← Chapters

အကျိုးအမြတ်

Vol. 11 Ch. 205

အကျိုးအမြတ်

Vol. 11 Ch. 205

ရေဓာတ်နတ်ဆိုးဝိညာဉ်များသည် သူတို့ကျွမ်းကျင်သော ရေဓာတ်လွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးသွားခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့လည်း လက်မနှေးဘဲ အလင်းတန်းအ သွင်ပြောင်းပြီး နောက်မှ ထက်ကြပ်မကွာလိုက်သည်။ သို့သော် နတ်ဆိုးဝိညာဉ်နှစ်ကောင်၏ အရှိန်မှာ မြန်ဆန်လှ၍ အကွာအဝေးတစ်ခုထိ လှမ်းသွားသည်။ ထိုအချိန်တွင် ဝိညာဉ်သွေးကြော အပြင်တွင် မြေဓာတ်လှောင်ပိတ် ဝိညာဉ်ထောင်ချောက်ကို ထိန်းချုပ်နေသူ ကျန်းရန်တောက်နှင့် ကျန်းမိသားစုဝင်များသည် သူတို့ရှိရာသို့ အပြာရောင်အလင်းတန်းနှစ်ခု ပြေးဝင်လာသည်ကို မြင် လိုက်ရသည်။ ကျန်းရန်တောက်က အော်ဟစ်သတိပေးလိုက်သည်။

“အားလုံး သတိထား”

ထို့နောက် ကျန်းရန်တောက်သည် ရှိသမျှစွမ်းအင် အကုန်သုံးပြီး မြေဓာတ်လှောင်ပိတ် ထောင် ချောက်ကို အသက်သွင်းလိုက်တော့သည်။ ကျွီခနဲမြည်သံနှင့်အတူ နတ်ဆိုးဝိညာဉ်နှစ်ကောင် ဝင် ရောက်လာသည့် လမ်းကြောင်းပတ်ပတ်လည်တွင် ဝါညိုရောင်မြေထုများ မြင့်တက်လာပြီး နတ် ဆိုးနှစ်ကောင်ကို လှောင်ပိတ်ထားလိုက်တော့သည်။ နတ်ဆိုးဝိညာဉ်နှစ်ကောင်သည် သူတို့ပြေးလမ်းတွင် တံတိုင်းကြီးတစ်ခု ကာဆီးနေသည်ကိုမြင်လျှင် ဒေါသတကြီးမာန်ဖီလိုက်ပြီး အရှိန်ဖြင့် ပြေးဝင်ဖျက်ဆီးရန် ကြိုးစားသည်။

ဒုန်း ဒုန်း ဒုန်း….

နတ်ဆိုးဝိညာဉ်နှစ်ကောင် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း မြေသားထုတံတိုင်း၏ မျက်နှာပြင် တွင် အလင်းပွင့်များ ပေါ်ချည်ပျောက်ချည် ဖြစ်နေသည်။ ထောင်ချောက်အစီအရင်ကို ပဲ့ကိုင်နေ သော ကျန်းရန်တောက်တို့ ညီအစ်ကိုသုံးဦးနှင့် လျူလင်းလုံတို့သည်လည်း နတ်ဆိုးဝိညာဉ်နှစ်ကောင်၏ ထိုးဖောက်တိုက်ခိုက်မှုဒဏ်ကြောင့် ဖိအားတစ်ရပ်ကို ခံစားနေကြရသည်။ ဒဏ်ရာရ နေသော အဆင့် ၃ အနိမ့်စား နတ်ဆိုးဝိညာဉ်နှစ်ကောင်၏ တိုက်ခိုက်မှုပြင်းအားမှာ သည်မျှထိ ပြင်းထန်နေလိမ့်မည်ဟု သူတို့မတွေးမိခဲ့ကြပါ။ ထောင်ချောက်တံတိုင်းကို အဓိကပဲ့ကိုင်နေသူမှာ ကျီဖုအဆင့် ကျန်းရန်တောက်သာ မဟုတ်ခဲ့လျှင် မြေတံတိုင်းကြီးမှာ နတ်ဆိုးနှစ်ကောင်၏ လက်ချက်ဖြင့် တစ်စစီကြေမွနေလောက်ပြီဖြစ်သည်။

နတ်ဆိုးဝိညာဉ်နှစ်ကောင်သည် ရှိသမျှအားအင်ကို အကုန်အစင်ထုတ်၍ မြေတံတိုင်းကို ဖောက်ထွင်းရန်ကြိုးစားပါသော်လည်း အရာမယွင်းသည့်အခါ ၎င်းတို့၏ မျက်လုံးများတွင် ဒေါသမီးလျှံမ များ ဖြစ်တည်လာတော့သည်။ ထို့နောက် နှစ်ကောင်လုံးသည် ပါးစပ်များကိုဟလျက် အလုံးပုံစံ အရာတစ်ခုကို ကိုယ်စီပစ်လွှတ်လိုက်ကြသည်။ ထိုအလုံးများမှာ နတ်ဆိုးအမြုတေများဖြစ်ပြီး ပစ်လွှတ်စဉ် လမ်းကြောင်းတစ်လျှောက်တွင် အဆက်မပြတ်လည်ပတ်နေပြီး ပင်လယ်ပြာရောင် အော်ရာများ ထုတ်လွှတ်လျက်ရှိသည်။ အဆိုပါအမြုတေနှစ်လုံးသည် အရှိန်အဟုန်ဖြင့် ထောင် ချောက်အစီအရင်ကို ပြေးတိုက်လိုက်သည်။ ထိုအခါ ကျန်းရန်တောက်လည်း မျက်လုံးပြူးသွား ပြီး အဆင့် ၃ ဓမ္မရတနာ အရိပ်ဓားချက်ကို ဆင့်ခေါ်လိုက်ပြီး အမြုတေတစ်လုံးကို ရိုက်ထုတ် လိုက်သည်။ ကျန်အမြုတေတစ်လုံးကို သူ့အနေနှင့် အချိန်မီတားဆီးနိုင်မည် မဟုတ်မှန်း ရိပ်မိ လိုက်ပြီးနောက် ကျန်းရန်ယီတို့လူစုကို အော်ဟစ်သတိပေးလိုက်သည်။

“အစ်ကိုရန်ယီနဲ့ ရန်ချွမ်း၊ စီနီယာဦးလေး ပေးထားတဲ့ ရွှေရောင်သံချပ်ကာ အဆောင်တွေကို အ မြန်ဖောက်ခွဲလိုက်တော့”

ကျန်းရန်တောက်၏ သတိပေးသံကြားမှ ကျန်းရန်ယီတို့လည်း အသိဝင်လာပြီး အဆင့် ၂ အမြင့်ဆုံးအဆင့် ရွှေရောင်သံချပ်ကာအဆောင်များကို အသက်သွင်းပြီး ဖောက်ခွဲလိုက်ကြတော့သည်။ အဆောင်မှ ဖန်တီးလိုက်သည့် သံချပ်ဝတ်စစ်သည်များသည် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွား ပြီး နတ်ဆိုးအမြုတေကို လွင့်ထွက်သွားစေသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရောက်ရှိလာပြီး နတ်ဆိုးဝိညာဉ်နှစ်ကောင်ကို အလွယ်တကူပင် သုတ်သင်လိုက်နိုင်သည်။ ထိုအ ခါတွင် စုစုပေါင်း နတ်ဆိုးအမြုတေခြောက်ခုကို သိမ်းပိုက်ရရှိလိုက်သည်။ မကြာမီ ကျန်းချန်ရွှမ် နှင့် ရှန်းရူယန်မှ ဦးဆောင်ပြီး ကျန်းမိသားစုတစ်ဖွဲ့လုံး ဝိညာဉ်သွေးကြော၏ ဗဟိုချက်မနေရာသို့ ချီတက်ကြတော့သည်။

ထိုနေရာတွင် အဆင့် ၃ ရေဓာတ်ဝိညာဉ်ရတနာ ဆယ်ခုထက်မနည်း တွေ့ရှိရသည်။ မြစိမ်းကြာ၊ ခရမ်းပွင့်လွှာကောင်းကင်ပန်းနှင့် ရေနှလုံးသားကျောက်စိမ်း အစရှိသည့် ရတနာများဖြစ်သည်။ ကျန်းချန်ရွှမ်တို့ စိတ်အဝင်စားဆုံးအရာနှစ်ခုမှာ လိပ်နက်သလင်းကျောက်နှင့် အင်မော်တယ် ကျောက်စိမ်းရတနာများဖြစ်သည်။ ဝိညာဉ်သွေးကြော၏ အခြေအနေအရ နှစ်ငါးဆယ်လျှင် တစ် ခါနှုန်းဖြင့် လိပ်နက်သလင်းကျောက်တစ်ခုကို ထုတ်လုပ်ပေးနိုင်ပါလိမ့်မည်။ အင်မော်တယ် ကျောက်စိမ်းရတနာကတော့ အဆင့် ၃ ရေဓာတ်အခြေခံ မူလဓမ္မရတနာများကို သွန်းလုပ်ရာတွင် အသုံးပြုသည့် တန်ဖိုးကြီးကုန်ကြမ်းတစ်မျိုးဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်တို့ရရှိသောအရာ များတွင် အဆိုပါရတနာများသည် တန်ဖိုးအကြီးဆုံးမဟုတ်သေး။

ဝိညာဉ်သွေးကြော၏ အတွင်းပိုင်းနက်နက်သို့ ဆက်လက်သွားမိသည့်အခါ သုံးမီတာမြင့်သည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ပင်စည်တစ်လျှောက်တွင် ပင်လယ်ပြာရောင် တာအို သင်္ကေတများထွင်းထုထားသည့်အပြင် အစိမ်းတစ်ဝက်၊ အပြာတစ်ဝက် အဆင်းရှိသည့် သစ်သီး ခုနစ်လုံး သီးပွင့်လျက်ရှိသည်။ ကျန်းချန်ရွှမ်တို့လည်း အဆိုပါသစ်ပင်သည် အဆင့် ၃ အမြင့်ဆုံး အဆင့်ရှိသည့် ရေဓာတ်ဆီးပင်ဖြစ်ကြောင်း ရိပ်မိလိုက်သည့်အတွက် ဟန်မဆောင်နိုင်လောက် အောင်ပင် စိတ်လှုပ်ရှားသွားမိသည်။ အဆင့် ၃ ဝိညာဉ်သွေးကြောတွင် ရေဓာတ်အခြေခံ တရုတ် ဆီးပင်ကို တွေ့ရခဲသည်မဟုတ်ပါလား။ ထို့အပြင် ရေဓာတ်ဆီးသီးများကိုပါ အရန်သင့်တွေ့လိုက် ရသည့်အတွက် အတိုင်းထက်အလွန် အဆင်ပြေသွားသည်ဟု ဆိုရမည်။ ထိုဆီးသီးများသည် ကျီ ဖုအဆင့် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်ကို အတိုင်းအတာတစ်ခုထိ မြှင့်တင်ပေးနိုင်စွမ်းရှိသည်။

ကောင်းမွန်စွာ ပြုပြင်သန့်စင်တတ်ပါက ထိုဆီးသီးများသည် နှစ်ငါးဆယ်စွာ ကျင့်ကြံယူရသည့် ဓမ္မစွမ်းအင်ပမာဏကို တစ်ထိုင်တည်း ပေးစွမ်းနိုင်ပါလိမ့်မည်။ ထို့အပြင် ထိုသစ်သီးကို ရေဓာတ် တက်လှမ်းခြင်းဆေးပြား ဖော်စပ်သန့်စင်ရာတွင်လည်း အသုံးပြုနိုင်ပါသေးသည်။ ထိုဆေးပြား၏ အလုပ်လုပ်ပုံမှာလည်း နာမည်အတိုင်းပင် ကျီဖု ဆဌမအဆင့် ကျင့်ကြံသူကို သတ္တမအဆင့်သို့ တက်လှမ်းရာတွင် အကူအညီပေးနိုင်သည်။ အချုပ်ဆိုရလျှင် ရေဓာတ်ဆီးသီးများသည် ဈေးကွက်တွင် တွေ့ရခဲလှသည့် ရှားပါးဝိညာဉ်သစ်သီးများဖြစ်သည်။ ထိုဆီးသီးများသီးပွင့်ရာ ဆီးပင်ဆိုလျှင်တော့ ဆိုဖွယ်မရှိလောက်အောင် အဖိုးတန်သည့် ရတနာတစ်ပါးဖြစ်သည်။ ထိုဆီးပင်တစ်ပင်သည် ကျင့်ကြံခြင်းမိသားစုတစ်စု၏ အခြေခံအုတ်မြစ် ထူထောင်ရာတွင် အမှန်ပင် အသုံးဝင် မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရန်ယီအပါအဝင် ကျန်းမိသားစုအားလုံးသည် ထိုဆီးပင်ကို တပ်မက်စွာငေးမော ကြည့်ရှုရင်း စိတ်လှုပ်ရှားနေမိကြတော့သည်။ အားလုံး၏အကြည့်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် မတိုင်ပင်ဘဲ ပြိုင်တူကျရောက်သွားသည်။ ကျန်းရန်ယီက တစ်စုံတစ်ခုကို စဉ်းစားမိဟန်နှင့်

“စီနီယာဦးလေးနဲ့အဒေါ် ကျွန်တော်တို့မှာ အဆင့် ၃ ဝိညာဉ်သွေးကြောမျိုး မရှိသေးဘူး။ ကျွန်တော်တို့လိုနေတာနဲ့ ကွက်တိပဲ၊ ဒါပေမဲ့ ဒီသစ်ပင်ကို ကျွန်တော်တို့ ဌာနချုပ်ကို ယူသွားရင် လမ်းမှာပျက်စီးတာမျိုး မဖြစ်နိုင်ဘူးလား”

ကျန်းရန်ယီပြောမှ ကျန်းမိသားစုဝင်များလည်း ထိုပြဿနာကို တွေးမိကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ အဆိုပါပြဿနာကို ရှေးဦးမဆွကပင် စဉ်းစားမိပြီးဖြစ်သည်။ ထိုသစ်ပင်ကို ရွှေ့ပြောင်းရာတွင် ထိခိုက်ပျက်စီးနိုင်သလို အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့လျှင်တောင် မကြာမီ ညှိုးနွမ်းခြောက်သွေ့သွားနိုင်သည့် အလားအလာလည်းရှိပြန်သည်။ ထိုအခါ ရှန်းရူယန်က

“ဒီကိစ္စက ပြဿနာတစ်ခုပဲ။ ငါတို့ကျန်းမိသားစုမှာ လုံလောက်တဲ့ ရေဓာတ်ချီစွမ်းအင်မျိုး မရှိမချင်း ဒီအပင်ကို ဒီနေရာမှာပဲ ထားတာအကောင်းဆုံးပဲ၊ ဒီအပင်တစ်ခုခုဖြစ်သွားရင် တို့အားလုံးအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်သွားလိမ့်မယ်”

ထိုအခါကျန်းရန်ယီတို့လူစုမှာ စိတ်ပျက်သွားကြသည်။ သို့သော် ရှန်းရူယန်၏ ဆုံးဖြတ်ချက်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ကျန်းမိသားစုအနေနှင့် အခြေခံလိုအပ်ချက်များ ကို အရင်ဖြည့်ဆည်းပြီးမှ အဆင့် ၃ ရေဓာတ်ဆီးပင်ကို ရွှေ့ပြောင်းလျှင်လည်း နောက်ကျသည် ဟုမဆိုသာပါ။ ဝိညာဉ်သွေးကြော၏ တည်နေရာကို ပြိုင်ဘက်မိသားစုများနှင့် ဂိုဏ်းများမသိစေ ရန် ဖုံးကွယ်ထားဖို့တော့ လိုပါလိမ့်မည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်အပါအဝင် ကျန်းမိသားစုဝင် အားလုံးသည် ရေဓာတ်ဆီးသီးခုနစ်လုံးကို ဆွတ်ခူးလိုက်ပြီး ကျန်ရတနာများအားလုံးကို ရသမျှသိမ်းကြုံးယူငင်ကာ ဌာနချူပ်သို့ပြန်ရန် ပြင်ဆင်လိုက်သည်။ သူတို့အားလုံး မထွက်ခွာမီ ရှန်းရူယန်သည် ဝိညာဉ်သွေးကြော၏ ပတ်ပတ်လည်တွင် ဖုံးကွယ်အစီအရင်တစ်ခု ထူထောင် လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်နှင့် ကျန်လူများအကူအညီဖြင့် ထိုအစီအရင်၏ အပြင်အဝန်း တစ်လျှောက်တွင် နောက်ထပ် အကာအကွယ် အစီအရင်တစ်ခုနှင့် အာရုံခံအစီအရင်အလွှာတခုကို ထပ်မံကာရံလိုက်ပြန်သည်။ ဤနည်းဖြင့် ဝိညာဉ်သွေးကြောကို တစ်စုံတစ်ဦးက ကျူးကျော်လာခဲ့လျှင် သူတို့အနေနှင့် အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်သည်။

စီစဉ်စရာရှိသည်များကို စီမံပြီးနောက် ကျန်းချန်ရွှမ်မှ ဦးဆောင်ပြီး မှော်တိုင်တောင်သို့ ပြန်လည် ထွက်ခွာလာကြတော့သည်။ ဌာနချူပ်ကို ရောက်လျှင်ရောက်ချင်း ကျန်းချန်ရွှမ်သည် ကျန်းယွင် ရုံအပါအဝင် ဌာနချုပ်တွင် ကျန်ရစ်ခဲ့သည့် ဂိုဏ်းတပည့်များအားလုံးကို စုဝေးစေပြီး ဖြစ်သမျှအ ကြောင်းစုံကို အကျဉ်းရုံးရှင်းပြလိုက်သည်။ ထို့နောက် ဝိညာဉ်သွေးကြောမှ ရရှိလာသည့် ရတနာပစ္စည်းများကို စာရင်းတစ်ခုပြုလုပ်ကြေငြာလိုက်သည်။ မိသားစုဝင်များအားလုံးသည် ကိုယ်စီရရှိ ထားသည့် မိသားစုအကျိုးဆောင်ရမှတ်များကို အသုံးပြု၍ အဆိုပါရတနာပစ္စည်းများနှင့် လဲယူခွင့်ရရှိမည်ဖြစ်သည်။ ထိုအခါ ကျန်းမိသားစုဝင်အားလုံးသည် ထခုန်မိမတတ် ဝမ်းမြောက်သွား ကြသည်။

အထူးသဖြင့် ကျန်းရန်ယီ၊ ကျန်းရန်ချွမ်းနှင့် လျူလင်းလုံတို့သည် လိပ်နက်သလင်းကျောက်ကို မျက်စိကျလျက်ရှိသည်။ ကျန်ဂိုဏ်းတပည့်များသည် ရတနာပစ္စည်းစာရင်းကို ကြည့်၍ မိမိရယူလို သော ပစ္စည်းများကို စိတ်ကူးယဉ်မြင်ယောင်နေကြသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်က ချောင်းဟန့်လိုက်ရာ တစ်ဖွဲ့လုံးမှာ စိတ်ကူးယဉ်နေရာမှ အသိဝင်လာပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ အာရုံရောက်သွားသည်။ ကျန်းချန်ရွှမ်က အခြေအနေကို အကဲခတ်လိုက်ပြီးနောက် တစ်လုံးချင်းပြောလိုက်သည်။

“အားလုံးပဲ၊ ပစ္စည်းလဲမဲ့ကိစ္စကို နောက်မှလုပ်ကြပါ။ လောလောဆယ် အားလုံးကို အရေးကြီးတာ တစ်ခုပြောစရာရှိတယ်”

***

All Chapters