ကျန်းရန်တောက် ကျီဖုအဆင့်ရောက်ပြီ
Vol. 10 Ch. 198
သတင်းစကားပေးပို့သူမှာ လမင်းကြည့်ဂိုဏ်းမှ ဟွမ်းလင်းအယ်ဖြစ်ပြီး သူမ၏ဖခင်ဖြစ်သူ ဟွမ်းဝမ်ယုသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်၍ အောင်ပွဲခံအခမ်းအနားကို လာမည့်နှစ်အနည်းငယ်အတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တက်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းထားခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့စုံတွဲနှင့် ဟွမ်းလင်းအယ်တို့မှာ နှစ်ကာလအတန်ကြာ ဝေးကွာနေသည့်အတွက် ဟွမ်းလင်းအယ်သည် သူတို့နှစ်ဦးအား အတော်ပင် လွမ်းဆွတ်နေဟန်တူသည်။ ဟွမ်းလင်းအယ်သည် စိတ်သဘောထားဖြူစင်သလို သူတို့အား သံယောဇဉ်ရှိနေသဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း ထိုကလေးမကို ခင်မင်တွယ်တာစိတ်များ ဖြစ်ပေါ်နေမိသည်။
ထို့ပြင် ဟွမ်းဝမ်ယုတစ်ယောက် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည်လည်း မင်္ဂလာသတင်းဖြစ်သည်ဟု သူတို့ယူဆမိသည်။ ထိုအောင်မြင်မှုအတွက် အောင်ပွဲခံအခမ်းအနား ကျင်းပ ခြင်းသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် လုပ်ရပ်ဟု ရှုမြင်မိသည်။ ယွင်၊ လျန်၊ ယန်၊ ကျင်းနှင့် ရှုနိုင်ငံငါးခု၏ ကျင့်ကြံရေးလောကများတွင် ရွှေအမြုတေအဆင့်သည် ပိရမစ်အထွတ်အဖျားကဲ့သို့ ထိပ်တန်းအဆင့်အတန်းတစ်ခုဖြစ်ပြီး ရွှေအမြုတေအဆင့်တစ်ဦး ပေါ်ထွက်လာခြင်းသည် ကျင့် ကြံခြင်းလောကအတွက် အကျိုးများမည့် မင်္ဂလာသတင်းတစ်ပုဒ်ပင်ဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးသားရဲကပ်ဘေး ကျရောက်ရန် မဝေးတော့သည့် ယခုလိုအချိန်မျိုးတွင်ဖြစ်သည်။
ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်တစ်ဦးသည် တိုက်ပွဲမြေပြင်တွင် အနိုင်အရှုံးကို အဓိကဆုံးဖြတ်နိုင် စွမ်းရှိသည့်အပြင် အဆိုပါပုဂ္ဂိုလ် ဝင်ရောက်ကူညီပေးသော စစ်မြေပြင်တွင် နတ်ဆိုးသားရဲများကို အောင်နိုင်ရန် အခွင့်အလမ်းမှာ အထူးပင်များပြားလှသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ကျောက်စိမ်းပြားများကို ပြန်လည်သိမ်းဆည်းထားလိုက်ပြီးနောက် ရှန်းရူယန်က
“ရှင်ဘယ်လိုထင်လဲ။ ကျွန်မတို့ ဂိုဏ်းသခင်ကြီးရဲ့ အောင်ပွဲခံအခမ်းအနားကို သွားသင့်တယ် ထင်လား”
ကျန်းချန်ရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်
“ကိုယ်တို့ ကျီဖုအဆင့်ကို တက်နိုင်လို့ အောင်ပွဲခံအခမ်းအနားလုပ်တုန်းက ဂိုဏ်းသခင်ကြီးက လူကိုယ်တိုင်မတက်နိုင်ခဲ့ပေမဲ့ သူ့သမီးနဲ့ သူတို့ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲကို စေလွှတ်ပေးခဲ့ တယ်။ ပြီးတော့ ကိုယ်တို့နှစ်ယောက်ကိုလည်း ဝိညာဉ်သစ်သီးတစ်လုံးစီ လက်ဆောင်ပေးခဲ့သေးတယ်။ ကိုယ်တို့နှစ်ယောက်ကို သူက အတော်လေး မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမယ်။ အခုသူ့ အလှည့်မှာ ကိုယ်တို့နှစ်ယောက် မသွားဘဲနေရင် ရိုင်းရာကျသွားလိမ့်မယ်။ နောက်ပြီး လမင်းကြည့်ဂိုဏ်းကိုသွားရင်းနဲ့ ဟွားဝူတောင်ကို လမ်းကြုံဝင်ပြီး ဘိုးဘေးနဲ့ အစ်ကိုတောက်မင်တို့ကိုလည်း ဂါရဝပြုလို့ရတာပေါ့၊ မဟုတ်ဘူးလား”
“ဟုတ်တယ်နော်”
ရှန်းရူယန်က ကျန်းချန်ရွှမ်၏ အတွေးကို ထောက်ခံလိုက်သည်။
“ဒါဆို ကျွန်မတို့ လက်ဆောင်အဖြစ် ဘာယူသွားသင့်လဲ”
ကျန်းချန်ရွှမ်က အနည်းငယ်စဉ်းစားလိုက်ပြီးမှ
“ကိုယ်တို့မှာအသုံးမလိုဘဲ ကျန်နေသေးတဲ့ ဝိညာဉ်အဆီအနှစ်ဆေးပြားကို လက်ဆောင်အဖြစ် ယူသွားလို့ရတာပဲ။ ကိုယ်တို့နှစ်ယောက်အတွက် အသုံးမလိုတော့သလို မိသားစုဝင်တွေထဲမှာလည်း ဒီဆေးပြားကို အသုံးပြုနိုင်တဲ့သူ မရှိသေးဘူးလေ။ နောက်ပြီး ဂိုဏ်းသခင်ကြီးက ရွှေအမြု တေအဆင့်ကို ရောက်ရှိခါစဆိုတော့ ဒီဆေးပြားက သူ့အတွက်ကွက်တိပဲ”
ရှန်းရူယန်က ကျန်းချန်ရွှမ်၏ အဆိုပြုချက်ကို ကျေနပ်စွာ လက်ခံလိုက်ပြန်သည်။
“ဟုတ်တယ် ယောက်ျား ရှင်ပြောတာအမှန်ပဲ။ ဂိုဏ်းသခင်ကြီးအတွက် အသင့်တော်ဆုံးလက်ဆောင်က ဝိညာဉ်အဆီအနှစ်ဆေးပြားပဲ၊ ဒါနဲ့ ကျွန်မတို့ ဘယ်တော့သွားသင့်လဲ၊ ပြီးတော့ မိသားစုဝင်တွေကိုပါ ခေါ်သွားသင့်လား”
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။
“ဘယ်သူ့ကိုမှခေါ်ဖို့မလိုပါဘူး။ ရန်ယီတို့လူစုကို ခေါသွားရင် မိသားစုလုပ်ငန်းတွေကို ကြီးကြပ်ဖို့ လူမရှိဘဲနေလိမ့်မယ်။ ဘယ်အချိန်ထွက်ခွာသင့်လဲဆိုတာကတော့….”
ထိုနေရာရောက်လျှင် ကျန်းချန်ရွှမ်သည် ခေတ္တမျှတွေဝေသွားပြီး
“ဘယ်အချိန်သွားမလဲဆိုတာ မဆုံးဖြတ်ခင် အခြေအနေကို နည်းနည်းစောင့်ကြည့်ရအောင်။ ကိုယ်ထင်တာကတော့ ရန်တောက်တစ်ယောက် ကျီဖုအဆင့်ကို ရောက်ဖို့နီးစပ်နေလောက်ပြီ”
ကျန်းချန်ရွှမ်၏ စကားမဆုံးခင်တွင် ကျန်းရန်တောက် ဂူပိတ်ကျင့်ကြံနေသည့် တောက်ကျွမ် တောင်ထွတ်တစ်နေရာမှ အင်အားပြင်းထန်သည့် အော်ရာလှိုင်းတစ်ခု လွင့်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်လှုပ်ရှားသွားကြသည်။ ကျန်းရန် တောက်တစ်ယောက် ကျီဖုနယ်ပယ်သို့ ရောက်ရှိတော့မည့် လက္ခဏာပင်ဖြစ်သည်။ ထို့ကြောင့် အချိန်မဆွဲဘဲ နှစ်ဦးသား တောင်ထွတ်ရှိရာသို့ တက်သုတ်နှင်လိုက်ကြတော့သည်။ တောက်ကျွမ် တောင်ထွတ်သို့ရောက်လျှင် အော်ရာလှိုင်းအတက်အကျကို စိစစ်လိုက်ရာ ကျန်းရန်တောက်သည် ကျီဖုအဆင့်ကို ရောက်ရှိနှင့်ပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ ကျန်းရန်တောက်၏ အခြေအနေ သည် သူတို့နဂိုမျှော်လင့်ထားသည်ထက်ပင် ပိုမိုချောမွေ့ကောင်းမွန်နေသည်။
ကျန်းချန်ရွှမ်ကိုယ်တိုင်ပင် ကျန်းရန်တောက်တစ်ယောက် ကျီဖုအဆင့်ကို ရောက်ရှိရန် အနည်း ဆုံးတစ်နှစ်မှနှစ်နှစ်အတွင်း ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားခဲ့သည်လေ။
“စီနီယာဦးလေးနဲ့ အဒေါ်”
ကျန်းရန်တောက်၏ အော်ရာလှိုင်းများကို အနံ့ရသွားသည့် ကျန်းရန်ယီ၊ ကျန်းရန်ချွမ်း၊ ကျန်းယွင် ရုံနှင့် လျူလင်းလုံအပါအဝင် ကျန်းမိသားစုဝင်များသည်လည်း အလျှိုလျှိုရောက်ရှိလာကြသည်။ အော်ရာလှိုင်းများ အတက်အကျမြန်နေသည်ကို သတိထားမိကြသောအခါ သူတို့အားလုံးသည် ကျန်းချန်ရွှမ်တို့ထံ စိုးရိမ်တကြီး လှည့်ကြည့်မိကြသည်။ ကျန်းရန်ယီက မနေနိုင်တော့ဘဲ
“စီနီယာဦးလေးနဲ့အဒေါ် ရန်တောက်က…….”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့အားလုံးကို ပြုံးပြလိုက်သည်။ ကျန်းချန်ရွှမ်က
“မစိုးရိမ်ကြပါနဲ့။ ရန်တောက်က ကျီဖုအဆင့်ကို ရောက်နှင့်ပြီးပါပြီ”
ထိုစကားကြားလျှင် ကျန်းရန်ယီအပါအဝင် မိသားစုဝင်အားလုံး ထခုန်မိမတတ် ဝမ်းမြောက်ကုန်ကြသည်။ ထိုအချိန်တွင် ကျန်းရန်တောက်ရှိနေသော လှိုဏ်ဂူအတွင်းမှ ရှေးကထက် ပိုမိုပြင်းထန် သော ဝိညာဉ်ချီလှိုင်းတစ်ခု ထပ်မံလွင့်ထွက်လာပြန်သည်။ ပတ်ဝန်းကျင်လေထုထဲရှိ ချီဓာတ်များ သည်ပင် တစ်သားတည်းစုဝေးမိပြီး လှိုဏ်ဂူအထက်တွင် ဝဲကတော့ကြီးများအဖြစ် လွင့်မျော လျက်ရှိသည်။ ထိုဝဲကြီးများသည် ရက်အနည်းငယ်အကြာအထိ ဆက်လက်ဖြစ်တည်နေပြီး နောက်ဆုံးတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် လှိုဏ်ဂူတံခါးသည် ဝုန်းကနဲပွင့်ထွက်သွားပြီး ကျန်းရန်တောက်တစ်ယောက် ရွှင်မြူးစွာ ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။
လောလောဆယ်တွင် ကျန်းရန်တောက်သည် အော်ရာကို ကျွမ်းကျင်စွာ မကိုင်တွယ်တတ်သေး၍ ကျန်းရန်ယီနှင့် ကျန်းမိသားစုဝင်များသည် ပြင်းထန်သည့် ဖိအားတစ်ရပ်ကို ခံစားနေရသည်။ ကျန်းချန်ရွှမ်က လက်ဖြင့်ဝှေ့ယမ်းပြီး ဖယ်ရှားလိုက်မှ ထိုလှိုင်းများ ပျောက်ကွယ်သွားသည်။
“ဂုဏ်ပြုပါတယ် ရန်တောက်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ပထမဦးဆုံး ဂုဏ်ပြုစကားဆိုလိုက်သည်။ ထိုအခါ ကျန်းရန် တောက်သည် သူတို့နှစ်ဦးအား လေးမြတ်စွာ ဂါရဝပြုဦးညွတ်လိုက်ပြီး
“ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ စီနီယာဦးလေးနဲ့ အဒေါ်ခင်ဗျား။ စီနီယာတို့အကူအညီမပါရင် ကျွန်တော် အခုလို အောင်မြင်နိုင်မှာမဟုတ်ဘူး”
ကျန်းချန်ရွှမ်က လက်ကာပြလိုက်ရင်း
“ကျုပ်တို့ကို ကျေးဇူးတင်စရာမလိုပါဘူး၊ ကိုယ့်ကိုယ်ကိုပဲ ကျေးဇူးတင်လိုက်ပါ။ ခင်ဗျားသာ ကိုယ်စွမ်းကိုယ်စ မရှိရင် ကျုပ်တို့က ကျီဖုကျောက်စိမ်းပြားပေးပြီး ထောက်ပံ့ရင်တောင် ခင်ဗျားအနေနဲ့ ကျီဖုအဆင့်ကို ရောက်ရှိနိုင်မှာမဟုတ်ဘူး”
ထိုအချိန်တွင် ရှန်းရူယန်က ရွှေရောင်ဖျော့ဖျော့ အလင်းများ တောက်ပနေသည့် ဓားရှည်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး ကျန်းရန်တောက်ကို ကမ်းပေးလိုက်သည်။
“ရန်တောက် ဒီဓားက ငါကိုယ်တိုင် အဆင့် ၃ ကုန်ကြမ်းပစ္စည်းတွေနဲ့ ဖန်တီးသန့်စင်ထားတဲ့ အဆင့် ၃ အနိမ့်စား ဓမ္မရတနာတစ်ပါးပဲ၊ အရိပ်ဓားချက်လို့ နာမည်ရတယ်။ ဒီရတနာကို မင်းရဲ့ ဦးလေးနဲ့ အဒေါ်ကပေးတဲ့ ဂုဏ်ပြုလက်ဆောင်လို့ သဘောထားပြီး လက်ခံလိုက်ပါ”
***