံဖေးလုံကို အံတုဖက်ပြိုင်၍ ဈေးပြိုင်ကမ်းလှမ်းဝံ့သူမှာ မည်သူဖြစ်သနည်းဟု ပြူးပြဲကြည့်ရှုနေမိကြတော့သည်။ နောက်ဆုံးတွင် မုရုံဖေးလုံသည် ထပ်ဆောင်းကမ်းလှမ်းရန် မတတ်နိုင်တော့သည့်အတွက် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရတော့သည်။ မုရုံဖေးလုံမှာ အတော်ပင် စိတ်ဆိုးအမျက်ထွက်နေကြောင်း ပရိသတ်အားလုံး သတိပြုမိလိုက် သည်။ သူသည် နံဘေးရှိ ပေးတုန်ချန်နှင့် မြေအောက်မီးတို့ကို ညှင်းသိုးသိုးနှင့် ကြည့်လိုက်ပြီး
“ပွဲပြီးရင် ငါနဲ့ဈေးပြိုင်ကမ်းလှမ်းတဲ့ကောင် ဘယ်ကလဲဆိုတာကို စုံစမ်း၊ ငါတို့နဲ့ အနေအထားမကွာရင်တော့ လျှော်လိုက်တော့။ မဟုတ်ရင်တော့…..”
မုရုံဖေးလုံ၏မျက်လုံးများတွင် အေးစက်မာကျောသော အရိပ်အယောင်များ ယှက်သန်းလာသည်၊ စကားကိုဆုံးအောင် မပြောသော်လည်း သူဘာကိုဆိုလိုသည်ကို ပေတုန်းချန်တို့နှစ်ဦး သိရှိပြီးဖြစ် ၍ ကိုယ်စီခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် လက်ဝယ်တွင် ရောက်ရှိလာသော ရေစင်ပုလင်းကို ကြည်နူးစွာ ကြည့်၍ ရှန်းရူယန်အား
“ရူယန် ကိုယ်နဲ့ဈေးပြိုင်ကမ်းလှမ်းတဲ့ လူကြီးက မီးလျှံဂိုဏ်းက အဓိပတိအကြီးအကဲ မုရုံဖေးလုံ ဆိုတဲ့လူဖြစ်မယ်ထင်တယ်။ လေလံပွဲပြီးတာနဲ့ ကိုယ်တို့နောက်ကြောင်းတွေကို စုံစမ်းတော့မှာ သေချာတယ်”
ရှန်းရူယန်က ကျန်းချန်ရွှမ်စကားကို သဘောမတူဟန်နှင့်
“စုံစမ်းတော့ရော ဘာအရေးလဲ။ လက်ရှိ ကျွန်မတို့ရဲ့အင်အားနဲ့ ကျီဖုသတ္တမအဆင့်လောက်ကို အေးဆေးခုခံနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့ဘယ်သူဆိုတာ သူတို့သိသွားတဲ့အချိန်မှာ ကျွန်မတို့လည်း ကျန်းမိသားစုကို ပြန်ရောက်နေလောက်ပြီလေ”
“ဟုတ်ပါတယ်လေ”
ကျန်းချန်ရွှမ်က ဇနီးဖြစ်သူ၏စကားကို ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။ ထို့နောက် တွင် လေလံပွဲမှာ နောက်ထပ်နှစ်ရက် ဆက်လက်ကျင်းပပြန်သည်။ ထိုအတောအတွင်း တန်ဖိုးကြီးရတနာ အများအပြားကို ခင်းကျင်းလေလံပစ်ရာ အဆင့် ၃ ဆေးရည်ပုလင်းများ၊ တန်ဖိုးကြီး ကုန်ကြမ်းရင်းမြစ်များနှင့် အခြားတန်ဖိုးမြင့် ဝိညာဉ်ရတနာများ ပါဝင်သည်။ ထိုရတနာများအထဲ ကျန်းချန်ရွှမ်တို့နှစ်ဦးကို ဆွဲဆောင်နိုင်သည့်ပစ္စည်းမှာ ကမ္ဘာမြေဝိညာဉ် သလင်းကျောက်ပင် ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဉ်ကျောက်တုံး ၇၈၀၀၀ အထိ အသုံးပြုပြီး လေလံဆွဲဝယ်ယူခဲ့သည်။ ဤသည်ကိုမြင်သော ကျန်းရန်တောက်သည် အထူးစိတ်လှုပ်ရှားသွားမိသည်။ စီနီယာဦးလေးနှင့်အဒေါ်သည်လည်း ထိုရတနာကို အလိုရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။
သို့သော် ကျန်းယွင်ရုံကို သူပြောခဲ့သည့်အတိုင်း ကျင့်ကြံမှုနှင့် ပတ်သက်လျှင် မည်သူ့မျက်နှာကိုမှ ထောက်ထားရန်မလိုသောကြောင့် လေလံပွဲပြီးလျှင် ကျန်းချန်ရွှမ်ထံမှ ထိုသလင်းကျောက်ကို သူပိုင်ရတနာတစ်ခုခုနှင့် လဲယူရန် ဆုံးဖြတ်လိုက်သည်။ မကြာမီ လေလံပွဲကြီး ပြီးဆုံးတော့မည့် အခါသမယကို နီးကပ်လာပြီဖြစ်သည်။ အားလုံးသည် နောက်ဆုံးခင်းကျင်းမည့် ရတနာအတွက် စိတ်လှုပ်ရှားတက်ကြွစွာ စောင့်စားနေမိကြသည်။ လေလံပွဲလာ ပရိသတ်များအနက် မနည်းလှသော ကျီဖုအဆင့် မိသားစုများနှင့် ဂိုဏ်းများသည် အဆိုပါရတနာအတွက် တကူးတက လာရောက်ကြခြင်းဖြစ်သည်။
“အားလုံးပဲ၊ ဒီအချိန်ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်စားနေကြတယ်လို့ထင်ပါတယ်”
စင်မြင့်ထက်ရှိ ဟွားမန်ရုံက အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်ရင်း ကျောက်စိမ်းသေတ္တာတစ်ခု ကို ထုတ်ယူခင်းကျင်းလိုက်သည်။ သေတ္တာအတွင်း၌ ကြက်မောက်သီးအရွယ် ဆေးလုံးတစ်ခုကို တွေ့ရသည်။ ဆေးလုံး၏ ဘေးတစ်ဖက်တစ်ချက်တွင် တိမ်ကဲ့သို့ဖြူလွလွအရာများ ဝေ့ဝဲနေပြီး အလွန်သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်လျက်ရှိသည်။ ထိုဆေးလုံးကိုမြင် လျှင် ကျင့်ကြံသူအားလုံး လိုချင်တပ်မက်စိတ်များ ကိုယ်စီနှင့် အငမ်းမရငေးစိုက်မိလိုက်ကြသည်။
“ဒီရတနာက နဂါးဝါ တိမ်လွှာဆေးလုံးဖြစ်တယ်။ ဒီဆေးလုံးက ကျီဖုနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို ရွှေအမြုတေအတု နယ်ပယ်ကို တက်လှမ်းဖို့နေရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒါတင်မကသေးဘူး၊ ကျီဖုနယ်ပယ် နောက်ဆုံးအဆင့်ကို တက်လှမ်းတဲ့နေရာမှာလည်း အသုံးပြု နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာ သုံးလိုက်ရင်တော့ နှမြောစရာပဲ၊ ဒီရတနာရဲ့အစွမ်းကို ဖြုန်း တီးသလိုဖြစ်သွားမှာပေါ့။ ထားလိုက်ပါ၊ ပရိသတ်အားလုံးလည်း ဒီရတနာအကြောင်းကို သိပြီးပြီ လို့ယူဆတဲ့အတွက် အထွေအထူးမပြောတော့ပါဘူး။ ကြမ်းခင်းဈေးက ဝိညာဉ်ကျောက်တုံးတစ်သိန်းပါ၊ ထပ်တိုးကမ်းလှမ်းဈေးက တစ်သောင်းထက် နည်းလို့မရပါဘူး”
ဟွားမန်ရုံ၏စကားဆုံးလျှင် လေလံပွဲလာ ပရိသတ်အားလုံး အုပ်အုပ်ကျက်ကျက်ဖြစ်သွားသည်။ အများစုမှာ နောက်ဆုံးခင်းကျင်းမည့် ရတနာသည် နဂါးဝါတိမ်လွှာဆေးလုံးဖြစ်နေမှန်း မျှော်ပင် မမျှော်လင့်ထားကြပါ။ ထိုရတနာသည် ကျီဖု နဝမအဆင့် ကျင့်ကြံသူကို ရွှေအမြုတေအတု နယ်ပယ်ကို တက်လှမ်းစေနိုင်သော ပစ္စည်းဖြစ်၍ အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာများထက် ယှဉ်၍မရအောင် သာလွန်တန်ဖိုးကြီးသော ရတနာတစ်ပါးဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် ပုံမှန်အားဖြင့် ကျီဖုနယ်ပယ် နဝမအဆင့်ကို ရောက်ရှိသည်နှင့် ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် ကြိုးစားကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် ရွှေအမြုတေအဆင့်ဆိုသည်မှာ ကျင့်ကြံသူတိုင်း စိတ်ကူးယဉ်နိုင်သည့် နယ်ပယ်မျိုးမဟုတ်ပါ။
***