င့ါထက်ကံဆိုးတဲ့သူ
Vol. 12 Ch. 156
အာရန်သည် ဖန်းယုကို ကျိန်ဆဲခြင်း မပြုမီမှာပင် အစောင့်များကို မြင်လိုက်ရသောကြောင့် ရုတ်တရက် ရပ်တန့်လိုက်သည်။
ကံကောင်းစွာဖြင့် သူသည် အချိန်မီ ရပ်တန့်နိုင်ခဲ့ပြီး သူ၏ ဆဲဆိုခြင်းအမှုကို မပြီးမြောက်မိခဲ့ပေ။
“ငါကြိုတင် ပြင်ဆင်ထားတာ ကောင်းမယ်ထင်တယ်”
အာရန်သည် ခမ်းနားထည်ဝါသော ဖန်းယု၏ နန်းတော်ကြီးအာ နောက်ပြန်တစ်ချက်ကြည့်လိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။
‘နောက်တစ်ခါဆို မင်းဆီက ပန်းအိုးတစ်ခုထက်ပိုပြီး ခိုးပစ်မယ်’
သူသည် ပြန်လည်ထွက်ခွာစဉ် ကြိတ်၍ ရေရွတ်လိုက်သည်။
သူ၏ ကိုယ်ပိုင်ပြဿနာများဖြင့် တိုင်ပတ်နေသော အာရန်သည် မမျှော်လင့်သော အလှည့်အပြောင်းတစ်ခုအတွင်း တစ်ဖန် ပိတ်မိသွားပြန်ပြီဖြစ်သည်ကို သိရှိလိုက်လေသည်။
သူသည် အနောက်ဘက်တိုက်ကြီးသို့ အပို့ခံရတော့မည် ဖြစ်လေသည်။
“သန့်စင်ဘုရားကျောင်းက သူတို့ရဲ့ ကိစ္စတွေမှာ ငါ့ကို ပါဝင်ဖို့ ဒီထက်ဆိုးတဲ့ အချိန်ကို မရွေးနိုင်တော့ဘူးထင်တယ် သူတို့က ငါ့ကို ရက်အနည်းငယ်လောက်တောင် စောင့်ပေးလို့ မရဘူးလား” အာရန်သည် ဗဟိုဧရိယာမှ ပျံသန်းထွက်သွားစဉ် သူ့ကိုယ်သူ ငြီးငြူလိုက်မိသည်။
သူသည် နန်းဆောင်အတွင်းမှ အတင်းဆွဲထုတ်ခံရစဉ် သူ့လက်ထဲရှိ ထိုစာစောင်သည် ခန်းမထဲသို့ ပြုတ်ကျသွားခဲ့လေသည်။
သို့သော် သူသတိမထားမိသော ကိစ္စလေးတစ်ခုဖြစ်ပွားခဲ့လေသည်။
သူသည် ထိုစာကို ထိတွေ့ခဲ့စဉ်က သူ၏ လည်ဆွဲသည် သေးငယ်သော တုံ့ပြန်မှုတစ်ခုကို ပြသခဲ့သည်။
ထိုအစိမ်းရောင်လည်ဆွဲအတွင်းရှိနက်ရှိုင်းသောတစ်နေရာ၌ အနည်းငယ်သော ရွှေရောင်အလင်းတစ်ခုသည် ခဏတာ တောက်ပသွားခဲ့သည်။
ထိုအလင်းရောင်လေးသည် ထိုစာရွက် သူ၏ လက်မှ ပြုတ်ကျပြီး နတ်ဘုရားမကောင်းချီး စွမ်းအင်များ နှင့် ကင်းကွာသွားသောအခါမှသာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်လေသည်။
....
သန့်စင်အင်ပါယာ၏ တော်ဝင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် အဆိပ်ဓားသည် တစ်ဖန် ပြင်းထန်စွာ တုံ့ပြန်လာခဲ့ပြန်လေသည်။
ကံမကောင်းစွာဖြင့် နတ်ဘုရားမ၏ စွမ်းအင်များသည် ၎င်းအား သံခြေကျင်းများသဖွယ် ချည်နှောင်ထားနိုင်ဆဲဖြစ်လေသည်။
ထိုထူးဆန်းသော ဖြစ်ရပ်အကြောင်းကို သန့်စင်ဧကရာဇ်အား အလျင်အမြန် အသိပေးခဲ့ကြသည်။
သန့်စင်ဧကရာဇ်သည် သူ၏ အမတ်ကြီးများနှင့် ညီလာခံတစ်ခု ပြုလုပ်နေသော်လည်း ထိုအသိပေးချက်ရသည်နှင့် တစ်ပြိုင်နက် ထိုအခန်းမှ အလျင်အမြန် ထွက်လာခဲ့သည်။
သူ၏ အမတ်ကြီးများအားလုံးသည် အချင်းချင်းမယုံကြည်နိုင်စွာဖြင့်ပြန် ကြည့်လိုက်ကြပြီး သန့်စင်ဧကရာဇ်သည် အဘယ့်ကြောင့် ရုတ်တရက် ထိုမျှ အလောတကြီးထွက်သွားရသည်ကို နားမလည်နိုင်ဖြစ်သွားကြလေသည်။
သူ့အား ထိုမျှ စိုးရိမ်ပူပန်စေသော အကြောင်းအရာမှာ အဘယ်အရာများဖြစ်မည်နည်း။
သန့်စင်ဧကရာဇ်သည် အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားသော်လည်း ချိတ်ပိတ်ခန်းသို့ ရောက်သောအခါ ဓားသည် သူ၏ တုံ့ပြန်ခြင်းအား ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
“ဒါမျိုးတွေ ခုတလော ပိုပြီး မကြာခဏ ဖြစ်နေတယ်... ဘာတွေဖြစ်ပျက်နေတာလဲ ဘာလို့ အဲ့ဒီ သစ္စာဖောက်ကောင်ရဲ့ ဓားက ဒီလို တုံ့ပြန်နေရတာလဲ ‘သူ’ သေဆုံးပြီး ကတည်းက အိပ်ပျော်သွားတဲ့ ဓားက အခုမှ ဘာလို့ နိုးထလာချင်နေရတာလဲ”
သူသည် တိတ်ဆိတ်နေသော ဓားတစ်ချောင်းအား စိုးရိမ်ပူပန်မှုများစွာဖြင့် ငေးမောကြည့်လိုက်မိသည်။
ဤဓားသည် မည်သူပိုင်ဆိုင်ခဲ့ကြောင်းနှင့် ထိုသူသည် သူ့အား သတ်ရန် မည်သို့ ပြုမူခဲ့ကြောင်းကိသူသည် ယခုအချိန်ထိမမေ့နိုင်သေးပေ။
“သန့်စင်ပရောဟိတ်မက စိုးရိမ်စရာ မရှိဘူးလို့ ပြောခဲ့တယ် ဒါပေမယ့် တကယ်စိုးရိမ်စရာမလိုတာ ဟုတ်ပါ့မလား” သူသည် သူ့ကိုယ်သူ ပြန်မေးလိုက်သည်။
ကံမကောင်းစွာဖြင့် သူသည် အဖြေကိုရရှိရန် မည်သည့်နည်းလမ်းမှ မရှိကြောင်းကို သိထားလေသည်။
“တစ်ဖက်မှာ နစ်ခရိုမန်ဆာ မျှော်စင်ရဲ့ ခြိမ်းခြောက်မှုကလည်း ပိုပို တိုးလာနေတယ် နောက်တစ်ဖက်မှာ ဒီဓား... တကယ်လို့ ဒါက မကောင်းတဲ့ နိမိတ်ဆိုးတစ်ခုဆိုရင် ဒီနိမိတ်က ငါတို့မြေကို ဘယ်တော့မှ ရောက်မလာပါစေနဲ့လို့ ငါမျှော်လင့်မိတယ်...”
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် သူသည် ပြန်လည် လှည့်ထွက်သွားလိုက်သည်။
ထိုအချိန်တွင် အဆိပ်ဓား၏ လက်ကိုင်တွင် ပေါ်လာသော အလွန်သေးငယ်သည့် ရွှေရောင်တောက်ပမှုလေးတစ်ခုကိုမူ မည်သူမျှသတိမထားမိခဲ့ကြပေ။
....
အာရန်သည် သူ၏အိမ် သို့ ပြန်မသွားခဲ့ပေ။
ဂိုဏ်းချုပ်ထံမှ ထွက်လာပြီးနောက် သူ၏ ပထမဆုံး ဦးတည်ရာမှာ အဂ္ဂိရက်ခန်းမပင်ဖြစ်သည်။
မည်သည့်အရာမျှ မလုပ်ဆောင်ခင် သူသည် သူ၏ ဖီးနစ်ကို သွားရောက်ကြည့်ရှုလိုနေခဲ့ပြီး သူ၏နေအိမ်သို့ ပြန်လည်ခေါ်သွားလိုနေသည်။
အာရန်သည် အဂ္ဂိရတ်ခန်းမရှေ့တွင် ဆင်းသက်လိုက်ပြီး သူနောက်ဆုံးလာခဲ့တုန်းက တွေ့ခဲ့ရသော အစောင့်များကိုပင် တဖန်ပြန်လည် တွေ့လိုက်ရသည်။
အစောင့်များကလည်း သူ့အား မြင်သောအခါ နှုတ်ခမ်းများ တုန်ယင်သွားကြသည်။
သူတို့နှစ်ဦးစလုံးသည် အာရန်ကြောင့် အကြီးအကဲလီအား မှားယွင်းစွာ တားဆီးမိခဲ့ကြပြီး ထိုအကြီးအကဲလီသည် ခန်းမသခင်၏ ရိုက်နှက်ခံရမှုဖြင့် အဆုံးသတ်သွားခဲ့ရပုံကို မှတ်မိနေကြသေးသည်။
“မင်းတို့ ငါဘယ်သူလဲဆိုတာကို အခု သိထားပြီးကြရောပေ့ါ” အာရန်က အစောင့်များကို ပြောလိုက်သည်။
“အကြီးအကဲရန် ခင်ဗျာ အကြီးအကဲရဲ့ အသေးအဖွဲဟာသကြောင့် လီအကြီးအကဲကို ခန်းမသခင်က အပြင်းအထန်ရိုက်နှက်ခဲ့တယ်ဆိုတာကိုကော သိပါသလား”
“ငါ့ကြောင့်လား ဘာလို့လဲ”
အာရန်သည် သူတို့အား သူ၏ အချက်အလက်နှင့် ပတ်သက်၍ လိမ်လည်ပြောဆိုခဲ့ပြီး လီအကြီးအကဲကို အနည်းငယ် စနောက်ခဲ့သည်။
ထိုအကြောင်းကြောင့် လီအကြီးအကဲ ရိုက်နှက်ခံခဲ့ရသည်ကို သူနားမလည်နိုင်ပေ။
အစောင့်များသည် အနီးအနားတွင် အခြားသူများ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရှုလိုက်သည်။
ယခုထိ သူတို့၏ အမှားအကြောင်းကို မည်သူမှသတိမထားမိသေးသောကြောင့်သာ ၎င်းတို့သည် ဤနေရာတွင် ဆက်လက်အလုပ်လုပ်နိုင်နေကြခြင်းလည်း ဖြစ်လေသည်။
အခြားမည်သူမျှ မရှိကြောင်း သေချာပြီးမှသာ အာရန်အား ထိုနေ့မှဖြစ်ပျက်ခဲ့သော အရာအားလုံးကို ရှင်းပြလိုက်သည်။
အစပိုင်းတွင် အာရန်သည် လုံးဝ အလေးအနက်ထား နားထောင်နေခဲ့သည်။
သို့သော် အဆုံးတွင်မူ သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝါးလုံးကွဲ ရယ်မောခဲ့တော့သည်။
“ဒီမှာ ငါကငါ့ကိုယ်ငါ ကံဆိုးလှပြီ ထင်နေခဲ့တာ”
အာရန်သည် အဂ္ဂိရတ်ခန်းမအတွင်းသို့ လျှောက်လှမ်းဝင်သွားရင်း အစောင့်များ၏ ပခုံးကို ပုတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူသည် အဂ္ဂိရတ်ခန်းမ၏ တားမြစ်စာရင်းမှ ဖယ်ရှားလိုက်ပြီဖြစ်သောကြောင့် အစောင့်များသည် သူ၏ အမှန်တကယ် အချက်အလက်များကိုသိသွားသော်လည်း သူ့အား တားဆီးခြင်း မပြုကြတော့ပေ။
“အကြီးအကဲရန်”
ဆေးဝါးခန်းမမှမန်နေဂျာမလေးသည် အာရန်ကို လှမ်းမြင်လိုက်လေသည်။
သူမသည် အာရန်အား သူမဆီသို့ လာတွေ့ခိုင်းရမည့်အစား အလွန်အရေးပါသော ဧည့်သည်တစ်ဦးကဲ့သို့ သူ့ထံသို့ အပြေးလေး လာခဲ့လေသည်။
သူမ၏ တုံ့ပြန်မှုကို မြင်သောသူတိုင်းသည် ထိုအပြုအမူကို ယုံကြည်ရန် ခက်ခဲနေခဲ့ကြသည်။
ဤ အဂ္ဂိရတ်ခန်းမသည် မဟာအကြီးအကဲတစ်ဦးပိုင်သောနေရာဖြစ်သည်။
မည်သည့်အကြီးအကဲရောက်လာသည်ဖြစ်စေ သာမန်လူတစ်ဦးကဲ့သို့ သာ ဆက်ဆံခံရလေသည်။
ဤကဲ့သို့ အလေးထားဆက်ဆံခံရသူကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဘူးခြင်းဖြစ်လေသည်။
“သူမက အကြီးအကဲရန်လို့ ပြောလိုက်တာလား”
“ဟင်ဒါဆို ဟို နတ်ဆိုးအကြီးအကဲကို ပြောနေတာလာ”
“လူသွေးသောက်တဲ့ တစ်ယောက်လား”
ကောလာဟလများကို ကြားဖူးသော တပည့်အနည်းငယ်သည် ကြောက်ရွံ့စွာ နောက်ဆုတ်သွားကြသည်။
တစ်ဖက်တွင် အခြားသူများစွာသည် အာရန်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။
လက်ရှိတွင် အာရန်သည် ဂိုဏ်းတွင်းရှိ အကြီးအကဲများအနက် အကြမ်တမ်းဆုံး၊ အသန်မာဆုံး အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်ခံထားရလေသည်။
သူသည် လူသတ်ပြီး သွေးသောက်သည်ဟူသော ကောလာဟလများသည် လည်း လူအများအား ပိုမို၍ ကြောက်ရွံ့စေသော်လည်း ဂိုဏ်း၏ တပည့်များကြားတွင်မူ သူ၏တပည့်အတွက် လက်စားချေပေးသည့်အပြုအမူကြောင့် သူတို့၏ အိုင်ဒေါတစ်ဦးကဲ့သို့ပင် ဖြစ်သွားလေသည်။
“ငါက ဘာသောက်တာ”
အာရန်သည် လူအများ၏ အာရုံစူးစိုက်မှုကို ရရှိထားသော သူ၏အဆင့်အတန်းကို အံ့အားသင့်သွားမိသော်လည်း လူများက သူ့ကို မည်သို့ခေါ်ဝေါ်ကြသည်ကို နားနှင့်ဆက်ဆက် ကြားလိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားရလေသည်။
သူသတ်ခဲ့သော လူများ၏ သွေးကို သောက်ခြင်း သို့မဟုတ် သူတို့ အသက်ရှင်နေစဉ် အသားကို စားခြင်းဆိုသည့် သူတို့ ပြောဆိုနေကြသည့် အကြောင်းအရာများအရ သူတို့၏ စိတ်ထဲတွင် သူ့အားဘယ်လို ဘီလူးသဘက်မျိုးအဖြစ် ဖန်တီးခဲ့ကြသနည်း။
သူသည် ဤကောလာဟလများကို မုန်းတီးသော်လည်း ပြန်လည်ရှင်းပြရန်ပင် မကြိုးစားခဲ့ပေ။
ရေရှည်တွင် ဤကဲ့သို့လူအများက သူ့အား ကြောက်ရွံ့ကြခြင်းသည် ပို၍ ကောင်းမွန်လေသည်။
“အရင်တစ်ခေါက်ကထက် မင်း ငါ့ကို ပိုကောင်းကောင်း ဆက်ဆံနေပုံရတယ်” အာရန်သည် အဂ္ဂိရတ်ခန်းမမန်နေဂျာမလေးဆီသို့ တဖန်ပြန်အာရုံစိုက်၍ ပြောလိုက်လေသည်။
“ဘယ်သူကကောင်းကောင်းမဆက်ဆံပဲနေဝံ့မှာလဲရှင် ခန်းမသခင်ကိုယ်တိုင်က ရှင်ဟာ သူမထက်တောင် ပိုမြင့်တဲ့ အဆင့်ခုနစ် အဂ္ဂိရတ်ပညာရှင်တစ်ယောက်လို့ ကျွန်မကို အသိပေးထားပြီးသားလေ ရှင့်ကို သူမလိုပဲ သဘောထား ဆက်ဆံပြီး ဆေးပင်အားလုံးကို ဈေးနှုန်းတစ်ဝက်နဲ့ အသုံးပြုခွင့်ပေးရမယ်လို့ သူမက ညွှန်ကြားထားပါတယ်”
အာရန်သည် သူမ၏ စကားများကို ကြားသောအခါ ထိတ်လန့်သွားရသည်။
သူသည် သူမ၏ ပါးစပ်ကို ပိတ်ချင်နေခဲ့သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
သူ၏ ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါးက သူမ၏ စကားများကို ကြားခဲ့ကြပြီးဖြစ်သည်။
“ဘာ အကြီးအကဲရန်က မဟာအကြီးအကဲဇီယာထက်တောင် ပိုတော်တဲ့ အဂ္ဂိရတ်ပညာရှင် ဟုတ်လား”
ခန်းမတွင်ရှိသောသူများကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
#Catfoot