← Chapters

ကျီဖု စတုတ္ထအဆင့်

Vol. 10 Ch. 196

ကျီဖု စတုတ္ထအဆင့်

Vol. 10 Ch. 196

ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ မည်သူမည်ဝါဖြစ်သည်ကို အနံ့ရသွားသော မုရုံဖေးလုံသည် ထိုစုံတွဲအား နောက်မှထပ်ကြပ်မကွာလိုက်၍ ဒုက္ခပေးရန် ကြံစည်လိုက်သည်။ သို့သော် ထိုခဏ၌ပင် မုရုံဖေးလုံ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားမှာ ရုတ်တရက်လင်းသွားသည်။ အင်ဒီးယန်းတောင်တန်းတွင် ကျုံးဝူချန်ဒဏ်ရာရခဲ့သည့် အဖြစ်အပျက်အကြောင်းဖြစ်သည်။ ထိုသတင်းကို ကြားလျှင် မုရုံဖေးလုံနှင့် ကျန်နှစ်ဦးတို့၏ မျက်နှာများမှာ မည်းမှောင်သွားကြတော့သည်။ မုရုံဖေးလုံသည် ကျန်းချန်ရွှမ်တို့ကို ဒုက္ခပေးမည့် အကြံအစည်ကို ဖျက်သိမ်း၍ မီးလျှံဂိုဏ်းသို့ တက်သုတ်နှင် ပြန်သွားကြသည်။

နောက်ဆယ်ရက်အကြာတွင် ကျန်းချန်ရွှမ်တို့သည်လည်း မှော်တိုင်တောင်သို့ ပြန်လည်ရောက်ရှိ လာကြသည်။ ခရီးရောက်မဆိုက်ပင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းရန်တောက်တို့သုံးဦးလုံး လှိုဏ်ဂူအသီးသီးသို့ဝင်ကာ ကျင့်ကြံလိုက်ကြသည်။ ကျန်းယွင်ရုံက ‌လေလံပွဲတွင် ဖြစ်ပျက်သမျှ ကို ဖောက်သည်ချလိုက်သောအခါ ကျန်းရန်ယီတို့လူစုမှာ စိတ်ဝင်တစားနားထောင်နေရင်း စိတ်အားများ တက်ကြွလာတော့သည်။ ကျန်းရန်တောက်သာ ကျီဖုအဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင် ကျန်းမိသားစုတွင် ကျီဖုအဆင့်သုံးဦးအထိ ရှိလာမည်ဖြစ်ပြီး ကျန်းမိသားစုသည် ကျီဖုအဆင့် မိသားစုများအနက် အလယ်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်လာပါလိမ့်မည်။

ထိုအချိန်တွင် လှိုဏ်ဂူတစ်နေရာတွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်တစ်ယောက် အဆင့် ၃ ပဲစေ့ စစ်သည်ဆေးပြားကို ဖော်စပ်ရန် ကြိုးစားနေသည်ကို အသာစောင့်ကြည့်နေသည်။ ရှန်းရူယန်အနေနှင့် ထိုကဲ့သို့ ဆေးပြားမျိုးကို ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်၍ ရှေးဘဝက အဂ္ဂိရတ်ပညာအတွေ့အကြုံများ ရှိထားသော်လည်း ပထမအကြိမ် ကြိုးစားမှုမှာ ကျရှုံးသွားပြီး ဆေးပြား များသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ရှန်းရူယန်သည် မျက်မှောင်ကြုတ်လျက် နက် နက်နဲနဲ စဉ်းစားခန်းဝင်နေပြီးနောက် ဒုတိယအကြိမ် ကြိုးစားလိုက်ပြန်သည်။ သည်တစ်ခါတွင်တော့ သူမ၏ လုပ်နည်းကိုင်ဟန်မှာ ရှေးကထက် မြန်ဆန်သေသပ်လာသည်ကို တွေ့ရသည်။

ဆယ်ရက်ကြာပြီးနောက်တွင် ပဲစေ့စစ်သည်ဆေးပြားကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ သို့ သော် အတွေ့အကြုံနည်းပါးမှုကြောင့် ရရှိလာသော ပဲစေ့စစ်သည်ဆေးပြားသည် အရည်အသွေးအားဖြင့် အနည်းငယ်နိမ့်ကျလျက်ရှိသည်။ ကျန်းချန်ရွှမ်၏ ခန့်မှန်းချက်အရ အဆိုပါဆေးပြားမှ ထုတ်လုပ်ပေးသော စစ်သည်၏ တိုက်ပွဲဝင်စွမ်းရည်သည် ကျီဖုပထမအဆင့် ကျင့်ကြံသူတစ်ဦး နှင့်ညီမျှသည်ဟုဆိုသည်။ ထိုကဲ့သို့ အဆင့်အတန်းမျိုးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အသုံးဝင်လှခြင်းမရှိသော်လည်း ကျန်းမိသားစုဝင်များအတွက်တော့ အသုံးဝင်မှာ ကျိန်းသေလှသည်။

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်ရှိနေသေးသော ကျောက်စိမ်းဝိညာဉ်ဂျုံစေ့ အရေအတွက်ကို စစ်ကြည့်လိုက်ရာ နှစ်စေ့ကျန်သေးသဖြင့် နောက်ထပ် ပဲစေ့စစ်သည်ဆေးပြား နှစ်ခု ဆက်လက်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ လဝက်အကြာတွင် ဆေးပြားနှစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

အမှားအယွင်းတစ်စုံတစ်ရာ မရှိခဲ့ပါက ထိုဆေးပြားနှစ်ပြား၏ အရည် အသွေးသည် ကျီဖုနယ်ပယ် ပဉ္စမအဆင့်နှင့် ညီမျှမည်ဟု ခန့်မှန်းရ၍ သူတို့နှစ်ဦးအတွက် အသုံး ဝင်လောက်မည်ဟု ယူဆရသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဉ် အနှစ်သာရဆေးပြားကို ဆက်လက်ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ ဟွမ်းဝမ်ယုက သူတို့နှစ်ဦးကို ဝိညာဉ်အဆီအနှစ်သစ်သီး နှစ်လုံးကို လက်ဆောင်ပေးခဲ့ဖူးသည်။

သီအိုရီအရ ဝိညာဉ်သစ်သီးနှစ်လုံးနှင့် တိမ်လွှာဝိညာဉ် ခရမ်းပြာရေစင်နှင့် ပေါင်းစပ်လိုက်လျှင် ဝိညာဉ်အဆီအနှစ် ဆေးပြားနှစ်ဖို ရရှိလာမည်ဖြစ်သည်။ အကြောင်းမှာ ထိုဆေးပြား၏ အဓိက ပါဝင်ပစ္စည်းမှာ ဝိညာဉ်အဆီအနှစ်သစ်သီးသာ ဖြစ်ပြီး ခရမ်းပြာရေစင်သည် ဓာတ်ကူပစ္စည်းအဖြစ်သာ အဓိက အသုံးတော်ခံခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ပြဿနာတစ်ရပ်က ရှန်းရူယန်တို့အနေနှင့် ထိုဆေးပြားနှစ်ပြားကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် သေချာသော်လည်း ရရှိလာမည့် ဆေးပြားများ၏ အရည်အသွေးကို မခန့်မှန်းနိုင်ခြင်းဖြစ်သည်။ အဆင့်မြင့်ဆေးပြားများ ရရှိလာနိုင်သလို အလယ်အဆင့်နှင့် အဆင့်နိမ့်ဆေးပြားများလည်း ထွက်လာနိုင်သည်။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးသည် အကြိတ်အနယ် ငြင်းခုံဆွေးနွေးကြပြီးနောက် ဝိညာဉ်အဆီ အနှစ်ဆေးပြားတစ်ဖိုစာကို အရင်ဖော်စပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ မကြာခင်မှာပင် ရှန်းရူယန်သည် ဆေးပြားဖော်စပ်ခြင်းကို စတင်လိုက်သည်။ ဝိညာဉ်အဆီအနှစ်ဆေးပြား ဖော်စပ်ခြင်းလုပ် ငန်းစဉ်သည် အဆင့် ၃ ပဲစေ့စစ်သည်ဆေးပြား ဖော်စပ်ရသည်ထက် များစွာ ရှုပ်ထွေးလက်ဝင်လှ သည်။ ရှန်းရူယန်တစ်ယောက် မီးဖိုကြီးအတွင်းသို့ ပါဝင်ပစ္စည်းများကို တစ်ဆင့်ချင်း ထည့်သွင်း၍ အဂ္ဂိရတ်မန္တန်များ ရွတ်ဆိုစီရင်နေသည်ကို ကျန်းချန်ရွှမ်တစ်ယောက် ဘေးမှရပ်ကြည့်နေရင်း စိတ်လှုပ်ရှားနေမိသည်။ ဆေးပြားတစ်ဖိုစာမှ အဆင့်မြင့် အရည်အသွေးရှိ ဆေးပြားနှစ်ခုနှင့် အထက်ကို ထုတ်လုပ်နိုင်ပါက သူတို့နှစ်ဦး၏ ဝိညာဉ်များကို အားဖြည့်မွမ်းမံနိုင်ရန် လုံလောက် မည်ဖြစ်သည်။

ကျန်းချန်ရွှမ်တစ်ယောက် အတွေးထဲနစ်မြုပ်နေစဉ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရ၍ လန့်ဖျတ်သွားသည်။ မီးဖိုအဖုံးသည် ရုတ်တရက် ပွင့်ထွက်သွားပြီး အထဲတွင် ဝိုင်းစက်ပြီး ငွေရောင်သမ်းနေသော ဆေးပြားသုံးခုကို တွေ့ရှိလိုက်ရတော့သည်။ အဆင့်မြင့် အရည်အသွေးရှိ ဝိညာဉ်အဆီအနှစ် ဆေးပြားများပင်ဖြစ်သည်။ ရှန်းရူယန်သည်လည်း ထိုအချိန်မှပင် သက်ပြင်းချနိုင်သည်။

“ရလဒ်က ကျွန်မထင်ထားတာထက်တောင် ပိုကောင်းနေပုံပဲ။ ဆေးပြားသုံးခုအထိ ရလိုက်ပြီ”

ရှန်းရူယန်သည် ဆေးပြားသုံးခုအနက် နှစ်ခုကို ကျန်းချန်ရွှမ်ထံ ကမ်းပေးလိုက်သည်။

“ယောက်ျား ဒီဆေးပြားနှစ်ခုကို ယူထားလိုက်ပါ။ ကျန်တဲ့တစ်ခုကိုတော့ လာမဲ့ရတနာဖလှယ်ပွဲ မှာ ကျွန်မတို့လိုချင်တာနဲ့ လဲလို့ရအောင် သိမ်းထားလိုက်မယ်”

ကျန်းချန်ရွှမ်က အသာခေါင်းညိတ်လိုက်ပြီး ဆေးပြားနှစ်ခုကို လုံခြုံစွာ သိမ်းဆည်းထားလိုက်တော့သည်။ ရက်အနည်းငယ်ကြာလျှင် ကျန်းချန်ရွှမ်သည် မိမိနေထိုင်ရာ လှိုဏ်ဂူသို့ ပြန်လာပြီး တစ်ကိုယ်တော်ကျင့်ကြံမှုကို စတင်လိုက်တော့သည်။ သူသည် ဝိညာဉ်ဆေးပြားကို အလျင်စလို မသုံးစွဲသေးရန် ဆုံးဖြတ်လိုက်ပြီး ထူးကဲကြယ်ဆေးပြားကိုသာ သုံးရန် ဆုံးဖြတ်လိုက်သည်။ ထိုဆေးပြားများသည် ရှန်းရူယန်တစ်ယောက် သူ့အား အစီအရင်အကွက် ဖန်တီးခြင်းအတတ်ကို သင်ကြားပေးနေချိန်တွင် အားလပ်သည့်အခါများ၌ ဖော်စပ်ထားခြင်းဖြစ်သည်။ စုစုပေါင်း ၆ ပြားတိတိရှိပြီး သူတို့ နှစ်ဦးအတွက် သုံးပြားစီ ခွဲယူထားကြသည်။

ကျန်းချန်ရွှမ်သည် အင်ဒီးယန်းတောင်တန်း၌ ခရီးအတန်ရောက်သည်အထိ ကျင့်ကြံပြီးပြီဖြစ်၍ လက်ရှိအချိန်သည် ကျီဖုနယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းရန် လက်တစ်ကမ်းအလိုတွင်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့နောက် သူသည် ထူးကဲကြယ်ဆေးပြားကို သုံးစွဲလိုက်သည်။ ဆေးမှ ထုတ်ဖော်လိုက်သော စွမ်းအင်သည် ဓမ္မစွမ်းအင်အဖြစ် ကူးပြောင်း၍ သူ့ကိုယ်တွင်း၍ အဆက်မပြတ် လှည့်ပတ်လျက်ရှိသည်။ ထိုစွမ်းအင်ကို ကျင်လည်စွာ ထိန်းချုပ်လျက် ကျီဖုနယ်ပယ် စတုတ္ထအဆင့်အား ကန့်သတ်ထားသည့်စည်းကို ချိုးဖျက်လိုက်သည်။ တစ်လ၊ နှစ်လမှသည် ခြောက်လအထိ ကြာမြင့်သွားသည်။

နှစ်ဝက်နီးပါးကြာပြီးနောက် ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေသော ကျန်းချန်ရွှမ်သည် မျက်လုံး အစုံကို ရုတ်တရက်ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရှေးကထက် ပိုမိုထက်မြက်ပြင်းထန်သည့် အော်ရာလှိုင်းများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။ ကျန်းချန်ရွှမ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။ ကျီဖုနယ်ပယ် စတုတ္ထအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ ပြီဖြစ်သည်။ သူ့ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်သည် ရှေးကထက် ၄၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာပြီး ခွန်အားသည်လည်း နှစ်ဆအထိ မြင့်တက်လာသည်။ သူမျှော်လင့်ထားသည့်အတိုင်း ကျီဖုနယ်ပယ် အလယ်အဆင့်သည် ကနဦးအဆင့်များထက် အဆများစွာ သာလွန်နေသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ရရှိထားသော ကျင့်ကြံမှုအဆင့်ကို အခြေခိုင်ရန် နောက်ထပ် ၆ လ ကျင့်ကြံပျိုးထောင်လိုက်ပြန်သည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် ဝိညာဉ်အဆီအနှစ် ဆေးပြားကို ထုတ်ယူလိုက်တော့သည်။

“ဒီဆေးပြားက ငါ့ရဲ့ဝိညာဉ်ကို ဘယ်လောက်အထိ မွမ်းမံအားဖြည့်ပေးနိုင်မလဲ ကြည့်ရအောင်”

ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ဆေးပြားကို ဂရုတစိုက် ဝါးမျိုလိုက်တော့သည်။

***

All Chapters