ကာကွယ်သူနှစ်ဦး
Vol. 26 Ch. 352
ယောင်ယောင်နှင့်ဇူယွမ်တို့နှစ်ဦး မြူတောနယ်နိမိတ်အစီအရင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေကြလျက်ရှိသော တပည့်များမှာ မည်သို့ဖြစ်လာမည်ကို ငြင်းခုံဆွေးနွေးနေကြပြီး ပတ်ဝန်းကျင်သည် ဝေဖန်ဆူညံသံများဖြင့် ပြည့်နှက်နေလျက်ရှိ၏။
ထိုသို့ ဝေဖန်ငြင်းခုံနေကြစဥ်မှာပင် သူတော်စင်မှော်စာလုံးခန်းမ၏အထက်၌ ချီစွမ်းအင်များ ရုတ်တရက်
စုဝေးလာကာ ကြီးမားသောမှန်ကြီးနှစ်ချပ်အသွင်သို့ ပြောင်းလဲသွားပြီး မှန်ချပ်ပေါ်၌ ပုံရိပ်နှစ်ခု ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်နှစ်ခုမှာ မူလမှော်စာလုံးနယ်နိမိတ် အစီအရင်ထဲသို့ ဝင်သွားကြသော ယောင်ယောင်နှင့် ဇူယွမ်တို့၏ ပုံရိပ်များဖြစ်၏။ မြူတောအစီအရင်ထဲမှ သူတို့နှစ်ဦး၏လှုပ်ရှားမှုအားလုံးကို ဤမှန်ထဲ၌ ပြသလျက်ရှိသည်။
ဝေဖန်ငြင်းခုံနေကြသော အသံများမှာ တိတ်ဆိတ်သွားပြီး တပည့်များအားလုံး ထိုမှန်သို့သာ အာရုံစူးစိုက်၍ စောင့်ကြည့်နေကြလေသည်။
“ဇူယွမ်ကတကယ်ကို သူ့နေရာသူမသိတာပဲ။ ဂူနန်းယှဥ်ပြိုင်ပွဲ ပြီးသွားတာဖြင့် ဘယ်လောက်မှ မကြာသေးဘူး။ အခုလည်း ရုတ်ရုတ်သဲသဲဖြစ်အောင် ထပ်လုပ်နေပြန်ပြီ။”
သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့၌ ရှိနေသော လုရွှမ်းယင်မှ မှန်ချပ်များကိုကြည့်ကာ အေးစက်စက်ဖြင့် စကားဆိုလိုက်သည်။
လုရွှမ်းယင်၏ဘေးတွင်ရှိနေသော ရှုယန်မှာ အစောပိုင်းက ယောင်ယောင့်အား မြင်တွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားကာ လင်းလက်တောက်ပနေခဲ့သော မျက်ဝန်းအစုံသည် တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာပြီး ခပ်ဖွဖွရီမောလိုက်ကာ ပြန်၍ပြောလိုက်၏။ “ဒီတစ်ခါတော့ ညီမလေးသူ့ကို တော်တော်အထင်ကြီးထားတာပဲ။တကယ်က ဇူယွမ့်မှာ သူတော်စင်မှော်စာလုံးတောင်ထွတ်ကို အထင်ကြီးအောင်လုပ်နိုင်မယ့် အရည်အချင်းမှ မရှိတာ။”
“ဇူရှောင်ယိုကသာ ဒီနေ့ပွဲရဲ့ အစစ်အမှန်ကြယ်ပွင့်လေးပဲ။” ထိုနာမည်အား ကြားလိုက်ရသောအခါတွင် လုရွှမ်းယင်မှာ နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ ကန်ရွှမ်းကလန်တွင် ယောင်ယောင်၏ ထင်ရှားကျော်ကြားမှုမှာ သူမထက် အဆပေါင်းများစွာ သာလွန်သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
“သူတို့က တကယ်ရော မူလမှော်စာလုံးအစီအရင်ကို ချိုးဖျက်နိုင်မှာလား။” လုရွှမ်းယင်မှ မေးမြန်းလိုက်၏။
သူမသည် အမှန်တကယ်ပင် ဇူယွမ်နှင့်ယောင်ယောင်တို့ မအောင်မြင်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။အဘယ့်ကြောင့်ဆိုသော် အကယ်၍ သူတို့နှစ်ဦးသာ အောင်မြင်သွားမည်ဆိုပါက ယောင်ယောင်၏ထင်ပေါ်ကျော်ကြားမှုသည် ယခုထက်များစွာပို၍ မြင့်မားသွားတော့မည် ဖြစ်ပေသည်။
ရှုယန်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြန်၍ပြောလိုက်၏။ “လွယ်တော့လွယ်မှာ မဟုတ်ဘူး။ ဇူရှောင်ယိုက မူလမှော်စာလုံးပညာရပ်မှာ အရမ်းကိုအရည်အချင်းရှိတယ်ဆိုပေမယ့် ဒီအစီအရင်က အရမ်းကိုရှုပ်ထွေးလွန်းပြီး ချိုးဖျက်နိုင်ဖို့အတွက် လူနှစ်ယောက်ကတောင် တစ်ချိန်ထဲမှာ တူတူလုပ်ဆောင်ဖို့ လိုအပ်တာဆိုတော့။”
“တကယ်လို့ ဇူရှောင်ယိုကသာ ယဲ့ကယ်နဲ့အတူတကွ လုပ်ဆောင်ခဲ့မယ်ဆိုရင် ချိုးဖျက်နိုင်ဖို့က အရမ်းခက်ခဲမှာ မဟုတ်လောက်ဘူး။ဒါပေမဲ့ သူမက ဇူယွမ်ကိုမှ ရွေးခဲ့တာကိုး။”
“အစီအရင်ရဲ့ သဘောတရားအရ ချီစွမ်းအင်ကို အသုံးပြုပြီး ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး။ မူလမှော်စာလုံးပညာရပ်မှာ တကယ်ကိုထူးချွန်မှပဲ အစီအရင်ကို ချိုးဖျက်ဖို့ ဖြစ်နိုင်မှာ။ ဘာပဲဖြစ်ဖြစ် ဇူယွမ်ကတော့ မူလမှော်စာလုံးပညာရပ်မှာ အဲ့လောက်ထိ အရည်အချင်းမရှိတာ သေချာတယ်။”
“ဇူရှောင်ယိုက ဇူယွမ်ရဲ့အကူအညီမှယူမိတာ တော်တော်မှားတာပဲ။ ဇူယွမ်က သူမအတွက် အနှောင့်အယှက်ပဲ ဖြစ်စေမှာ။”ထိုစကားများကို ပြောပြီးသည့်နောက်တွင် ရှုယန်မှာ အလှနတ်ဘုရားမလေး၏ မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
ထို့နောက် ရှုယန်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဆက်၍စကားဆိုလိုက်သည်။”ပြီးတော့ အကိုသိရသလောက်ဆိုရင် ဒီအစီအရင်က အပိုင်းနှစ်ခုပါပြီးတော့ တစ်ပိုင်းစီမှာ ဗဟိုချက်တစ်ခုစီ ရှိတယ်။ အဲ့ဗဟိုချက်တစ်ခုစီကို ကာကွယ်နေတဲ့ တပည့်နှစ်ယောက်လည်း ရှိတယ်တဲ့။”
“ဗဟိုချက်နှစ်ခုကို ကာကွယ်နေတဲ့ တပည့်တွေက မူလမှော်စာလုံးတောင်ထွတ်က ထင်ရှားကျော်ကြားတဲ့သူတွေပဲ။အကယ်၍ အစီအရင်ကိုချိုးဖျက်ချင်တယ်ဆိုရင် သူတို့နှစ်ယောက်နဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။”
“ယောင်ယောင်ဖက်ကတော့ ပြဿနာမရှိလောက်ပါဘူး။ဒါပေမဲ့ ဇူယွမ်ဖက်ကတော့ အောင်မြင်မယ့်ပုံမပေါ်ဘူး။”ထိုစကားကိုကြားလိုက်ရသောအခါ လုရွှမ်းယင်၏နှုတ်ခမ်းအစုံတွင် အားရကျေနပ်သောအပြုံးများ ပေါ်လာခဲ့၏။
ရှုယန်၏ဝေဖန်သုံးသပ်ချက်များကို ကြားလိုက်ရပြီးနောက် လုရွှမ်းယင်၏မျက်ဝန်းအစုံမှာ လင်းလက်တောက်ပလာကာ ပြုံး၍စကားဆိုလိုက်သည်။
“အခုရှိနေတဲ့ လူအများစုက ယောင်ယောင့်ကြောင့်ပဲ ဒီကိုလာခဲ့ကြတာ။ အကယ်၍ ဇူယွမ်ကြောင့်သာ ယောင်ယောင်ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် လူတွေက ဇူယွမ့်ကိုပဲ အပြစ်တင်ပြီး မကျေမနပ်ဖြစ်ကြတော့မှာပဲ။အဲ့လိုဆို အခြေအနေတွေက အရမ်းစိတ်ဝင်စားစရာ ကောင်းလာတော့မယ်။”
ရှုယန်မှပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။ “ဒါက ခဏခဏလူစိတ်ဝင်စားအောင် လုပ်ချင်တဲ့အတွက် သူပေးဆပ်ရမယ့် အဖိုးအခပဲ။”
***
“ဟွမ်ဂျီ...နင့်ကိုလေ့ကျင့်သင်ကြားပေးတဲ့ ဇူယွမ်ဆိုတာသူလား။ကြည့်ရတာလည်း ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။”
သူတော်စင်ခန်းမ၏ရှေ့ ထောင့်တစ်နေရာတွင် လှပသော မိန်းမပျိုလေးများစွာ စုဝေးနေကြလျက် ရှိသည်။ ထိုမိန်းမပျိုလေးများအားလုံးထဲတွင် အပေါ်လွင်အလှပဆုံးသူမှာ အနီရောင်ဝတ်စုံကို ဆင်မြန်းထားသော အရပ်ရှည်ရှည်နှင့် မိန်းမငယ်လေးဖြစ်၏။သူမ၏သွယ်လျသော ခြေတံရှည်လေးများက အမျိုးသားတိုင်း၏အိမ်မက်များအား ဖမ်းစားပစ်နိုင်ပြီး သေးသွယ်သောခါးလေးတွင် ကြာပွတ်နီလေးတစ်ခု ချိတ်ဆွဲထားခြင်းက အရိုင်းဆန်ပြီးဆွဲဆောင်မှုရှိသော မြင်ကွင်းအား ပေးစွမ်းလေသည်။
ထိုလှပလွန်းလှသောမိန်းမပျိုလေးမှာ ကန်ရွှမ်းတောင်ထွတ်အား ရွေးချယ်ခဲ့သော ဂူဟွမ်ချီပင် ဖြစ်၏။ဂူဟွမ်ချီ၏ဘေးတွင် ရှည်လျားသောဆံနွယ်များနှင့် ကျက်သရေရှိကာ ချောမောလှပသော မိန်းမပျိုလေးတစ်ဦးရှိနေပြီး ခုနကဂူဟွမ်ချီအား မေးမြန်းသူမှာလည်း ထိုမိန်းမငယ်လေးပင် ဖြစ်သည်။
ထိုစကားအား အခြားသောမိန်းမပျိုများမှ ကြားလိုက်ရသောအခါတွင်လည်း ထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်ပြကြ၏။ “ဒါပေမဲ့ သူ့ကြည့်ရတာ ပြဿနာရှာရတာတော့ တော်တော်ကြိုက်ပုံပဲ။အတွင်းတောင်ကို ရောက်လာတာဖြင့် နှစ်လတောင်မပြည့်သေးပဲနဲ့ သူ့နာမည်ချည်းပဲ ကြားနေရတယ်။”
ဂူဟွမ်ချီ၏နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားပြီးနောက် စကားဆိုလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် သူကကိစ္စတိုင်းကို အောင်မြင်ခဲ့တာချည်းပဲလေ။ ပြီးတော့ လာမယ့်နှစ်လအတွင်းကျင်းပမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကိုတောင် သူကဝင်ပြိုင်တော့မှာ။အနည်းဆုံးတော့ဇူယွမ်က သူနဲ့အဆင့်တူနေတဲ့သူတွေထက် အများကြီးသာတာပဲ..ဟုတ်တယ်မလား။”
ဆံနွယ်ရှည်ရှည်နှင့်လှပသောမိန်းမပျိုလေးမှာ ပြုံးရုံမျှသာပြုံးလိုက်ပြီး ပြန်၍ပြောလိုက်သည်။ “ဒါကတော့ သူကခရမ်းရောင်ခါးစည် ရွေးချယ်တဲ့ပြိုင်ပွဲရဲ့ နောက်ဆုံးဆယ်ယောက်ထဲမှာ ပါနိုင်မလား..ဒါမှမဟုတ် အတွေ့အကြုံရဖို့သက်သက်ပဲ ဝင်ပြိုင်တာလားဆိုတာ စောင့်ကြည့်ရမှာပေါ့။”
“ပြီးတော့...” သူမ၏လှပသောမျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ ဖြည်းညင်းစွာ ဆက်၍ပြောလိုက်၏။ “ငါကြားခဲ့တာတော့ လုရွှမ်းယင်က ဓားကပ်ဘေးတောင်ထွတ်က တခြားစီနီယာအကိုတော်တချို့ကို လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ဇူယွမ်ကိုခက်ခဲအောင်လုပ်ဖို့ တောင်းဆိုခဲ့တယ်တဲ့။”
ဂူဟွမ်ချီမှာ ခေတ္တမျှတွေဝေနေပြီးနောက် ထိုဆံနွယ်ရှည်လေးများနှင့်မိန်းမပျိုအား ပြုံးပြကာ စကားဆိုလိုက်သည်။ “စီနီယာအမတော်စူးဝမ်...အမတော်က ကျွန်မတို့ ကန်ရွှမ်းကလန်ထဲမှာ အထူးချွန်ဆုံး ရွှေခါးစည်းတပည့်ပဲ။ပြီးတော့ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ အလားအလာအရှိဆုံးသူပဲ။အဲ့ဒါကြောင့် ပြိုင်ပွဲမှာ ဇူယွမ်ခက်ခဲနေတာကို တွေ့ခဲ့ရင် ကူညီပေးပါနော် အမတော်။”
ထိုဆံနွယ်ရှည်လေးများဖြင့် ကျက်သရေရှိစွာ လှပနေသော မိန်းမပျိုလေးမှာ စူးဝမ်ဟုခေါ်တွင်ပြီး ကန်ရွှမ်းတောင်ထွက်မှ အထူးချွန်ဆုံးပထမတန်း ရွှေခါးစည်းတပည့်တစ်ဦးဖြစ်ကာ လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ချန်ပီယံဖြစ်နိုင်သော အလားအလာအရှိဆုံးသူများထဲမှ တစ်ဦးဖြစ်သည်။
စူးဝမ်မှာ လျှို့ဝှက်သောအပြုံးများဖြင့် ပြုံးလိုက်ရင်း ပြန်၍ပြောလိုက်၏။ “ညီမတော်က ဘက်မလိုက်လွန်းဘူးလား။ အမတော်တို့ ကန်ရွှမ်းတောင်ထွတ်ကနေ ဝင်ပြိုင်မယ့်သူတွေလည်း အများကြီးရှိသေးတယ်။ သူတို့ကို ကူညီပေးဖို့ကြ ဘာလို့မတောင်းဆိုတာလဲ။”
ဂူဟွမ်ချီမှာ ခေတ္တမျှတွေဝေသွားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။”သူတို့တွေကိစ္စက ကျွန်မနဲ့မှ မသက်ဆိုင်တာ။”
ဂူဟွမ်ချီ၏တဲ့တိုးဆန်လှသော ပြောစကားကြောင့် စူးဝမ်မှာ ရီရမည်လား၊ စိတ်ဆိုးရမည်လားပင် မသိတော့ပေ။ ထို့ကြောင့် စူးဝမ်မှာ သူမ၏လှပသေးသွယ်သောခါးလေးအား လက်ဖြင့်ထောက်လိုက်ပြီး ရန်တွေ့လိုက်၏။ “မသိတတ်တဲ့ကောင်မလေး...နင်ကန်ရွှမ်းတောင်ထွတ်ကို ရောက်လာပြီးထဲက နင့်ကြောင့်နဲ့ ယောက်ျားလေးတပည့်တွေ ဘယ်လောက်ရူးသွပ်ခဲ့ရလဲရော သိရဲ့လား။”
ဂူဟွမ်ချီသည် လွန်စွာချောမောလှပကာ တောင့်တင်းသောနောက်ခံမိသားစုရှိသူ ဖြစ်သည်။ ထို့ကြောင့် သူမမှာ ကန်ရွှမ်းတောင်ထွတ်၌ အလွန်ပင် ထင်ရှားကျော်ကြား၏။ ဂူဟွမ်ချီကြောင့် ကန်ရွှမ်းတောင်ထွတ်ရှိ ယောက်ျားလေးတပည့်များ ယှဥ်ပြိုင်တိုက်ခုိက်မှုများစွာ ဖြစ်ပေါ်လာသဖြင့် တောင်ထွတ်အကြီးအကဲများပင် ခေါင်းကိုက်နေကြရသည်အထိဖြစ်သည်။
“အဓိပ္ပါယ်မရှိတာ။” ဂူဟွမ်ချီမှ တွေဝေစွာဖြင့် ပြောလိုက်၏။
စူးဝမ်မှ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအားခါယမ်းလိုက်လေသည်။ ထို့နောက် မူလမှော်စာလုံးနယ်နိမိတ်အစီအရင်အား ကြည့်လိုက်ပြီး စကားဆိုလိုက်သည်။
“မလာသေးတဲ့ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲအကြောင်း မပြောပါနဲ့ဦး။အခုလက်ရှိဖြစ်နေတဲ့ ဒီပြဿနာတောင် ချိုးဖျက်နိုင်မလားဆိုတာ မသေချာသေးပဲနဲ့။”
“ဒီလိုမျိုး မူလမှော်စာလုံးအစီအရင်ရဲ့အဆင့်က ရွှေခါးစည်းတပည့်အဆင့်လောက်နဲ့ ဖြေရှင်းဖို့မဖြစ်နိုင်ဘူး။ ဇူယွမ်က သူ့ကိုယ်သူတင်မဟုတ်ပဲနဲ့ ဇူရှောင်ယိုကိုပါ ဒုက္ခဖြစ်စေလိမ့််မယ်။”
စူးဝမ်၏စကားသံအရ သူမသည် ဇူယွမ့်အား အလွန်ပင် မောက်မာလွန်း၊မာနကြီးလွန်းသောသူဟု ခံစားနေရသည်မှာ သိသာပေသည်။ စူးဝမ်၏မျက်စိထဲတွင်တော့ ဇူယွမ်မှာ ကိုယ်တိုင်ကြိုးစားအားထုတ်မှု မရှိပဲနှင့် အလွန်ပင်ထင်ရှားကျော်ကြားချင်သော လူတစ်ယောက်မျှသာ ဖြစ်၏။
ဂူဟွမ်ချီ၏မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေလျက်ရှိသည်။ သူမသည်လည်း ဇူယွမ်တို့နှစ်ဦး ဖြေရှင်းနေရသော မူလမှော်စာလုံးနယ်နိမိတ်အစီအရင်က လုံးဝလွယ်ကူရိုးရှင်းသော အရာမဟုတ်ကြောင်း သိရှိပေသည်။
သို့သော်လည်း ဂူဟွမ်ချီမှာ ဇူယွမ်အပေါ်တွင် ယုံကြည်မှုရှိသောကြောင့် စကားဆိုလိုက်သည်။ “ဇူယွမ်က မဆင်မခြင်လုပ်တက်တဲ့သူမျိုး မဟုတ်ဘူး။ သူက မူလမှော်စာလုံးနယ်နိမိတ်အစီအရင်ကို ဝင်ရောက်ချိုးဖျက်ဖို့ ဆုံးဖြတ်ချက်ချခဲ့မှတော့ သူ့ကိုယ်သူယုံကြည်မှုရှိလို့ပဲနေမှာ။”
စူးဝမ်မှ ခေါင်းကိုခါယမ်းလိုက်ပြီး ဖြည်းညင်းစွာ ပြန်၍ပြောလိုက်၏။ “ငါသိရသလောက်ဆိုရင် အစီအရင်ရဲ့ ဗဟိုချက်နှစ်ခုကို ကာကွယ်နေတဲ့သူနှစ်ယောက်ရှိပြီးတော့ အဲ့ထဲကတစ်ယောက်က မူလမှော်စာလုံးတောင်ထွတ်က တပည့်ခေါင်းဆောင် စီနီယာအကိုတော် ကျင်ကျန်းပဲ။”
“စီနီယာအကိုတော် ကျင်ကျန်းလား...” ဂူချီဟွမ်၏မျက်နှာတွင် အံ့သြတုန်လှုပ်မှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ မူလမှော်စာလုံးတောင်ထွတ်တွင် ကျင်ကျန်း၏ထင်ကြားကျော်ကြားမှုမှာ ယဲ့ကယ်၏နောက်တွင် ရှိသည်။
“ဒါပေမဲ့ အကိုတော်ကျင်ကျန်းက ယောင်ယောင်နဲ့ရင်ဆိုင်ဖို့ ရှိနေတာပဲ ဖြစ်မှာပါ။ဇူယွမ်လိုလူမျိုးကတော့ သူ့အချိန်တွေအကုန်ခံဖို့မှ မတန်တဲ့ဟာ။” စူးဝမ်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဆက်၍ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ဇူယွမ်ရင်ဆိုင်ရမယ့်သူကလည်း လွယ်ကူမှာတော့ မဟုတ်လောက်ဘူး။”
“ဘယ်သူလဲ။” ဂူဟွမ်ချီမှ လျင်မြန်စွာ မေးမြန်းလိုက်သည်။
စူးဝမ်သည် လေထဲ၌လွင့်မျောနေလျက်ရှိသော မှန်ချပ်ကြီးများကိုကြည့်လိုက်ရင်း ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ “မူလမှော်စာလုံးတောင်ထွတ်က ပါရမီရှင် ဂျူနီယာညီမတော် ရှားယွီပဲ။”
“ရှားယွီက မူလမှော်စာလုံးတောင်ထွတ်က ထိပ်တန်းရွှေခါးစည်းတပည့်ဖြစ်ပြီးတော့ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာလည်း မူလမှော်စာလုံးတောင်ထွတ်ရဲ့ အဓိကပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ဝင်ပြိုင်မယ့်သူပဲ။ သူမနဲ့ရင်ဆိုင်ဖို့ဆို ဇူယွမ်အတွက် လွယ်ကူမှာမဟုတ်ဘူး။”
ဂူဟွမ်ချီမှာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ မျက်ဝန်းများတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ယောင်ယောင်နှင့်အတူတကွ မူလမှော်စာလုံးနယ်နိမိတ်အစီအရင်အား ချိုးဖျက်နိုင်ရန်အတွက် ဇူယွမ်မှာ စီနီယာအမတော် ရှားယွီနှင့် ရင်ဆိုင်ရမည်တဲ့လား။
ဂူဟွမ်ချီသည် ဇူယွမ့်အပေါ်တွင် ယုံကြည်ချက်ရှိပါသော်လည်း ရှားယွီကဲ့သို့သောသူမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် စိတ်ပူမိလေသည်။အဘယ့်ကြောင့်ဆိုသော် ရှားယွီမှာ အလွန်ပင်ရင်ဆိုင်ရန်ခက်ခဲသော ပါရမီရှင်တစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။