← Chapters

ကျန်းရန်တောက်၏ တောင်းဆိုချက် (၂)

Vol. 10 Ch. 195

ကျန်းရန်တောက်၏ တောင်းဆိုချက် (၂)

Vol. 10 Ch. 195

“ကြိုဆိုပါတယ် စီနီယာဦးလေးနဲ့အဒေါ်”

“ကြိုဆိုပါတယ် စီနီယာဦးလေးနဲ့အဒေါ်”

ကျန်းရန်တောက်နှင့် ကျန်းယွင်ရုံတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြန်ရောက်လာသည်ကို မြင်လျှင် ရိုသေစွာ ဦးညွတ်နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ကျန်းရန်တောက်က

“ကျွန်တော်တို့ကို လေလံပွဲမှာ ကူညီခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်၊ ဒီဟာတွေက ကျန်တဲ့ဝိညာဉ်ကျောက်တုံးတွေပါ။ ကျွန်တော်တို့အတွက် စိုက်ထုတ်ပေးခဲ့တဲ့ ကျောက်တုံးတွေကို ကျိန်းသေ ပြန်ဆပ်မှာပါ”

ကျန်းချန်ရွှမ်က ထိုကျောက်တုံးများအတွက် တစ်စုံတစ်ရာ ပြန်လည်ပေးအပ်ရန် မလိုကြောင်း ဆိုထားပြီးဖြစ်သော်လည်း ကျန်းရန်တောက်အနေနှင့် ဘိုးဘေးဖြစ်သူ၏ ကြင်နာမှုအတွက် တစ်ခုခုပြန်လည်ပေးဆပ်ဖို့လိုကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုအခါ ကျန်းချန်ရွှမ်က ပြုံးလျက်

“မလိုပါဘူး၊ ကျန်တဲ့ကျောက်တုံးတွေကို ယူထားလိုက်ပါ။ ကျုပ်တို့ပေးတဲ့ ကျောက်တုံးတွေကို ပြန်ပေးချင်တယ်ဆိုလည်း သဘောပါ။ အရင်ဆုံး စုထားပြီး အလုံအလောက်ရှိမှ ပြန်ပေးပေါ့”

ကျန်းရန်တောက်သည် ကျန်းချန်ရွှမ်၏ ကြင်နာမှုအတွက် ရင်တွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လေးစားစွာ ဂါရဝပြုလိုက်မိသည်။

“ကျေးဇူးတင်ပါတယ် စီနီယာဦးလေးနဲ့အဒေါ်”

ထို့နောက်တွင် ကျန်းရန်တောက်သည် စကားမဆက်သေးဘဲ ချီတုံချတုံဖြစ်နေဟန်တူသည်။ ထို အခြင်းအရာကို ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့မြင်လျှင် တစ်ဦးကိုတစ်ဦး ပြုံးလျက်ကြည့်မိကြ သည်။ ကျန်းရန်တောက်၏ စိတ်ထဲတွင်ရှိသော အရာကို သူတို့နှစ်ဦးစလုံး ရိပ်စားမိပြီးဖြစ်သည်။

“ရန်တောက် မင်းငါတို့ဆီက မြေသလင်းကျောက်ကို တောင်းမလို့မလား”

ရှန်းရူယန်က မမျှော်လင့်ဘဲ တည့်တိုးမေးလိုက်သောအခါ ကျန်းရန်တောက်တစ်ယောက် ရှက်အမ်းအမ်းဖြစ်သွားပြီး သွားဖြဲလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က စီနီယာဦးလေးနဲ့ အဒေါ်ဆီက မြေသလင်းကျောက်ကို တောင်းဆိုချင်လို့ပါ။ ဒါမှမဟုတ်လည်း ခဏလောက်ဖြစ်ဖြစ် ငှားရမ်းပေးဖို့ပါ”

ထိုအခါ ကျန်းချန်ရွှမ်က သဘောကျစွာ ပြုံးလိုက်ပြီး

“ကျုပ်တို့ ဒီရတနာကို ဝယ်ယူခဲ့တာ မိသားစုအတွက်ပါ။ ကျန်းမိသားစုရဲ့ ရတနာတိုက်ထဲမှာ သိမ်းဆည်းထားမလို့ပဲ။ ခင်ဗျားအနေနဲ့ ဒီရတနာကို အလိုရှိရင် ခင်ဗျားရထားတဲ့ မိသားစုအကျိုး ဆောင်ရမှတ်တွေနဲ့ လဲလှယ်ဖို့လိုလိမ့်မယ်”

ထို့နောက် ကျန်းချန်ရွှမ်က ခေတ္တရပ်တန့်လိုက်ပြီး ကျန်းရန်တောက်အား စိုက်ကြည့်လျက်

“ကျုပ်ချမှတ်ထားတဲ့ စည်းမျဉ်းအသစ်တွေကို ခင်ဗျားသိပြီးလောက်ပါပြီ။ မိသားစုဝင် ဘယ်သူပဲဖြစ်ဖြစ် ရတနာတိုက်ထဲက ပစ္စည်းတစ်ခုကို လိုချင်ရင် ကိုယ်စွမ်းဆောင်ထားတဲ့ အကျိုးဆောင်ရမှတ်နဲ့ လဲလှယ်ရမယ်။ ရမှတ်ချင်းတူနေသူ နှစ်ဦးရှိနေရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြင်ပအကူအညီမပါဘဲ တက်လှမ်းလာသူက ဦးစားပေးခံရမယ်။ ဒီမြေသလင်းကျောက်ကို ရယူ နိုင်ဖို့ လတ်တလော ခင်ဗျားမှာ လုံလောက်တဲ့ အကျိုးဆောင်ရမှတ်မျိုး မရှိသေးဘူး။ ခင်ဗျားတင် မဟုတ်ပါဘူး။ ကျန်တဲ့မိသားစုဝင်အားလုံး ဘယ်သူမှမရှိသေးဘူး”

ကျန်းချန်ရွှမ့်စကားကိုကြားလျှင် ကျန်းရန်တောက်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျန်းချန်ရွှမ်၏ ဆိုလိုရင်းကို သူကောင်းစွာနားလည်လိုက်သည်။ အဖွဲ့အစည်းတစ်ခုတည်မြဲရန် ကောင်းမွန်သင့်မြတ်သည့် စည်းမျဉ်းများထားရှိထားပြီး ထိုစည်းမျဉ်းများကို အဖွဲ့ဝင်အားလုံး ကျပ်တည်းစွာ လိုက်နာရန်လိုအပ်သည်။ မဟုတ်လျှင် ထိုအဖွဲ့အစည်းသည် အင်အားကြီးမား သည်ဆိုဦးတော့ ထိုအင်အားသည် ရေရှည်မတည်မြဲဘဲ အချိန်ကျလျှင် တစ်စစီပြိုကွဲမည်သာဖြစ် သည်။ ထိုအချက်ကို နားလည်ထားသော ကျန်းရန်တောက်က သူ့အနေနှင့် ယခုထက် ပိုမိုကြိုး စားပြီး အကျိုးဆောင်ရမှတ်များ စုဆောင်းကာ ထိုမြေသလင်းကျောက်ကို ထိုက်တန်စွာ လဲလှယ်ရယူမည်ဖြစ်ကြောင်း ပြောမည်အပြုတွင် ကျန်းချန်ရွှမ်က ပြုံးလျက် သူမထင်ထားသည့် စကားကိုဆိုလိုက်သည်။

“ဒါပေမဲ့ ကိစ္စတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိတာပဲမဟုတ်လား။ ဆိုရိုးစကားတစ်ခု ရှိတယ်လေ။ စည်းမျဉ်းတွေက အသေ၊ လူတွေက အရှင်တဲ့။ ဘယ်လောက်ပြီးပြည့်စုံပါတယ်ဆိုတဲ့ စနစ်ပဲဖြစ် ဖြစ် အားနည်းချက်ကတော့ရှိမှာပဲ။ ဒီတော့ ကျုပ်တို့ချမှတ်တဲ့စနစ်ဟာ လက်ရှိအခြေအနေ၊ ပတ်ဝန်းကျင်နဲ့ လိုအပ်ချက်တွေအပေါ် အခြေပြုရလိမ့်မယ်၊ မိသားစုဝင်တွေရဲ့ လိုအပ်ချက်တွေ၊ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်တွေ ပြောင်းလဲမှုရှိတဲ့အခါ ကျုပ်တို့အနေနဲ့ စနစ်ကို ပြုလွယ်ပြင် လွယ်ဖြစ်အောင် စီမံဖို့လိုမယ်”

ကျန်းချန်ရွှမ်က ရှည်လျားစွာ ရှင်းပြပြီးနောက် စကားဆက်လိုက်ပြန်သည်။

“နှစ်တစ်ရာကိုတစ်ကြိမ် ဖြစ်ပွားနေတဲ့ နတ်ဆိုးသားရဲအဓိကရုဏ်းကပ်ဘေးကြီး ဆိုက်ရောက်ဖို့ တဖြည်းဖြည်း နီးလာပြီ။ ဒီလိုအချိန်မျိုးမှာ ကျုပ်တို့အတွက် အဆင့်မြင့်တိုက်ပွဲဝင်အင်အားတစ်ရပ်အနေ နဲ့ ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦး ရှိထားရင် အများကြီး အလုပ်ဖြစ်လိမ့်မယ်။ ကျုပ်တို့မိသားစုမှာ ကျီဖုအဆင့်ကို တက်လှမ်းဖို့ အလားအလာအများဆုံးက ခင်ဗျားနဲ့ လျူလင်းလုံပဲရှိတယ်။ လတ်တလောမှာတော့ ကျီဖုအဆင့်ကို တက်လှမ်းဖို့ အနီးစပ်ဆုံးက ခင်ဗျားတစ်ဦးတည်းပဲ။ ဒီတော့ ခင်ဗျားအနေနဲ့ ဒီမြေသလင်းကျောက်ကို လိုချင်နေရင် ကျုပ်တို့ပေးမယ်။ ဒါပေမဲ့ ခင်ဗျား ကျီဖုနယ်ပယ်ကို တက်လှမ်းရာမှာ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဒီမြေသလင်းကျောက် တန်ဖိုးကို ခင်ဗျားရဲ့ အနာဂတ်အကျိုးဆောင်ရမှတ်တွေနဲ့ လဲလှယ်ရမယ်ဆိုတာ ကတိပေးဖို့လိုမယ်၊ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ လိုအပ်တဲ့ အကျိုးဆောင်ရမှတ်တွေကို အရင်စုဆောင်းပြီးမှ လဲချင်တယ်ဆိုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ရောက်ရင် မြေသလင်းကျောက်ထက် ပိုကောင်းတဲ့ ရတနာမျိုးကို ရွေးချယ်ခွင့်လည်း ရကောင်းရနိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားသဘောပါ၊ ခင်ဗျားစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်”

ကျန်းချန်ရွှမ်၏ ရှင်းပြမှုအဆုံးတွင် ကျန်းရန်တောက်က အထွေအထူး စဉ်းစားမနေတော့ဘဲ

“ကျွန်တော် မြေသလင်းကျောက်နဲ့ အခုပဲ လဲလှယ်လိုပါတယ်”

ကျန်းချန်ရွှမ်က ကျန်းရန်တောက်၏ဆုံးဖြတ်ချက်ကို အံ့အားသင့်ဟန်မရှိဘဲ မြေသလင်းကျောက် ကို ပေးအပ်လိုက်တော့သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့သည် ကျောက်စိမ်းရေ‌ဈေးတွင် ဆက်လက်မနေလိုတော့ဘဲ ပြန်လည်ထွက်ခွာလိုက်တော့သည်။ ကျန်းချန်ရွှမ်သည် လွန်းပုံစံ အရာတစ်ခုကိုထုတ်ယူလျက် ကျန်းရန်တောက်၊ ကျန်းယွင်ရုံနှင့် ကျန်လူများကို တင်ဆောင်ပြီး ကျန်းမိသားစုရှိရာ မှော်တိုင်တောင်သို့ ပျံသန်းလိုက်တော့သည်။

***

All Chapters