← Chapters

ဒါဘယ်ကသွေးတွေလဲ

Vol. 12 Ch. 157

ဒါဘယ်ကသွေးတွေလဲ

Vol. 12 Ch. 157

အာရန်သည် အဂ္ဂိရတ်ခန်းမ မန်နေဂျာမလေး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

‘အသံချဲ့စက်သာယူပြီး တောင်ထိပ်ကနေ အော်ဟစ်ပြောလိုက်ပါတော့လား ဘာလို့ဒီမှာ ရပ်နေရသေးတာလဲ’

အာရန်သည် သူ့အား အဆင့်ခုနစ် အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်ကြောင်း မည်သူ့ကိုမျှ မသိစေလိုခဲ့ပေ။

ဇီယာသည် သူ၏ အဂ္ဂိရတ်ပညာအဆင့်ကို ထိုမျှ လျင်မြန်စွာ သိရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမသည် ၎င်းကို ရှာဖွေတွေ့ရှိရုံသာမက အခြားသူတစ်ဦးကိုလည်း ပြောပြခဲ့ပေသေးသည်။

ထိုပြောပြထားသောသူသည် ပို၍ပင် ဆိုးရွားပြီး အခြားသူများရှေ့တွင် ထိုအကြောင်းကို လူစုံတုံးရှင်းပြသကဲ့သို့ပင် ပြန်ပြောလိုက်သေးသည်။

“ဒီမှာရှိတဲ့သူတွေအားလုံး နားထောင်ကြ”

အာရန်သည် ခန်းမတွင်ရှိသော လူများကို အမိန့်ပေးသည့်လေသံဖြင့်အော်ပြောသည်။

“ခုဒီမှာ ကြားခဲ့ရတာကို အကုန်မေ့လိုက်ကြပါ တကယ်လို့ တခြားသူကို ပြောခဲ့ရင် နောက်တစ်ခါ မြည်းစမ်းကြည့်မှာက မင်းတို့ရဲ့ သွေးတွေ ဖြစ်သွားလိမ့်မယ်...”

အာရန်၏ ခြိမ်းခြောက်မှုကို ကြားသောသူတိုင်းသည် အလွန်အမင်း ထိတ်လန့်သွားကြကာ တံတွေးများကို ကြိတ်၍မြိုချမိလိုက်ကြသည်။

မည်သူမျှ အာရန်အတွက် သွေးအိတ်ဖြစ်လိုကြခြင်းမရှိချေ။

သူတို့အားလုံးသည် သူတို့၏ အသက်ကို တန်ဖိုးထားကြသူများချည်းဖြစ်လေသည်။

အာရန်သည် တပည့်တစ်ဦးအတွက်ပင် ဂိုဏ်းတိုင်းကို ဖျက်ဆီးပစ်ခဲ့သောသူ ဖြစ်သည်မဟုတ်ပါလော။

အချို့မှာ ဤနေရာတွင် ရှိနေပြီး ဤလျှို့ဝှက်ချက်ကို ကြားရခြင်းအတွက်ပင် နောင်တရနေကြပြီဖြစ်သည်။

အာရန်သည် ခြိမ်းခြောက်မှုတစ်ခု ထုတ်ပြန်ပြီးနောက် ဖီးနစ်အနားယူနေသော အခန်းဆီသို့ လျှောက်သွားရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။

“အိုး ဒီလိုရိုးရှင်းတဲ့ဖြေရှင်းနည်းတစ်ခုရှိနေတာတောင် မေ့တော့မလို့”

သူသည် အဂ္ဂိရတ်ခန်းမ၏ မန်နေဂျာမလေးဆီသို့ အလျင်အမြန် ပြန်ပြေးလာခဲ့သည်။

အဂ္ဂိရတ်ခန်းမမန်နေဂျာမလေးသည် သူမ အမှားလုပ်မိကြောင်း သဘောပေါက်ခဲ့သည်။

ဤနေရာတွင်ရှိသော လူအားလုံးတွင် သူမသည် ယခုအချိန်တွင် အာရန်အား အကြောက်ဆုံးနေဆုံးသူလည်းဖြစ်လေသည်။

အာရန်သည် သူမဆီသို့ ပြန်ပြေးလာသည်ကို မြင်သောအခါ ပို၍ပင် ထိတ်လန့်သွားမိသည်။

“အ-အကြီးအကဲရန်ရှင် ကျွန်မရဲ့ သွေးက အရသာမရှိပါဘူး မဟုတ်ဘူး လုံးဝ ရွံစရာကောင်းတဲ့ အရသာမျိုးပါ ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့”

သူမသည် ကြောက်ရွံ့စွာ နောက်ဆုတ်ရင်းပြောလိုက်သည်။

“အခု ဘာတွေ လျှောက်ပြောနေတာလဲ”

အာရန်က ရယ်ရခက်ငိုရခက်ဖြင့်ပြန်ပြောလိုက်သည်။

“ငါက တခြားအရာတစ်ခုအတွက် ပြန်လာတာပါ လွန်ခဲ့တဲ့ တစ်နာရီအတွင်းက အမှတ်တရတွေကို ဖျက်ပစ်နိုင်တဲ့ ဆေးလုံးတွေ... ယူလာခဲ့”

“သူတို့ ပါးစပ်ကိုပိတ်ထားလို့ရမယ်လို့ ငါ မယုံကြည်ဘူး ပိုကောင်းတဲ့ အရာတစ်ခု ရှိနေပြီးသားဆိုတော့ အဲ့ဒါကိုပဲ သုံးကြတာပေါ့”

“အာ အဲဒါက”

အဂ္ဂိရတ်ခန်းမမန်နေဂျာမလေးသည်လည်း အံ့အားသင့်သွားသည်။

သူမသည် ထိုဆေးလုံးအကြောင်းကို မစဥ့်စားမိခဲ့ကြောင်းကိုပင် မယုံကြည်နိုင်ဖြစ်သွားရသည်။

သူမသည် လွန်စွာ ကြောက်ရွံ့နေသောကြောင့် ထိုအရာကိုပင် မေ့သွားခဲ့သည်။ သူမသည် ဇီယာ၏ အမိန့်ဖြင့် ထိုဆေးလုံးကို သူမကိုယ်ကိုယ်ပင် ပြန်လည်အသုံးပြုခဲ့ပြီးဖြစ်သည်။

ထိုအချိန်တွင် သူမသည်လည်း ထိုနေရာတွင် ရှိနေသော်လည်း အာရန်သည် ဇီယာနှင့် အခန်းထဲတွင် မည်သည့်အရာများဆက်လက်ပြောနေခဲ့သည်ကို သူမ မမှတ်မိနိုင်ခဲ့ပေ။

ထိုအရာသည် ထိုဆေးလုံးကြောင့်သာ ဖြစ်လေသည်။

သူမသည် အလျင်အမြန် ပြေးထွက်သွားပြီး မှတ်ဉာဏ်ဖျက်ဆေးလုံးများအား ယူဆောင်၍ ပြန်လာခဲ့သည်။

သူမသည် ဤနေရာတွင် ရှိရှိသမျှ လူတိုင်းအား ဆေးလုံးတစ်ခုစီ ဝေပေးပြီး မည်သူမျှ ကလိမ်မကျနိုင်စေရန် သေချာအောင် ၎င်းတို့ စားသုံးသည်ကိုပင်ဂရုတစိုက် စောင့်ကြည့်ခဲ့လေသည်။

မိနစ်အနည်းငယ်အတွင်း ခန်းမရှိ လူတိုင်းသည် လွန်ခဲ့သော တစ်နာရီအတွင်းက အမှတ်တရဖြစ်ရပ်များအပါအဝင် အာရန်နှင့် သက်ဆိုင်သည့် အပိုင်းများအကုန်ပင် ပျောက်ဆုံးသွားခဲ့ကြသည်။

သူတို့ သတိပြန်ဝင်လာသောအခါ အားလုံး ရှုပ်ထွေးနေကြသည်။

အချို့သည် သူတို့၏ အခန်းများမှ ထွက်လာသည်ကိုသာ မှတ်မိခဲ့ကြသော်လည်း အဂ္ဂိရတ်ခန်းမသို့ မည်သို့ ရောက်ရှိခဲ့သည်ကိုမူ နားမလည်နိုင်ကြပေ။

သူတို့သည် အာရန်ကို တစ်ဖန် မြင်တွေ့ခဲ့ကြသည်။

“အကြီးအကဲရန်လား”

အရင်က အာရန်ကို မြင်ဖူးသော လူငယ်တပည့်တစ်ဦးသည် အော်ဟစ်လိုက်သည်။

“သူက အကြီးအကဲရန်လို့ ပြောတာလား?”

“ဟင် နတ်ဆိုးအကြီးအကဲလို့ ပြောတာလား”

“သွေးသောက်တဲ့ တစ်ယောက်လား”

ထိုစကားစမြည်များသည် တစ်ဖန် ပြန်စတင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် အာရန်သည် ထိုသို့မျှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

ဤသည်မှာ ဆေးလုံးသည် အလုပ်ဖြစ်ခဲ့သည်ဟု ဆိုလိုခြင်းသာ ဖြစ်လေသည်။

“ပိုကောင်းတာပေါ့” ဟု အာရန်က ထွက်ခွာသွားမီ မှတ်ချက်ချလိုက်သည်။

အဂ္ဂိရတ်ခန်းမမန်နေဂျာမလေးသည် အလွန်စိတ်မကောင်းဟန်ဖြင့် တောင်းပန်စကားဆိုကာ အာရန်၏ နောက်မှ ရို့ရို့လေးလိုက်ပါလာလေသည်။

“မင်းတို့ရဲ့ ခန်းမသခင် ဇီယာ ဘယ်မှာလဲ”

အာရန်သည် သူ၏ ဖီးနစ်ကို ကုသပေးနေသော အခန်းရှေ့တွင် ရပ်တန့်ရင်း မန်နေဂျာမလေးအား မေးလိုက်သည်။

“သူမက သူမ အိမ်မှာပဲ ရှိနေဦးမယ်ထင်တယ် ဒါပေမယ့် တစ်ယောက်ယောက်က အကြီးအကဲရောက်လာတဲ့အကြောင်း သူမကို အသိပေးဖို့ သွားနှင့်ပါပြီ သူမက ဒီကို မကြာခင် ရောက်လာပါလိမ့်မယ်”

“မင်းတို့အားလုံးက ငါ့ကို လူတိုင်းမြင်ချင်တဲ့ ရှားပါးတိရစ္ဆာန်တစ်ကောင်လို ဆက်ဆံနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ”

အာရန်သည် တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်သွားရင်း မေးသည်။

ဖီးနစ်သည် မြေပြင်ပေါ်တွင် အိပ်ပျော်လျက်ရှိပြီး သူမ၏ အတောင်များသည် လုံးဝ ပျောက်ကင်းသွားပြီဖြစ်လေသည်။

အမာရွတ် သို့မဟုတ် ဒဏ်ရာ၏ အစအနအနည်းငယ်ပင် မကျန်တော့ပေ။

အာရန်သည် သူမ၏ ပို၍ ကောင်းမွန်နေသောသွင်ပြင်ကို မြင်သောအခါမှသာ စိတ်သက်သာရာရသွားခဲ့သည်။

၎င်းသည် သူ၏ နှလုံးသားမှ ဝန်ထုတ်ဝန်ပိုး အချို့ကိုလည်း လျှော့ချပေးခဲ့သည်။

သူသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖီးနစ်သည် သူ၏ ရောက်ရှိမှုကို ခံစားမိသွားသည်။

သူမသည် မျက်လုံးများကို ဖွင့်ကာ သူ့အား စိုက်ကြည့်လိုက်သည်။

“ဘယ်လိုနေလဲ ငါ့ရဲ့ကလေးလေး”

အာရန်သည် ဒဏ္ဍာရီလာ သားရဲဆီသို့ ညင်သာစွာ ချဉ်းကပ်လိုက်ကာ သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်ရင်း မေးလိုက်သည်။

“မင်းသက်သာသွားပြီမဟုတ်လား”

ဖီးနစ်သည် ဝမ်းမြောက်စွာ အော်ဟစ်ပြီး သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများကို မြင်တွေ့နိုင်လေသည်။

သူမသည် အာရန် ပြန်လာခြင်းအတွက် အလွန်ပျော်ရွှင်နေသည်မှာ ထင်ရှားလေသည်။

“သူမက ရှင့်ကို အရမ်းလွမ်းနေတာ”

အဂ္ဂိရတ်ခန်းမ မန်နေဂျာမလေးက အခန်းအပြင်ဘက်မှ အာရန်အား အသိပေးလိုက်သည်။

“သူမက ရှင့်ကို ရှာဖွေဖို့ အကြိမ်အနည်းငယ်တောင် ဒီက ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်”

“မင်း အိမ်ပြန်ချင်နေပြီလား”

အာရန်သည် သူ၏ဖီးနစ်ငှက်မလေးမှာ ဤအခန်းမှ လွတ်မြောက်လိုနေကြောင်း သိလိုက်သဖြင့် မေးလိုက်သည်။

ဘယ်ဒဏ္ဍာရီဆန်သော သားရဲကများ အချိန်တိုင်းတွင် အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသည်ကို ကြိုက်နှစ်သက်ကြမည်နည်း။

သူမ၏ ဘေးကင်းလုံခြုံရေးနှင့် ကုသမှုအတွက် မဟုတ်လျှင် သူပင် သူမကို ဤနေရာတွင် ထားခဲ့မည်မဟုတ်ပေ။

ဖီးနစ်သည် သူ၏ စကားများကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းတယ်”

အာရန်သည် သူ၏ ဒဏ္ဍာရီလာ သားရဲအား စနစ်သိုလှောင်ခန်းအတွင်း ခဏတာ သိမ်းဆည်းထားလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် တံခါးပေါက်များသည် သူမအတွက် အလွန်သေးငယ်သောကြောင့် သူမကို အပြင်ခေါ်ထုတ်သွားရန် ပိုမိုလွယ်ကူစေရန် ဖြစ်လေသည်။

“ဘ-ဘယ်လိုလုပ်လိုက်တာလဲ...”

ဆေးဝါးခန်းမမန်နေဂျာမလေးသည် အံ့အားသင့်သွားသည်။

အာရန်သည် ဒဏ္ဍာရီဆန်သော ထိုသားရဲကို မည်သည့်နေရာသို့ပို့လိုက်သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

သူသည် အဆင့်ခုနစ် သားရဲထိန်း သို့မဟုတ် ထို့ထက် မြင့်သော အဆင့်ရှိသူတစ်ဦးများလား။

ထိုသူများသာ ဒဏ္ဍာရီဆန်သော သားရဲကဲ့သို့ဖြစ်တည်မှုများအား သူတို့၏ ကိုယ်တွင်းကမ္ဘာများအတွင်းသို့ ပို့ဆောင်ထားနိုင်ကြလေသည်။

ထိုအရာကိုသာမေ့ထားပါက အခြားဖြစ်နိုင်ချေတစ်ခုမှာ အလွန်ထူးခြားသော ရတနာတစ်ခုကို ပိုင်ဆိုင်ထားခြင်းမျိုးပင်ဖြစ်သည်။

သူမသိသလောက် အရှေ့တိုက်တစ်ခုလုံးတွင် ဂိုဏ်းချုပ်ဖန်းယု တစ်ယောက်တည်းသာ ထိုကဲ့သို့သော အရာမျိုးတစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။ သူမတို့၏ အဂ္ဂိရတ်ခန်းမသခင်ပင် ဤသို့ မလုပ်နိုင်ပေ။

“ရှင်... ရှင်က ဘယ်သူလဲ”

သူမသည် မယုံနိုင်စွာ မေးလိုက်သည်။

ဇီယာသည် ထိုသူအား အဘယ့်ကြောင့် ထိုမျှ အလေးပေးဆက်ဆံနေသည်ကို သူမ နားလည်လိုက်သည်။

သူမသည် ဇီယာအကြောင်း တွေးတောနေစဉ် ကလေးငယ်တစ်ဦးကဲ့သို့ ပုံရိပ်တစ်ခု သည် သူမကို ကျော်ဖြတ်ကာ အခန်းထဲသို့ ဝင်သွားသည်။

ဇီယာသည် သူမ၏ နောက်ရှိ တံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး အသံလုံစေရန် အတားအဆီးတစ်ခုကိုပင် ဖန်တီးလိုက်လေသည်။

အဂ္ဂိရတ်ခန်းမမန်နေဂျာသည် အပြင်တွင်သာ ကျန်ခဲ့ပြီး အခန်းထဲရှိ ပြောစကားများအား ဘာမှပင် မကြားနိုင်တော့ပေ။

“မင်း ဘာလုပ်နေတာလဲ”

ဇီယာ၏ ရုတ်တရက်ထူးဆန်းသော အပြုအမူကြောင့် အာရန်က ရှုပ်ထွေးစွာ မေးသည်။

“ဘာလို့ တံခါးကို ဒီလောက် အသဲအသန်ပိတ်လိုက်ရတာလဲ”

“ပြော... ရှင့်မှာဘာလို့ ပင်လယ်နဂါးရဲ့ သွေးတွေရှိနေရတာလဲ”

ဇီယာသည် နှုတ်ဆက်စကားအချို့ဖြင့်ပင် အချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်သာ မေးလိုက်လေသည်။

“ဘာပင်လယ်နဂါးသွေးလဲ”

အာရန်၏ မျက်နှာသည် အနည်းငယ် မှောင်မိုက်သွားလေသည်။

#Catfoot

All Chapters