← Chapters

ကျောက်စိမ်းရေဓားစင်မြင့်

Vol. 11 Ch. 206

ကျောက်စိမ်းရေဓားစင်မြင့်

Vol. 11 Ch. 206

ကျန်းချန်ရွှမ်၏ လေသံကြောင့် ကျန်းမျိုးနွယ်စုဝင်အားလုံး ပဟေဠိဖြစ်ကုန်ကြသည်။ ကျန်းချန် ရွှမ်က သူတို့အားလုံးကို ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်ပြီး

“ခင်ဗျားတို့အားလုံး ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်း ဆိုတာကို ကြားဖူးကြလား”

“ကြယ်ခုနစ်ပွင့် ဟုတ်လား”

သူတို့အားလုံး၏ တုံ့ပြန်မှုမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဟွမ်းဝမ်ယုထံမှ အဆိုပါသတင်းကို ပထမဆုံးအကြိမ် ကြားသိရချိန်က အတိုင်းပင်ဖြစ်သည်။ ကျန်းရန်ယီနှင့် ကျန်းရန်တောက်တို့မှာ ထိုနာမည်ကို ကြားလျှင် ပထမတွင် ကြက်သေသေငိုင်သွားသော်လည်း တဖြည်းဖြည်းနှင့် တစ်စုံ တစ်ရာကို နားလည်သွားဟန်နှင့် မျက်နှာများ အေးစက်မာကျောလာသည်။ ကျန်းရန်ယီက

“လွန်ခဲ့တဲ့နှစ်ထောင်ဂဏန်းက သေမျိုးလောကကို တစ်စစီ ချေမွဖျက်စီးခဲ့တဲ့ ကြယ်ခုနစ်ပွင့်မိစ္ဆာ ဂိုဏ်းကို ဆိုလိုတာလား”

“ဟုတ်တယ် အဲဒီဂိုဏ်းပဲ”

ထို့နောက် ကျန်းချန်ရွှမ်က ဟွမ်းဝမ်ယုထံမှ ကြားသိလာခဲ့သည့် သတင်းကို မခြွင်းမချန်ရှင်းပြ လိုက်သည်။ သူတို့အားလုံးမှာ ကျန်းချန်ရွှမ်က ထိုဂိုဏ်းနာမည်ကို ရုတ်တရက် ထုတ်ဖော်ပြောဆို စဉ်က ဇဝေဇဝါဖြစ်သွားသေးသော်လည်း အကြောင်းစုံကို သိရှိပြီးနောက် ဇာတ်ရည်လည်သွား တော့သည်။

“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

ကျန်းရန်ယီက စိုးရိမ်စွာ မေးခွန်းထုတ်လိုက်သည်။ ကျန်းချန်ရွှမ်က လက်ကာပြပြီး

“ပထမဆုံး ကျုပ်တို့လုပ်ရမှာက ကျုပ်တို့ကျန်းမိသားစု ပိုင်နက်အားလုံးကို ပိုက်စိပ်တိုက် ရှာဖွေ စစ်ဆေးဖို့ပဲ၊ ကြာခုနစ်ပွင့်ကောင်တွေ ကျုပ်တို့နယ်မြေအတွင်းမှာ လှုပ်ရှားမှုရှိမရှိကို အရင်ဆုံး စစ်ဆေးရမယ်၊ ကျန်နေရာတွေကိုတော့ နောက်မှ အချိန်ယူပြီး စီစဉ်ကြတာပေါ့။ သူတို့ရဲ့ အရိပ်အယောင်ကိုမြင်တာနဲ့ ဘာမှမလုပ်နဲ့။ ကျုပ်နဲ့ ရူယန်ကို အရင်အကြောင်းကြားပါ။ နားလည်ကြ ရဲ့လား”

“နားလည်ပါတယ်”

ကျန်းမိသားစုဝင်အားလုံးလည်း ရိုသေစွာ ဦးညွတ်ရင်း ဖြေကြားလိုက်ကြသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်က မကြာမီ ကျောက်စိမ်းရေဓားစင်မြင့်သို့ ခရီးထွက်ခွာရန် ရှိကြောင်းကို အသိပေး လိုက်သည်။ ရက်အနည်းငယ်ကြာလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မှော်တိုင်တောင်မှ ထွက်ခွာ၍ ကျောက်စိမ်းရေဓားစင်မြင့်၏ ဌာနချုပ်ကို ဦးတည်ခရီးနှင်လိုက်တော့သည်။ မကြာမီ ဌာနချုပ်သို့ ရောက်ရှိ၍ အဝင်တံခါးအနီးသို့ ချဉ်းကပ်မိကြသည်။ တံခါးစောင့်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အော်ရာများကို အာရုံခံမိလိုက်ကြပြီး ကျီဖုအဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ထို့ကြောင့် အစောင့်များမှာ ပျာယာခတ်သွားပြီး ဂိုဏ်းအကြီး အကဲများကို အစီရင်ခံမည်အပြုတွင် သာယာချိုလွင်သော အသံတစ်ခုသည် သူတို့အနောက်မှ ထွက်ပေါ်လာသည်။

“မင်းတို့သွားလို့ရပြီ။ ဒီကမိတ်ဆွေနှစ်ယောက်ကို ငါပဲ ဧည့်ခံလိုက်ပါမယ်”

အားလုံး၏အကြည့်မှာ အသံကြားရာအရပ်သို့ ရောက်ရှိသွားသည်။ အဝါရောင်ဖျော့ဖျော့ ဝတ်ရုံကို လှပစွာဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် သူတို့အားလုံးထံ လျှောက်လှမ်းလာသည် ကို မြင်လိုက်ကြရသည်။ ထိုအခါ အစောင့်များသည် ထိုအမျိုးသမီးကို လေးစားစွာ ဦးညွတ်ရင်း

“နှုတ်ဆက်ပါတယ် အဓိပတိအကြီးအကဲဟွား”

အမျိုးသမီးက အသာခေါင်းဆတ်ပြပြီး အချက်ပြလိုက်ရာ အစောင့်များသည် သူတို့သုံးဦးအား ထားရစ်ကာ ထွက်ခွာသွားကြသည်။ ထို့နောက် အမျိုးသမီးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အား စေ့စပ်စွာ အကဲခတ်လိုက်ပြီး လှပစွာ ပြုံးလိုက်သည်။

“ဒီကမိတ်ဆွေနှစ်ဦးက ကျောက်စိမ်းရေဈေး လေလံပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ စုံတွဲမဟုတ်လား”

“တာအိုမိတ်ဆွေဟွားက မှတ်ဉာဏ်ကောင်းတာပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ ထိုအမျိုးသမီးသည် မကြာခင်က ကျောက်စိမ်းရေဈေးတွင် ကျင်းပခဲ့သည့် လေလံပွဲကို ကြီးကြပ်ခဲ့သူ ကျောက်စိမ်းရေဓား စင်မြင့်၏ အဓိပတိအကြီးအကဲ ဟွားမန်ရုံ ပင်ဖြစ်သည်။ ဟွားမန်ရုံက ကျန်းချန်ရွှမ်တို့ကို စိုက်ကြည့် လိုက်ပြီး

“ဒီကမိတ်ဆွေတို့ရဲ့ နာမည်က ဘာပါလဲ။ ဘာကိစ္စနဲ့ ဒီကိုလာပါသလဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သူတို့ကိုယ်ကို အကျဉ်းရုံးမိတ်ဆက်လိုက်ပြီး

“ကျုပ်နဲ့ ကျုပ်ဇနီးတို့နှစ်ဦးက စီနီယာကုနဲ့ တွေ့ချင်လို့ ဒီကိုရောက်လာတာပါ”

ဟွားမန်ရုံသည် မျက်ခုံးနှစ်ခု ထိစပ်သွားသည်အထိ မျက်မှောင်ကြုတ်သွားပြီး

“ရှင်တို့က ကျွန်မဆရာနဲ့ တွေ့ချင်လို့ ဟုတ်လား၊ ဘာကိစ္စများလဲ”

ကျန်းချန်ရွှမ်တို့လည်း ဟွားမန်ရုံသည် ကိုယ်ပျောက်ဓား ကုယွဲ့ဖန်း၏ လက်ရင်းတပည့်ဖြစ်နေသည်ကို ယခုမှ သိရှိလိုက်ရသည့်အတွက် အနည်းငယ်အံ့အားသင့်မိသွားသည်။ ထိုအခါ ကျန်းချန်ရွှမ်က လာရင်းကိစ္စကို ရှင်းပြလိုက်ပြီး ကျန်းပိုင်လုံကိုယ်တိုင် ရေးသားထားသည့် စာလွှာကိုပါ ထုတ်ပြလိုက်သည်။ ထိုအခါ ဟွားမန်ရုံ၏ မျက်နှာထားမှာ ရုတ်တရက်ပြောင်းသွားပြီး လေးစားရိုကျိုးသည့် အမူအရာမျိုးဖြစ်လာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် စပ်ဆိုင်နေ သည့် ကိစ္စမျိုးကို ဟွားမန်ရုံနှင့် မလေးမစား မလုပ်ဝံ့ပါချေ။ ထို့နောက် ဟွားမန်ရုံသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဧည့်ခန်းဆောင်တစ်ခုသို့ ခေါ်ယူနေရာချပေးလိုက်ပြီး အစေခံများကို ဝိညာဉ်လက်ဖက်ရည်များဖြင့် တည်ခင်းရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်တို့ကို လေးစားသည့် အမူအရာနှင့် ပြောလိုက်ပြန်သည်။

“အရင်ဆုံး ကျွန်မဆရာကို အစီရင်ခံရပါဦးမယ်။ ရှင်တို့နဲ့တွေ့ဖို့ သူသဘောတူရင် ကျွန်မရှင်တို့ကို လာအကြောင်းကြားပါ့မယ်၊ အဆင်ပြေလားမသိဘူး”

ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ခွင့်ရရန်မှာ ထင်သလောက် လွယ်ကူမည်မဟုတ်မှန်း ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး နားလည်ထားပြီးဖြစ်၍ ခေါင်းညိတ်သဘောတူလိုက်သည်။

“ဒါဖြင့် တာအိုမိတ်ဆွေဟွားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ဟွားမန်ရုံက ပြုံးလိုက်ပြီး

“ကိစ္စမရှိပါဘူးရှင်”

ထို့နောက်တွင် ကုယွဲ့ဖန်းရှိရာ တောင်ထွတ်သို့ ချက်ချင်းပျံသန်းသွားတော့သည်။ မကြာမီ ဟွား မန်ရုံတစ်ယောက် ပြန်လည်ရောက်ရှိလာသည်။ သူမမျက်နှာတွင် ရှေးကထက် ရင်းနှီးသည့် အမူအရာ၊ အရိပ်အယောင်များ ထင်ဟပ်နေသည်။

“ဆရာက ရှင်တို့နဲ့တွေ့ဖို့ သဘောတူပါတယ်၊ ချက်ချင်းခေါ်လာခဲ့ပါတဲ့။ ကျွန်မနောက် လိုက်ခဲ့ကြပါ”

ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ကြပြီး ကုယွဲ့ဖန်းအနေနှင့် ကျန်းပိုင်လုံ၏ လက်ရေးစာလွှာကို အလွန်တရာမှ အရေးတယူပြုကြောင်း သတိထားမိလိုက်ကြသည်။ ထို့နောက် နှစ်ဦးသားလည်း ဟွားမန်ရုံခေါ်ရာနောက်သို့ လိုက်လာခဲ့ရာ တောင်ထွတ်တစ်ခုအထက်ရှိ လှိုဏ်ဂူတစ်ခုကို ရောက်ရှိလာကြသည်။ ဟွားမန်ရုံက ဂူအတွင်းဝင်သွားချိန်တွင် ကျန်းချန်ရွှမ်တို့နှစ်ဦးမှာ အပြင်တွင် ခေတ္တမျှ စောင့်ဆိုင်းနေကြရသည်။ မကြာမီ ဟွားမန်ရုံက လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ပြောကြား၍ ဂူအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလိုက်သည်။ ဂူအတွင်းတစ်နေရာရှိ ထိုင်ဖုံတစ်ခုတွင် တည်ငြိမ်စွာ ထိုင်နေသော သက်လတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် ရိုးရှင်းသော သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အော်ရာအငွေ့အသက်များကိုလည်း လုံးဝမတွေ့ရှိရပေ။

ထိုပုဂ္ဂိုလ်ကို အကြောင်းမသိသူတစ်ဦးသာ မြင်မိလျှင် သာမန်သေမျိုးလူသား တစ်ဦးဟုသာ ထင်မှတ်မိမှာ သေချာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဂူအတွင်းဝင်လာသည်ကို မြင်လျှင် ထိုသူသည် သူတို့နှစ်ဦးအား တည်ငြိမ်စွာ အကဲခတ်လိုက်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မလေးမစားမလုပ်ဝံ့ဘဲ ကုယွဲ့ဖန်းဆိုသူ ထိုပုဂ္ဂိုလ်အား ရိုသေစွာ ဦးညွတ်လိုက်မိသည်။

“နှုတ်ဆက်ပါတယ် စီနီယာကု”

***

All Chapters