ကျန်းရန်တောက်၏ တောင်းဆိုချက်
Vol. 10 Ch. 194
ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်ရန် လုံလောက်သည့် ရင်းမြစ်များနှင့် အခြေခံအုတ်မြစ် ခိုင်မာရန်လိုအပ်သလို ကျင့်ကြံသူနှင့် လိုက်ဖက်ညီမည့် နည်းစနစ်နှင့် ကျင့်စဉ်လိုအပ်ချက်များ သည်လည်း အထူးပင်များပြားသည်။ အဆိုပါနယ်ပယ်ကို တက်လှမ်းရန်လိုအပ်သည့် ဓမ္မစွမ်းအင်လိုအပ်ချက် တစ်ခုကပင် ကျင့်ကြံသူအတော်များများကို နောက်တွန့်သွားစေမည်ဖြစ်သည်။ ထိုကဲ့သို့ ရွှေအမြုတေအဆင့်ကို တက်လှမ်းရန်မှာ အလွန်ခက်ခဲလှ၍ ကျင့်ကြံသူအချို့သည် ဓမ္မစွမ်းအင်များကို ကြိုတင်အေးခဲထားပြီး ထိုစွမ်းအင်လုံး၏ အရည်အသွေးကို တစ်ဆင့်ချင်းမွမ်းမံ ပြီးမှ ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် ကြိုးစားကြသည်။
ရွှေအမြုတေ ပဏာမအဆင့် သို့မဟုတ် အတုအဆင့်မှာ ဤနည်းဖြင့် ပေါ်ပေါက်လာရခြင်းဖြစ် သလို ထိုနယ်ပယ်နှင့် လိုက်ဖက်ညီမည့် ဆေးပြားများ၊ ရတနာများသည်လည်း ထိုနည်းနှင်နှင် ဖန်တီးကြံဆ ပေါ်ပေါက်လာကြသည်။ နဂါးဝါဆေးပြားသည်လည်း ထိုရတနာများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ရွှေအမြုတေအတုအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် ရွှေအမြုတေအဆင့်ကို တက်လှမ်းရာတွင် ပိုမိုလွယ်ကူပြီး အောင်မြင်ရန်လည်း အခွင့်အလမ်းပိုများသည်။ ထို့အပြင် ရွှေအမြုတေအတုအဆင့် ကျင့်ကြံသူတစ်ဦးသည် ကျီဖုနဝမအဆင့် ကျင့်ကြံသူများထက် ဓမ္မစွမ်းအင်ကို ထိန်းချုပ်အသုံးချရာတွင် ပိုမိုသာလွန်သည့်အတွက် ကျင့်ကြံမှုအဆင့် နောက်တစ်ဆင့် မြင့်သည်ဟု ဆိုရမည်။ ထိုအချိန်တွင် နဂါးဝါတိမ်လွှာဆေးလုံးအတွက် ကမ်းလှမ်းမှုများမှာ စတင်နေပြီဖြစ်သည်။
“ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း”
“တစ်သိန်းခွဲ”
“နှစ်သိန်း”
ခဏချင်းတွင် ဆေးလုံးတန်ဖိုးသည် ဝိညာဉ်ကျောက်တုံး နှစ်သိန်းအထိ ရောက်ရှိသွားသည်။ လေလံပွဲတစ်လျှောက်တွင် ဈေးအမြောက်ဆုံး အခိုက်အတန့်ဖြစ်သည်။ ပရိသတ်အများစုမှာ အံ့အား သင့်တုန်လှုပ်သွားကြသည်။ အပြီးသတ်ဈေးမှာ မည်မျှအထိ ခေါင်ခိုက်သွားမည်ကို မတွေးဝံ့ကြပေ။ ထိုအချိန်တွင် မုရုံဖေးလုံသည်လည်း ပြိုင်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။ သူတွေးမိသည်က လေလံဈေးသည် ယခုလို တစ်ဆင့်ချင်း မြင့်တက်နေပါက နောက်ဆုံးအပြီး သတ်ဈေးသည် မမျှော်မှန်းဝံ့သည့် ပမာဏတစ်ရပ်အထိ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် မုရုံဖေးလုံသည် သေချာစဉ်းစားချင့်ချိန်ပြီးနောက် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်တော့သည်။
“ဝိညာဉ်ကျောက်တုံး သုံးသိန်း”
မုရုံဖေးလုံ ကမ်းလှမ်းလိုက်သောဈေးကြောင့် ပရိသတ်အားလုံးမှာ ပထမတွင် အံ့အားသင့်လွန်းသောကြောင့် တစ်ခန်းလုံးငြိမ်ကျသွားသည်။ ထို့နောက်တွင်မှ အာမေဋိတ်အသံများ ထွက်လာပြီး တစ်ခန်းလုံး ကျွက်ကျွက်စီ ဆူညံသွားတော့သည်။ ထိုပမာဏသည် အဆင့်နိမ့်မိသားစုများ တစ် သက်လုံးရှာဖွေစုဆောင်းလျှင်တောင် ပြည့်မီနိုင်သည့် ပမာဏမျိုးမဟုတ်ပေ။ ကျန်းချန်ရွှမ်တို့နှစ်ဦးပင် အနည်းငယ် အံ့အားသင့်မိသွားသည်။ မုရုံဖေးလုံပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံး ပမာဏသည် သူတို့ဇနီးမောင်နှံနှစ်ဦး ပိုင်ဆိုင်ထားသည့် ကျောက်တုံးအရေအတွက်နီးပါး ရှိလိမ့်မည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး အပါအဝင် ပရိသတ်အများစု ရိပ်မိလိုက်သည်က အဆိုပါ ဝိညာဉ်ကျောက်တုံးသုံးသိန်းနှင့် နဂါးဝါတိမ်လွှာဆေးလုံးကို ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင် သေးဟူသော အချက်ပင်ဖြစ်သည်။
တစ်ခန်းလုံးငြိမ်ကျသွားသည့်အချိန်တွင် ခိုးခိုးခစ်ခစ် ရယ်သွမ်းသွေးသံတစ်ခု ပေါ်ထွက်လာပြီး ဆံပင်အဖြူရောင်ရှိသည့် ခပ်ငယ်ငယ်လူရွယ်တစ်ဦးက မုရုံဖေးလုံကို မခိုးမခန့်ကြည့်လျက်
“တာအိုမိတ်ဆွေကြီးမုရုံက ဝိညာဉ်ကျောက်တုံးသုံးသိန်းနဲ့ ကျုပ်တို့အားလုံးကို ဖြဲပြီး ဆေးလုံးကို အပိုင်သိမ်းချင်နေပုံပဲ။ ခင်ဗျားအကြံက စိတ်မကောင်းစွာနဲ့ပဲ အလုပ်မဖြစ်ဘူးဗျ”
ထို့နောက် ထိုလူငယ်သည် စင်မြင့်ထက်သို့ စောင်းငဲ့ကြည့်လိုက်ပြီး
“ဝိညာဉ်ကျောက်တုံးသုံးသိန်းခွဲ”
ထိုအခါ မုရုံဖေးလုံ၏ မျက်နှာသည် ကြောက်မက်ဖွယ် အကျည်းတန်သွားပြီး အံကိုကြိတ်လျက် ရေရွတ်လိုက်သည်။
“မင်းက ပိုင်အင်မော်တယ်မိသားစုက ပိုင်ယွမ်ချန်း ဆိုတဲ့ကောင်ပဲ”
မုရုံဖေးလုံ၏ ရေရွတ်သံကို ကြားလိုက်သော အနီးအနားရှိ ပရိသတ်အချို့သည် ပိုင်ယွမ်ချန်းဆိုသူကို လှမ်းကြည့်မိလိုက်ကြပြီးနောက် တုန်လှုပ်ကုန်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ပိုင်မိသားစုသည်လည်း ကျီဖုအဆင့် မိသားစုတစ်ခုဖြစ် ပြီး မီးလျှံဂိုဏ်းနှင့် အင်အားအရာတွင် တန်းတူယှဉ်ပြိုင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပိုင်ယွမ်ချန်းဆိုသူမှာ အသက်၂၀၀ အရွယ်တွင် ကျီဖုနယ်ပယ် သတ္တမအဆင့်ကို တက်လှမ်းနိုင်ခဲ့ သူဖြစ်ပြီး ပိုင်မျိုးနွယ်စုဝင်များအနက် ရွှေအမြုတေနယ်ပယ်ကို ရောက်ရှိရန် အလားအလာ အကောင်းဆုံးပါရမီရှင်လည်းဖြစ်သည်။ မုရုံဖေးလုံသည် အံကြီးကို တင်းတင်းကြိတ်လျက်
“ဝိညာဉ်ကျောက်တုံး သုံးသိန်း ခုနစ်သောင်း”
“လေးသိန်းဗျာ”
မုရုံဖေးလုံ၏ ကမ်းလှမ်းမှုအပြီးမှာပင် ပိုင်ယွမ်ချန်းက မဆိုင်းမတွ ထပ်တိုး ကမ်းလှမ်းလိုက်ပြန်သည်။ ပိုင်ယွမ်ချန်းဆိုသူတွင် ဝိညာဉ်ကျောက်တုံး အများအပြား ပိုင်ဆိုင်ထားဟန်တူကြောင်း ပရိသတ်အားလုံး မှတ်ချက်ချမိသည်။ ဤသည်မှာလည်း အဆန်းမဟုတ်၊ ပိုင်မိသားစုတွင် ကျီဖု နယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်ရှိနေသည်မှာ ပိုင်ယွမ်ချန်းတစ်ဦးတည်း မဟုတ်ပါ။ ပိုင်မိသားစု၏ ဘိုးဘေးဖြစ်သူ ပိုင်မင်ရှန်းသည်လည်း ကျီဖုနယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေပြီး ထိုပုဂ္ဂိုလ်သည် ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများအနက် ထိပ်ဆုံးအဆင့်ဝင်တစ်ဦးဖြစ် သည်။ ထိုကဲ့သို့လူစားမျိုး နောက်ခံရှိထားသော ပိုင်မိသားစုကို မုရုံဖေးလုံအနေနှင့် ယှဉ်ပြိုင်ရန် မလွယ်ကူလှပါ။ ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးကြီးတစ်ဦးက
“ဝိညာဉ်ကျောက်တုံး လေးသိန်း”
ထိုအဘိုးကြီးသည်လည်း ပိုင်ယွမ်ချန်းနှင့် မုရုံဖေးလုံတို့ကဲ့သို့ ကျီဖုနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ဟန်တူသည်။ ပိုင်ယွမ်ချန်းသည် အသံကြားရာအရပ်ထံသို့ စောင်းငဲ့ကြည့်ရှုလိုက်ပြီး နောက် မီးခိုးရောင်ဝတ် အဘိုးကြီးကိုမြင်လျှင် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး
“ဘယ်သူများလဲလို့။ ကျုပ်တို့မိတ်ဆွေကြီး ပေးမင် ပါလား။ စိတ်တော့မကောင်းပေမဲ့ ဒီဆေးလုံးက ကျုပ်တို့ပိုင်မိသားစုအတွက် အရေးပါနေတာမလို့ လက်လွှတ်ခံလို့မဖြစ်ဘူး။ ဝိညာဉ်ကျောက်တုံး ငါးသိန်းဟေ့”
ထိုအခါ အဘိုးကြီးသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလျက် နောက်ဆုတ်သွားတော့သည်။ ယခုအခါ မုရုံဖေးလုံ အပါအဝင် လူအနည်းစုသာ ပြိုင်ပွဲတွင် ကျန်ရစ်တော့သည်။ သို့သော် မုရုံ ဖေးလုံနှင့် ကျန်လူများသည် ပိုင်ယွမ်ချန်းနှင့် တန်းတူ ဈေးခေါ်နိုင်စွမ်းမရှိတော့၍ နောက်ဆုံးတွင် နဂါးဝါတိမ်လွှာဆေးလုံးသည် ပိုင်ယွမ်ချန်းလက်ထဲသို့ ဝိညာဉ်ကျောက်တုံး ခြောက်သိန်းနှစ် သောင်းနှင့် ရောက်ရှိသွားတော့သည်။ ထို့နောက်တွင် လေလံပွဲကြီး တရားဝင်ပြီးဆုံးကြောင်း ကြေညာလိုက်သည့်အတွက် ကျန်းချန်ရွှမ်တို့သည်လည်း အခြားပရိသတ်များနည်းတူ ခန်းမအတွင်းမှ ထွက်ခွာလိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စားသောက်ဆိုင်သို့ ပြန်လည် ရောက်ရှိသောအခါ ကျန်းရန်တောက်နှင့် ကျန်းယွင်ရုံတို့သည်လည်း တင်ကြိုရောက်ရှိနေပြီး တံခါးဝတွင် သူတို့ဇနီးမောင်နှံအား စောင့်မျှော်လျက်ရှိသည်ကို တွေ့ရသည်။
***