သတင်းဆိုး
Vol. 10 Ch. 197
ထိုတစ်ခဏ၌ ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်တွင်းမှ အလွန်စင်ကြယ်သော ဝိညာဉ်စွမ်းအင်တစ်ရပ် ဖြစ်တည်လာသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ နတ်ဘုရားစိတ်အာရုံသည် လည်း တုန်လှုပ်ဖွယ်အမြန်နှုန်းနှင့် ပြန့်ကားလျက်ရှိသည်။ ကျန်းချန်ရွှမ်၏ ဝိညာဉ်အင်အားမှာ သာမန် ကျီဖုအဆင့် အလယ်အလတ် ကျင့်ကြံသူများထက် သာလွန်နေပြီးဖြစ်၍ ဝိညာဉ်အဆီအနှစ်ဆေးပြားကို သောက်သုံးပြီးသောအခါ ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အဆင့် အတန်းနှင့် တန်းတူနီးပါး ယှဉ်ပြိုင်နိုင်လာသည်။ ထိုအချိန်တွင် ဝိညာဉ်မွမ်းမံရေး နည်းစနစ်ကို ကျင့်ကြံရန် အသင့်ဖြစ်သွားတော့သည်။
ထိုကျင့်စဉ်များကို ရရှိစဉ်ကတည်းက ကျန်းချန်ရွှမ် မျက်စိကျခဲ့သော နည်းစနစ်မှာ မဟာနေမင်း ကျင့်စဉ်ဖြစ်သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံပြီးပါက ကျင့်ကြံသူ၏ အသိစိတ်ပင်လယ်တွင် နေတစ် စင်းပေါ်ထွန်းလာပြီး ထိုနေမင်းကိုအသုံးပြုပြီး ရန်သူများ၏ ဝိညာဉ်နှင့် ရှေးဦးစိတ်ဝိညာဉ်များကို လောင်ကျွမ်းပြာချနိုင်စွမ်း ရှိလာမည်ဖြစ်သလို တစ်ချိန်တည်းတွင် ထိုကျင့်ကြံသူ၏ ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုများကိုလည်း ချေဖျက်နိုင်ရုံမက တန်ပြန်တိုက်ခိုက်နိုင်စွမ်းပါ ရှိလာပါဦး မည်။ ကျန်းချန်ရွှမ်သည် ထိုကျင့်စဉ်ကို ရှေးဦးမဆွကပင် အပြန်ပြန်အလှန်လှန် ဖတ်ရှုလေ့လာ ပြီးဖြစ်သည့်အပြင် အရေးကြီးသည့် အချက်များ၊ သိမ်မွေ့သည့်အဆင့်များကိုလည်း ထုတ်နှုတ် မှတ်သားပြီးဖြစ်၍ ကျင့်စဉ်စတင်ပြီး ခရီးအတော်အတန် ရောက်သည်အထိ အခက်အခဲတစ်စုံ တစ်ရာ မတွေ့ရပါ။
မဟာနေမင်းကျင့်စဉ်၏ ကနဦးအဆင့်ကို ဝင်ရောက်မိသည်နှင့် အချိန်အတန်ကြာ မျှော်လင့်နေခဲ့ ရသော စနစ်ထံမှ အချက်ပေးသံကို တစ်ဖန်ကြားလိုက်ရတော့သည်။
[စနစ်မှ မစ်ရှင်အသစ်ကြေညာလိုက်သည်။ စနစ်ပိုင်ရှင် ဝိညာဉ်မွမ်းမံခြင်းကို အကြိမ်တစ်ရာအထိ ဆောင်ရွက်ပါ ]
သည်တစ်ခါတွင်တော့ ကျန်းချန်ရွှမ်အနေနှင့် ထူးထွေပြီး အံ့အားမသင့်မိတော့ပါ။ အင်ဒီးယန်း တောင်တန်းရှိ လျှို့ဝှက်နေရာမှ ရရှိခဲ့သော ရင်းမြစ်များကို အသုံးပြုပြီး မဟာနေမင်းကျင့်စဉ်ကို အားစိုက်ကျင့်ကြံလိုက်တော့သည်။ လေးနှစ်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြန်သည်။ ထိုလေးနှစ်တာအတွင်း ကျန်းချန်ရွှမ်သည် မဟာနေမင်းကျင့်စဉ်ကို တတိယအဆင့်အထိ တိုးတက်ကျင့်ကြံနိုင်ခဲ့သည့်အပြင် စနစ်မှပေးအပ်သည့် မစ်ရှင်ကိုလည်း အပြီးသတ်ပြီး ဆုလာဘ်ကိုပါ သိမ်းပိုက်ရရှိခဲ့သည်။ ထိုဆုလာဘ်မှာ ကောင်းကင်နတ်ဘုရားကျောက်စိမ်းဟုခေါ်ပြီး ကျန်းချန်ရွှမ်၏ အသိစိတ်ပင်လယ်တွင် ဆန်းကြယ်စွာတည်ရှိနေသည့် ရတနာတစ်ပါး ဖြစ်သည်။
ထိုရတနာသည် ကျန်းချန်ရွှမ်၏ဝိညာဉ်ကို အချိန်ပြည့် မွမ်းမံအားဖြည့်ပေးနေရုံမက မဟာနေမင်းကျင့်စဉ်နှင့်တွဲဖက်ပြီး အသိစိတ်ပင်လယ်ကိုလည်း ဆိုးယုတ်သည့် ဝိညာဉ်တိုက်ခိုက်မှုများထံမှ ကာကွယ်စောင့်ကြပ်ပေးနိုင်ပါသည်။ တစ်ချိန်တည်းတွင် အင်အားပြင်းထန်သည့် ဝိညာဉ်တိုက် ခိုက်မှုများကိုလည်း ဖန်တီးစေစားနိုင်စွမ်း ရှိနေပြန်သည်။ ထို့အပြင် အဆိုပါရတနာသည် ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုအဆင့် မြင့်လာသည်နှင့်အမျှ တစ်ပါတည်း အဆင့်မြင့်တိုးတက်လာဦးမည် ဖြစ်သည်။ ယခုအချိန်တွင် ကျန်းချန်ရွှမ်၏ ဝိညာဉ်သည် ရှေးဦးစိတ်ဝိညာဉ်အဖြစ်သို့ ဖြည်းညင်း စွာ ကူးပြောင်းနေပြီဖြစ်သည်။ ထိုဖြစ်စဉ်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ထင်ရှားသော ဝိသေသတစ်ခုလည်းဖြစ်ပြီး ဝိညာဉ်စွမ်းအား၏ အကန့်အသတ်ကို လွန်မြောက်သွားသည့် အထွတ်အထိပ် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်။
ထိုနယ်ပယ်ကို ရောက်ရှိသွားသူများ၏ မူလခန္ဓာကိုယ်သည် ဖျက်စီးခြင်းခံရလျှင်ပင် ရှေးဦးစိတ် ဝိညာဉ်သည် ရွှေအမြုတေနှင့် ဆက်လက်ချိတ်ဆက်နေပြီး အခြားသော သက်ရှိသတ္တဝါများကို ပူးကပ်ပြီး အသက်ဆက်နိုင်စွမ်းရှိသည်။ သို့သော် ထိုနည်းစနစ်ကို ကောင်းကင်နှင့်မဟာမြေကြီး မှ ကန့်သတ်ထားသည့် အချက်ရှိနေသည်။ ထိုနည်းစနစ်ကို အသုံးပြုရာတွင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးနိမ့်သည်ဖြစ်စေ တစ်ကြိမ်သာ အသုံးပြုခွင့်ရမည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် ကျင့်ကြံမှုကို ပြန်လည်စတင်ရန် ကြံစည်လိုက်သည့်အချိန်တွင် ဆက်သွယ်ရေးကျောက်စိမ်းပြားမှာ ရုတ်တရက်လင်းလာတော့သည်။ သတင်းစကားကို ဖတ်ရှုပြီးသည့်အခါတွင် ကျန်းချန်ရွှမ်၏ နှလုံးသွေးများသည် ထိန်းသိမ်းမရအောင်ပင် မြန်ဆန်လာသည်။ ရှန်းမိသားစုမှ ပေးပို့လိုက်သော သတင်းဖြစ်ပြီး ရှုန်းဝမ်တောက် ကွယ်လွန်သည့်သတင်းဖြစ်သည်။ မကြာသေးမီကပင် ရှုန်းဝမ်တောက်သည် မိသားစုအကျိုးဆောင်ရမှတ်များကို အလုံအလောက်စုဆောင်းမိပြီးနောက် အဇူရာသစ်သား သလင်းကျောက်ကို လဲလှယ်ခဲ့သည်ဟုဆိုသည်။ သူသည် ခရမ်းရောင်ဆေးပြား၏ အကူအညီကိုမရယူဘဲ ကျီဖုအဆင့်ကို တက်လှမ်းရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ကျီဖုနယ်ပယ်ကို တက်လှမ်းမှုမအောင်မြင်ဘဲ သွေးကြောများပျက်စီးကာ အသက်ဆုံးရှုံးသွားရသည်ဟု ဖော်ပြထားသည်။
ထိုသတင်းကို အလုံးစုံဖတ်ရှုပြီးသောအခါ ကျန်းချန်ရွှမ်တစ်ယောက် အချိန်အတန်ကြာ ငေးငိုင်မိသွားသည်။ ရှုန်းဝမ်တောက်သည် ကျန်းချန်ရွှမ် ရှန်းမိသားစုထံ ဝင်ရောက်စဉ်ကပင် ပထမဆုံး သိကျွမ်းခင်မင်ခဲ့သူ မိတ်ဆွေရင်းတစ်ဦးဖြစ်ပြီး တိုက်ပွဲများစွာကို အတူလက်တွဲပြီး တိုက်ခိုက်ခဲ့ သည့် ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးသားရဲကပ်ဘေးအတွင်းက သူနှင့်အတူ သေမတူရှင်မကွာ တိုက်ပွဲဝင်ခဲ့သည့် ရှုန်းဝမ်တောက်၏ ပုံရိပ်များကို ကျန်းချန်ရွှမ် မြင်ယောင်မိသည်။ သူ ကျီဖုအဆင့်ကို ရောက်ရှိပြီးနောက်တွင် နှစ်ဦးအကြား ထိတွေ့ဆက်ဆံမှု များ အနည်းငယ်ကျဲပါးသွားခဲ့သော်လည်း ခင်မင်မှုအတိုင်းအတာမှာတော့ ယုတ်လျော့သွားခြင်း မရှိခဲ့ပါ။
အဆိုပါသတင်းကို ကြားသိပြီးနောက် ကျန်းချန်ရွှမ်သည် ဆက်လက်ကျင့်ကြံလိုစိတ် မရှိတော့ဘဲ ဂူပြင်သို့ လေးကန်သည့်ခြေလှမ်းများဖြင့် ထွက်လာမိသည်။ ရှန်းရူယန်သည် လှိုဏ်ဂူအပြင်တွင် သူ့ကို စောင့်စားလျက်ရှိသည်ကို တွေ့လိုက်ရသည်။ ရှန်းရူယန်က သူ့ကိုကြည့်၍ သက်ပြင်းချလိုက်ပြီး
“ရှင်ထွက်လာမယ်ဆိုတာ သိသားပဲ။ ကျွန်မမိသားစုက ပို့လိုက်တဲ့ သတင်းရတယ်မလား”
“အင်း”
ကျန်းချန်ရွှမ်က စိတ်မပါလက်မပါနှင့် ခေါင်းညိတ်လိုက်သည်။
“ရူယန် ကိုယ်သာ အဇူရာသစ်သားသလင်းကျောက်ကို မချန်ထားဘဲ တစ်ခါတည်းယူလာခဲ့ရင် ဒီလိုအဖြစ်မျိုး ဖြစ်လာပါ့မလား”
ကျန်းချန်ရွှမ်၏စကားသံတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေသည်ကို ရှန်းရူယန် သတိပြုမိလိုက် သည့်အတွက် ခင်ပွန်းဖြစ်သူအနီးသို့ လျင်မြန်စွာတိုးကပ်လိုက်ပြီး လက်အစုံကိုဆွဲယူလိုက်သည်။
“ယောက်ျား ရှင့်အပြစ်မဟုတ်ပါဘူး။ အကြီးအကဲရှုန်းက သူ့ဆုံးဖြတ်ချက်နဲ့ လုပ်သွားတာပါ။ ရှင်နဲ့ မသက်ဆိုင်ပါဘူး။ နောက်ပြီး ဒီသလင်းကျောက်ကို ထားခဲ့တုန်းကလည်း ဘိုးဘေးတို့ကို သတိပေးခဲ့တာပဲမလား။ အကြီးအကဲရှုန်း ဒီသလင်းကျောက်ကို တောင်းဆိုတုန်းကလည်း ဘိုးဘေးတို့က သူ့ကိုသတိပေးခဲ့မှာ သေချာတယ်။ ဒီကိစ္စက ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး”
ထိုအခါ ကျန်းချန်ရွှမ်က ဇနီးဖြစ်သူ၏ လက်ဖမိုးလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း
“ကိုယ်က ဒီလောက် စိတ်ဓာတ်မပျော့ညံ့ပါဘူး။ မစိုးရိမ်ပါနဲ့ ရူယန်။ ကိုယ်တွေးမိတာက ကျင့်ကြံခြင်းလမ်းခရီးမှာ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေ ပြည့်နေတယ်ဆိုတာကိုပဲ။ တစ်ချက် သတိလွတ်တာနဲ့ ကံဆိုးမိုးမှောင်ကျသွားနိုင်တယ်”
ကျန်းချန်ရွှမ်၏ သံဝေဂစကားကြောင့် နှစ်ဦးလုံး စကားမဆိုနိုင်တော့ဘဲ ငြိမ်ကျသွားမိသည်။ ကျင့်ကြံခြင်းလောကတွင် အဆိုပါအဖြစ်အပျက်မျိုးသည် မထူးဆန်းကြောင်း သူတို့အားလုံး နားလည်ပြီးဖြစ်သည်။ အချိန်တိုင်း၊ နာရီတိုင်းတွင် ကျင့်ကြံသူများသည် ကျင့်ကြံမှုအဆင့်တက် ရန် ကြိုးပမ်းနေခိုက် တစ်စုံတစ်ခု ချွတ်ချော်၍ သေဆုံးသွားမှုများ ရှိနေကြသည်သာ ဖြစ်သည်။ ယခုသေဆုံးသူသည် သူတို့နှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေအရင်းအချာ ဖြစ်နေသည့်အတွက် စိတ် မကောင်းဖြစ်နေမိကြခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွက် မိမိကိုယ်ကို အပြစ်တင်သည့် အဆင့်အထိတော့ ကျန်းချန်ရွှမ် မိုက်မဲလိမ့်မည်မဟုတ်ပါ။ သတ္တဝါအားလုံးသည် ကိုယ်ပြုသည့် ကံ၏ စီမံခြင်းကို ခံယူရမည် မဟုတ်ပါလား။
ခဏအကြာ ငြိမ်သက်နေမိကြပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စိတ်ခံစားချက်များ ကို ပြန်လည်ထိန်းသိမ်းလိုက်ကြပြီး စကားလမ်းကြောင်း ပြောင်းလိုက်ကြတော့သည်။ နှစ်ဦးလုံး၏ လေးနှစ်တာကျင့်ကြံခြင်းအတွေ့အကြုံများကို ဖလှယ်လိုက်ကြသည်။ ထိုအခါ ကျန်းချန်ရွှမ် သည် ရှန်းရူယန်သည်လည်း လေးနှစ်တာအတွင်း သူအောင်မြင်ရရှိသည့် အတိုင်းအတာအတိုင်း မတိမ်းမယိမ်း အောင်မြင်ခဲ့ကြောင်း သိလိုက်ရသည်။ ရှန်းရူယန်သည် မိုးကြိုးနတ်ဘုရားခန္ဓာကို အဆင့် ၃ အထိ မြှင့်တင်နိုင်ခဲ့သလို သူမ၏ဝိညာဉ်သည်လည်း ရှေးဦးစိတ်ဝိညာဉ်ကို ကူးပြောင်းစပြုနေပြီဖြစ်သည်။ ထို့အပြင် အဆိုပါ မိုးကြိုးနတ်ဘုရားခန္ဓာကျင့်စဉ်မှ တဆင့် ရန်သူများ၏ ရှေး ဦးစိတ်ဝိညာဉ်ကိုဦးတည်တိုက်ခိုက်နိုင်စွမ်းရှိသည့် လျှပ်ပြက်လှံဟုခေါ်သော တိုက်ခိုက်ရေး နည်းစနစ်တစ်ရပ်ကိုလည်း သင်ယူရရှိခဲ့သည်ဟု ဆိုသေးသည်။
အဆိုပါ လျှပ်ပြက်လှံဖြင့် တိုက်ခိုက်ခံရလျှင် ရွှေအမြုတေအတုအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် သတိလက်လွတ်ဖြစ်သွားပါက သို့မဟုတ် သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို ကာကွယ်နိုင်သည့် ရတနာ မရှိထားပါက ထိုနည်းစနစ်လက်ချက်ဖြင့် အကြီးအကျယ် အထိနာသွားနိုင်သည်။ ထိုအချိန်မှာပင် သူတို့နှစ်ဦး၏ ကျောက်စိမ်းပြားများမှာ နောက်တစ်ကြိမ် လင်းလာပြန်သည်။ သည်တစ်ခါတွင် တော့ လက်ခံရရှိသည့် သတင်းစကားကို ဖတ်ရှုပြီးနောက် နှစ်ဦးစလုံး၏ မျက်နှာများမှာ ပြုံးပျော်သွားကြတော့သည်။
***