← Chapters

အောင်ပွဲခံအခမ်းအနား

Vol. 11 Ch. 201

အောင်ပွဲခံအခမ်းအနား

Vol. 11 Ch. 201

ကျန်းပိုင်လုံ၏ သတိပေးစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးမှာ ရုတ်တရက် တုန်လှုပ်သွားမိကြသည်။ ထိုဂိုဏ်းမှ ခုနစ်စင်ကြယ်အဘိုးကြီးက သူတို့နှစ်ဦးအား ဒုက္ခပေးရန် ကြံစည်ခဲ့သည်ကို ရိပ်မိခြင်းကြောင့်လားဟု တွေးမိကြသည်။ သို့သော် သူတို့နှစ်ဦးမှာ စဉ်းစားရန် အချိန်မရလိုက်ကြပါ။ ကျန်းပိုင်လုံက လက်ကိုဝှေ့ယမ်း၍ သူတို့နှစ်ဦးအား ထွက်ခွာနိုင်ပြီဖြစ် ကြောင်း အချက်ပြလိုက်၍ ကျန်းချန်ရွှမ်တို့လည်း ဂါရဝပြုပြီးနောက် ဂူပြင်သို့ ထွက်လာခဲ့ကြရသည်။ အပြင်တွင် ယွင်တုန်းရှန်က အသင့်စောင့်နေသည်ကို တွေ့ရသည်။ ယွင်တုန်းရှန်က ဆရာဖြစ်သူ သူတို့နှစ်ဦးအား ခေါ်ယူတွေ့ဆုံရသည့် အကြောင်းရင်းကို မေးမြန်းခြင်းမပြုဘဲ သူနေထိုင်ရာ လှိုဏ်ဂူသို့ ခေါ်ယူဧည့်ခံသည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း ယွင်တုန်းရှန်နှင့်အတူ အလ္လာပသလ္လာပများ ပြောဆိုအချိန်ဖြုန်းပြီးနောက် အတန်ကြာလျှင် ယွင်တုန်းရှန်ကို နှုတ်ဆက်ပြီး ကန်းယန်ဂိုဏ်းမှ ထွက်ခွာလာကြတော့သည်။ ရှန်းမိသားစုထံ ပြန်ရောက်သောအခါ ခရီးရောက်မဆိုက်ပင် ကျန်းပိုင်လုံ၏ ဆင့်ခေါ်ရခြင်းအကြောင်းကို ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ကို အသိပေးလိုက်သည်။ ရှန်းယွမ်လုံတို့လည်း ရှန်းရူယန်တို့ ဖောက်သည်ချသမျှကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ ထို့ နောက် ရှန်းယွမ်လုံက တွေးတွေးဆဆနှင့်ပြောသည်။

“ကျန်းပိုင်လုံက မင်းတို့နှစ်ယောက်ကို ခိုင်းလိုက်တဲ့ကိစ္စက ဘေးဥပဒ်မရှိသလို အကျိုးလည်းများ မဲ့ကိစ္စပဲ။ အဲဒီစာကို ပေးပြီးရင် မင်းတို့နှစ်ယောက်နဲ့ ကုယွဲ့ဖန်းတို့ အနည်းနဲ့အများ ရင်းနှီးကျွမ်း ဝင်သွားကြမှာ အမှန်ပဲ။ ဒါဆိုရင် လျန်နိုင်ငံမှာ မင်းတို့အတွက် အားကိုးအားထားပြုစရာ မဟာမိတ်တစ်ဦးရှိလာမှာပေါ့”

ထို့နောက် ရှန်းတောက်မင်က အနည်းငယ်စဉ်းစားလိုက်ပြီး

“ရှန်းကွမ်းမန်းကိစ္စကိုတော့ စဉ်းစားလို့မရဘူး။ သူတို့ဂိုဏ်းမှာ တစ်ခုခုဖြစ်နေလို့လားတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ်ပါ သူပြောသလိုလိုက်နာပြီး လမင်းကြည့်ဂိုဏ်းကိုသွားတဲ့အခါ ရှန်းကွမ်းမန်နယ်မြေကို ပတ်ပြီးသွားလိုက်ကြရအောင်”

ရှန်းတောက်မင်တို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ရှန်းကွမ်းမန်ဂိုဏ်းမှ ခုနစ်စင်ကြယ်အဘိုးကြီးက လုပ်ကြံရန် ကြိုးစားသည့်အကြောင်းကို မသိရှိသေးချေ။ ကျန်းချန်ရွှမ်တို့က သူတို့အား ထိုကိစ္စကို အသိမပေးရသည့် အကြောင်းရင်းရှိပါသည်။ ပထမတစ်ချက်မှာ ရှန်းတောက်မင်တို့သိသည့်တိုင် သူတို့အနေနှင့် တစ်စုံတစ်ရာ တတ်နိုင်သည့်ကိစ္စမျိုး မဟုတ်ဘဲ စိုးရိမ်ပူပန်သည်သာ အဖတ်တင်ပါလိမ့်မည်။ ဒုတိယတစ်ချက်မှာ ထိုအဘိုးကြီးသည် မကောင်းသည့်နေရာတွင် အထူးပင်ဉာဏ်ရင့်သန်ခြင်းကြောင့် သူတို့ဇနီးမောင်နှံအပြင် ရှန်းမိသားစုကိုပါ ပစ်မှတ်ထားလာနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့သည် လမင်းကြည့်ဂိုဏ်းသို့ လေးဦးသား အတူတကွ ထွက်ခွာလာခဲ့ကြသည်။ လမင်းကြည့်ဂိုဏ်း၏ ဌာနချုပ်ကို အချိန်များစွာ မကြာလိုက်ဘဲ ရောက်ရှိသွားကြသည်။ ထိုအချိန်တွင် တစ်ဂိုဏ်းလုံးသည် ပွဲလမ်းသဘင် ကျင်းပသည့်နှယ် ရွှင်မြူးတက်ကြွနေကြပြီး ဂိုဏ်းတပည့်များ၏ မျက်နှာ များသည်လည်း သကာရည်လူးထားသလို ရွှင်ချိုလျက်ရှိသည်။ ကျန်းချန်ရွှမ်တို့ ရောက်ရှိပြီးခဏတွင် သူတို့လေးဦးထံ လူနှစ်ဦးအပြေးရောက်လာကြသည်။

“အစ်ကိုကျန်းနဲ့ အစ်မရှန်း”

ထိုနှစ်ဦးမှာ ဟွမ်လင်းအယ်နှင့် တျန့်ချင်းတို့ဖြစ်သည်။ ဟွမ်လင်းအယ်သည် ကျန်းချန်ရွှမ်တို့အား ခင်မင်ရင်းနှီးစွာ ဆီးကြိုလိုက်၍ ထိုခဏတွင် ပြန်လည်တွေ့ဆုံပွဲ အသေးစားလေးတစ်ခု ဖြစ်သွား သည်။ ထို့နောက် ဟွမ်လင်းအယ်မှ ဦးဆောင်ပြီး ကျန်းချန်ရွှမ်နှင့် ကျန်သုံးဦးအား ခန်းမဆောင် အတွင်းသို့ ခေါ်ဆောင်သွားချိန်တွင် ခန်းမအတွင်းတွင် အပြာရောင်ဝတ်ရုံဝတ် မိန်းမချောတစ်ဦးကိုတွေ့လိုက်ရသည်။ ဟွမ်လင်းအယ်နှင့် တျန့်ချင်းတို့သည် ထိုအမျိုးသမီးကိုမြင်လျှင် အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။

“နှုတ်ဆက်ပါတယ် စီနီယာလန်ကျူ”

ကျန်းချန်ရွှမ်တို့၏ အကြည့်မှာ စီနီယာလန်ကျူဆိုသူ အမျိုးသမီးအပေါ်ကို ကျရောက်သွားပြီး ကိုယ်စီမျက်မှောင်များ ကြုတ်လိုက်ကြမိသည်။ ထိုအမျိုးသမီးထံမှ ကျီဖုအအဆင့်ထက် သာလွန်သည့် အော်ရာလှိုင်းတစ်ခုကို သူတို့အားလုံး ခံစားမိလိုက်ကြသည်။ အဆိုပါ လန်ကျူဆိုသူမှာ ရွှေ အမြုတေအဆင့်ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။ ထိုမိန်းမက ပြုံးလျက် ခေါင်းညိတ်လိုက်ရင်း

“လင်းအယ်လေးပါလား။ သမီးအဖေနဲ့ပြောစရာရှိလို့ လာတွေ့တာပါ၊ သူအခု ဂူထဲကထွက်လာပြီမလား”

ဟွမ်လင်းအယ်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်၊ အဖေက စီနီယာလန်ကျုရောက်လာတာနဲ့ သူ့ဆီကို အမြန်လွှတ်လိုက်ဖို့ မှာထားပါတယ်”

ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် သွားနှင့်မယ်၊ ဒါနဲ့စကားမစပ်၊ လင်းအယ်အနေနဲ့ ယဉ်ကျေးပြစရာ မလိုပါဘူး၊ နောက်ဆို စီနီယာလို့ မခေါ်ဘဲ အန်တီမန်လို့ပဲခေါ်နော်”

ထို့နောက်တွင် မန်လန်ကျူသည် သူတို့လေးဦးအား လှည့်၍မျှပင် မကြည့်ဘဲ ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။ ထိုအခါ ဟွမ်းလင်းအယ်က ကျန်းချန်ရွှမ်တို့ကို ရှင်းပြသည်။

“အစ်ကိုကျန်းနဲ့ အစ်မချန်း စီနီယာလန်ကျူက ပိုင်ယွင်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲပါ။ ကျွန်မအဖေနဲ့ ပြောစရာရှိလို့ ဒီကိုရောက်နေတာပါ”

“ဟုတ်လား”

ကျန်းချန်ရွှမ်တို့က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအမျိုးသမီးအကြောင်းကို သူတို့လေးဦးလုံး ကြားဖူးကြသည်။ မန်လန်ကျူသည် ကောင်းကင်ဘုံအမြစ်နှင့် မွေးဖွားလာခဲ့သူ ပါရမီရှင်တစ်ဦးဖြစ်ပြီး ပိုင်ယွင်ဂိုဏ်းက သူ့ကို ငယ်စဉ်ကတည်းက ပိုးမွေးသလို ဂရုတစိုက်မွေးမြူ လာခဲ့ခြင်းဖြစ်သည်။ အသက် ၃၀၀ တွင် ရွှေအမြုတေအဆင့်ကို ရောက်ရှိခဲ့ပြီး လက်ရှိပိုင်ယွင်ဂိုဏ်း၏ အဓိပတိအကြီးအကဲနှစ်ဦးအနက် တစ်ဦးလည်းဖြစ်၍ သူမ၏ အရှိန်အဝါမှာ မသေးလှ ဟုဆိုရမည်။ ထိုအမျိုးသမီးသည် ဟွမ်းဝမ်းယုနှင့် တွေ့ဆုံပြီး မည်သည့်ကိစ္စကို ဆွေးနွေးမည်ဆို သည့်အချက်ကိုတော့ မသိရှိရပေ။

ထို့နောက်တွင် ဟွမ်းလင်းအယ်က သူတို့လေးဦးအား အခမ်းအနားကျင်းပမည့် တောင်ထွတ်ရှိရာ သို့ လမ်းပြခေါ်ဆောင်သွားတော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် အောင်ပွဲခံအခမ်းအနားကြီး တရားဝင်စတင်ပါတော့သည်။ အခမ်းအနားတက်ရောက်မည့် ဧည့်သည်များသည် တရား ဝင်မကျင်းပမီ ရက်အနည်းငယ် အလိုကတည်းက တဖွဲဖွဲရောက်ရှိလာကြသည်။ အခမ်းအနား၏ စည်ကားသိုက်မြိုက်မှုမှာ ကျန်းချန်ရွှမ်တို့ ကျင်းပခဲ့သည့် ကျီဖုအဆင့် အခမ်းအနားထက် များစွာ သာလွန်နေသည်။ အခမ်းအနားကို ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦး တက်ရောက်လာသည့် အချက်ကပင် သည်အခမ်းအနား၏ အရေးပါမှုကို မီးမောင်းထိုးပြနေသကဲ့သို့ ရှိသည်။ ထိုသုံးဦးအနက် မန်လန်ကျူကိုတော့ ကျန်းချန်ရွှမ်တို့အားလုံး မြင်တွေ့ဖူးပြီးဖြစ်သည်။

ကျန်နှစ်ဦးအနက် တစ်ဦးမှာ အဝါရောင်ဝတ်ရုံကို ဆင်ယင်ထားပြီး ခါးတွင် အနီရောင်အရက်အိုး တစ်လုံး ချိတ်ဆွဲထားသည့် လူတစ်ဦးဖြစ်သည်။ ထိုသူ၏အမည်မှာ ကြူချွမ်ဖြစ်ပြီး ယွင်နိုင်ငံမှ နာမည်ကျော် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ာ ကျန်လူတစ်ဦးမှာ အနက်ရောင်ဝတ်စုံ ကို ဆင်မြန်းထားပြီး မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများ ရှိသည့် သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ ထိုသူမှာ သွမ်ရိတေင် ဆိုသူဖြစ်ကာ လန်နိုင်ငံတွင် အခြေစိုက်သည့် စစ်မှန်သိုင်းပညာဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ဦးဖြစ်သည်။ ထိုနှစ်ဦးသည်လည်း မန်လန်ကျုကဲ့သို့ပင် ဟွမ်းဝမ်ယု၏ သိဟောင်းကျွမ်းဟောင်းများဖြစ်သည်။ အဆိုပါသုံးဦးသည် သူတို့အချင်းချင်း စကားဖောင်ဖွဲ့ရင်း ရယ်မောကျီစယ်နေကြသဖြင့် ဧည့်ခံပွဲလာပရိသတ်များ၏ အာရုံမှာ သူတို့သုံးဦးထံ ကျရောက်လာကြတော့သည်။ ပရိသတ်များအနေနှင့် ထိုသုံးဦးကို လေးစားအားကျသလို တစ်ချိန်တည်းတွင်လည်း မနာလိုဝန်တိုမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ကျန်းချန်ရွှမ်တို့အတွက်တော့ ထိုသို့မဟုတ်၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ခင်မင်ရင်းနှီးဖူး၊ ပြောဆိုဆက်ဆံဖူးသည့်အတွက် အဆန်းတကြယ်ဖြစ်မနေဘဲ ဟွမ်းဝမ်ယုနှင့် ထိုသုံးဦးတို့ ပြောဆိုနေကြသည့် အကြောင်းကိစ္စများကို စိတ်ဝင်စားခြင်းမရှိလှပါ။ မကြာခင် အခမ်းအနားပြီး ဆုံး၍ ကျန်းချန်ရွှမ်တို့ ပြန်လည်ထွက်ခွာမည်အပြုတွင် ဟွမ်းလင်းအယ် ရောက်ရှိလာပြီး သူမ၏ အဖေဖြစ်သူ ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ဦးနှင့် သီးသန့်တွေ့ဆုံလိုကြောင်း ပြောလာ၍ နှစ်ဦးသား အနည်းငယ်အံ့အားသင့်မိသွားသည်။ ထို့နောက်တွင် ရှန်းယွမ်လုံနှင့် ရှန်း တောက်မင်တို့အား အကျိုးအကြောင်းပြောပြ၍ ဟွမ်းဝမ်ယုရှိရာ တောင်ထွတ်သို့ ထွက်လာခဲ့ကြ တော့သည်။

***

All Chapters