← Chapters

ဓား

Vol. 11 Ch. 207

ဓား

Vol. 11 Ch. 207

ကျန်းချန်ရွှမ်က ကျန်းပိုင်လုံ၏ပေးစာကို တရိုတသေ ကမ်းပေးလိုက်သည်။ ကုယွဲ့ဖန်းက လှမ်းယူရင်း ညင်သာစွာပြောသည်။

“ငါ့ကို အထွေအထူး ဂါရဝပြုစရာမလိုပါဘူးကွယ်”

ကုယွဲ့ဖန်းသည် စာကိုဖတ်ရှုပြီးနောက် အတွေးရေလျင်တွင် နစ်မြုပ်သည့်ပမာ ငြိမ်ကျသွားသည်။ တစ်စုံတစ်ရာပြောဆိုခြင်း၊ တုံ့ပြန်ခြင်းမရှိပါ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပြင် မနီးမဝေးရှိ ဟွားမန်ရုံပင်လျှင် ကုယွဲ့ဖန်းထံမှ အဟုန်ပြင်းစွာ ထွက်ပေါ်လာသော ဓားအာရုံကို ရှင်းလင်းပြတ် သားစွာ ခံစားမိသည်။ ထိုအခါ ဟွားမန်ရုံသည် မျက်နှာထားတစ်မျိုးပြောင်းသွားပြီး

“တာအိုမိတ်ဆွေတို့ ကျွန်မဆရာက ဓားဉာဏ်စဉ်တက်ခြင်း အာရုံကို ဝင်စားနေပြီ။ ကျွန်မတို့ ဒီဂူထဲက အမြန်ထွက်ဖို့လိုပြီ”

ထို့နောက် ကျန်းချန်ရွှမ်တို့၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ရှေ့မှဦးဆောင်၍ ဂူပြင်သို့ ထွက်ခွာ သွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ယောင်တိယောင်တောင်ဖြင့် နောက်မှ အပြေးလိုက်ကြရသည်။ ဂူပြင်ရောက်လျှင် ဟွားမန်ရုံက စိုးရိမ်ခြင်း မပြေပျောက်သေးဟန်နှင့်

“ကျွန်မဆရာက ဒီလိုပဲ။ ဓားဉာဏ်စဉ်တက်ခြင်း အာရုံဝင်သွားတာနဲ့ ပြင်ပလောကနဲ့ အဆက်အ သွယ် ပြတ်သွားပြီး သူ့စိတ်နဲ့ ခန္ဓာနှစ်ခုလုံး ဈာန်ဝင်စားသလိုဖြစ်သွားတယ်။ ကျွန်မတို့ ဂူထဲမှာ ဆက်နေရင် သူ့ဆီက ဓားချီဓာတ်တွေကြောင့် ဒဏ်ရာရနိုင်တယ်။ အခန့်မသင့်ရင် ကျွန်မတို့သုံး ယောက်လုံး သေသွားနိုင်တယ်”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထိုစကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“အဲဒီလောက်တောင် ပြင်းထန်တာလား”

ထိုအခိုက်မှာပင် သုံးဦးသား စကားပြောနေသော လှိုဏ်ဂူထဲမှ စူးရှပြင်းထန်သည့် ဓားချီစွမ်းအင်များ ဒလဟော ဖြာထွက်လာတော့သည်။ လှိုဏ်ဂူ၏အထက် ကောင်းကင်တစ်နေရာတွင်လည်း ဓားပုံစံ ဧရာမအရိပ်ကြီးတစ်ခု လွင့်မျောလျက်ရှိသည်။ ထိုဓားအရိပ်ကြီးသည် နဂါးတစ်ကောင်ပမာ ခမ်းနားတင့်တယ်လှပြီး သူတို့သုံးဦးအား အချိန်မရွေး ဆင်းသုတ်တိုက်ခိုက်တော့မည့် အ သွင်ကိုဆောင်နေသည်။ ထိုအချိန်တွင် မြေပြင်ထက်မှ အဝါရောင်မြေတံတိုင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကုယွဲ့ဖန်းရှိနေသည့် လှိုဏ်ဂူကို လွှမ်းခြုံလိုက်သည်။ ထိုအခါတွင်မှ ဟွားမန်ရုံတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ခပ်ယဲ့ယဲ့ပြုံးပြီး

“ဒီတံတိုင်းက ကျွန်မဆရာ အရင်ကတည်းက ဂူအတွင်းမှာ မြှုပ်နှံထားတဲ့ အစီအရင်ပါ။ သူ့ရဲ့ဓားချီတွေက သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုကို ကျော်သွားတာနဲ့ ဒီအစီအရင်က သူ့အလိုလို အသက်ဝင်ပြီး ပြင်ပလောကကို အန္တရာယ်မဖြစ်အောင် ပိတ်ချလိုက်တဲ့သဘောပဲ”

“နားလည်ပါပြီ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ သူတို့စိတ်ထဲတွင် တွေးမိနေသည်က ကုယွဲ့ဖန်းသည် ဓားတာအိုလမ်းစဉ်ကို အရူးအမူး စွဲလမ်းနေသည် ဟူသောအချက်ပင်ဖြစ်သည်။ ကြိုတင်အသိပေးခြင်းမရှိဘဲ သူတို့ရှေ့မှောက်တွင်ပင် ရုတ်တရက် ဓားဉာဏ်စဉ်ဝင်စားခဲ့သည်ကို ကြည့်ခြင်းဖြင့် အလွယ်သိနိုင်သည်။ ထိုကဲ့သို့ ဉာဏ်စဉ်ဝင်စားရာတွင်လည်း ကုယွဲ့ဖန်းသည် လူသေကောင်တစ်ဦးပမာ ပြင်ပလောကကို သတိမူနိုင်ခြင်းမရှိတော့ဘဲ စိတ်နှင့် ခန္ဓာသည် ဓားတာအိုနှင့် တစ်သားတည်း ဖြစ်တည်သွားဟန်တူသည်။ ထို့ကြောင့်ပင် ဓားကျင့် ကြံသူပေါင်း သိန်းချီရှိသည့်အနက် ကုယွဲ့ဖန်းသည် ကိုယ်ပျောက်ဓားဟူ၍ နေလိုလလို ထင်ရှားနေခြင်းပင်ဖြစ်မည်ဟု ကျန်းချန်ရွှမ်တွေးမိသည်။

ထိုအချိန်မှာပင် မြေတံတိုင်းသည် တဖြည်းဖြည်း ကွယ်ပျောက်သွားတော့သည်။ ထို့နောက်တွင် ဓားသင်္ကေတတစ်ခု ထွင်းထုထားသည့် တံဆိပ်တစ်ခုသည် ဂူအတွင်းမှ ပျံဝဲလာပြီး ကျန်းချန်ရွှမ်၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်သည်။ ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တံဆိပ်ကို တလှည့် ဟွားမန်ရုံကိုတလှည့်ကြည့်ရင်း ဇဝေဇဝါဖြစ်နေတော့သည်။ ဟွားမန်ရုံ၏ မျက်နှာတွင်လည်း မယုံနိုင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့ကို မနာလိုအားကျသည့် အကြည့်ဖြင့်ကြည့်ရင်း

“ဒီတံဆိပ်က ကျွန်မဆရာရဲ့ ဓားအာရုံတံဆိပ်တော်ပဲ၊ ဒီတံဆိပ်ကိုကိုင်ပြီး ဓမ္မစွမ်းအင်အချို့ ထည့်သွင်းလိုက်တာနဲ့ ကျွန်မဆရာနဲ့ ချိတ်ဆက်လိုက်သလိုဖြစ်ပြီး တံဆိပ်ပိုင်ရှင်ကို အာရုံခံနိုင်စွမ်းရှိလာလိမ့်မယ်၊ တံဆိပ်ပိုင်ရှင် အလိုရှိတာမှန်သမျှကို ကျွန်မဆရာက ကူညီဖြည့်ဆည်းပေးလိမ့်မယ်၊ သူတတ်နိုင်တဲ့ကိစ္စမျိုး ဖြစ်ဖို့တော့လိုတာပေါ့”

ထို့နောက် ဟွားမန်ရုံက တစ်စုံတစ်ခုကို ပြန်ပြောင်းသတိရမိဟန်နှင့်

“ကျွန်မဆရာ ဒီတံဆိပ်ကို နောက်ဆုံးချီးမြှင့်ဖူးတဲ့ ပုဂ္ဂိုလ်က ကျွန်မတို့စင်မြင့်ရဲ့ လက်ရှိသခင်ကြီးပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်ရာက ချီးမြှင့်ခဲ့တာ”

ထိုအခါမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ထိုတံဆိပ်၏ အလုပ်လုပ်ပုံကို နားလည်သွားသည်၊ အဆိုပါတံဆိပ်သည် ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်ကို လက်ဆောင်ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး ထိုလက်ဆောင်မှာ အတိုင်းမသိအဖိုးတန်ကြောင်းလည်း ရိပ်မိလိုက်သည်။ သို့သော် သူတို့နားမလည်သည်က ကျန်းပိုင်လုံ၏ စာလွှာထဲတွင် မည်သို့သော အကြောင်းအရာများ ပါဝင်နေ၍ ကုယွဲ့ဖန်းသည် ရုတ်တရက် ကျန်းချန်ရွှမ်အပေါ် မျက်နှာသာပေးလိုက်သနည်း ဆိုသောအချက်ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်လည်း သူ့ရှေ့မှောက်တွင် ပျံဝဲနေသော တံဆိပ်တော်ကို လက်ဖြင့်ဖမ်းယူလိုက်သည်။ ထိုခဏတွင်ပင် တံဆိပ်၏ သဘောသဘာဝကို နားလည်သွားသည်။ ဟွားမန်ရုံရှင်းပြခဲ့သည့်အတိုင်းပင် တံဆိပ်ပိုင်ရှင် သူ့အနေနှင့် ကုယွဲ့ဖန်းထံမှ အလိုရှိရာတစ်ခုကို တောင်းဆို နိုင်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် တံဆိပ်တော်ကို လုံခြုံစွာသိမ်းဆည်းထားလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရမိဟန်နှင့် ဟွားမန်ရုံကိုကြည့်၍ မေးခွန်းထုတ်လိုက်သည်။

“ဒါနဲ့ တာအိုမိတ်ဆွေဟွား ကြာခုနစ်ပွင့် မိစ္ဆာဂိုဏ်းဆိုတာကို ခင်ဗျားကြားဖူးလား”

မူလက ကျန်းချန်ရွှမ်အနေနှင့် ထိုမေးခွန်းကို ကုယွဲ့ဖန်းကို မေးမြန်းမည်ဟု ရည်ရွယ်ထားသော်လည်း လက်ရှိအခြေအနေအရ ကုယွဲ့ဖန်းတွင် သူတို့နှစ်ဦးနှင့် လက်ခံတွေ့ဆုံဖို့ အချိန်မရှိတော့၍ ဟွားမန်ရုံကိုသာ မေးလိုက်ရခြင်းဖြစ်သည်။ ဟွားမန်ရုံသည် ကျောက်စိမ်းရေဓားစင်မြင့်၏ ကျီဖုအဆင့် အဓိပတိအကြီးအကဲဖြစ်သလို ကုယွဲ့ဖန်း၏ လက်ရင်းအတွင်းတပည့်လည်း ဖြစ်နေ၍ ကြာခုနစ်ပွင့်မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သည့် သတင်းတစ်ခုခုကို စင်မြင့်မှ ရရှိထားလျှင် ထိုသတင်း ကို ဟွားမန်ရုံလည်း ကျိန်းသေသိရှိလိမ့်မည် ဟူသောအတွေးကြောင့်ဖြစ်သည်။ သူထင်ထားသည့် အတိုင်းပင် ဟွားမန်ရုံသည် ထိုအမေးကိုကြားလျှင် မျက်နှာတည်သွားပြီး

“အမှန်အတိုင်းပြောရရင် လျန်နိုင်ငံထဲမှာ ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ လှုပ်ရှားမှု အရိပ်အယောင်တွေကို ကျွန်မတို့ရှာတွေ့ထားပါတယ်။ ဒီကိစ္စကိုစုံစမ်းဖို့ စင်မြင့်သခင်ကိုယ်တိုင် လူလွှတ်ပြီး ထောက် လှမ်းခိုင်းထားပါတယ်။ မကြာခင် သတင်းတစ်ခု ကြားရလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အကယ်၍ လျန်နိုင်ငံထဲမှာရှိနေတဲ့ ကြာခုနစ်ပွင့်ဂိုဏ်းရဲ့ ခံတပ်ဌာနချုပ်တည်နေရာကို စုံစမ်းနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့စင်မြင့်နဲ့ ကောင်းကင်ယွဲ့ဂိုဏ်းတို့ အတူပူးပေါင်းပြီး လျန်နိုင်ငံထဲက အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့အထက် ကျင့်ကြံခြင်းမိသားစုတွေ၊ ဂိုဏ်းတွေကို အကုန်စုရုံးပြီး မဟာမိတ် တပ်ဖွဲ့မယ်၊ ပြီးတာနဲ့ အဲဒီဌာနချူပ်ကို စီးနင်းတိုက်ခိုက်ဖို့ စီစဉ်ထားပါတယ်”

ဟွားမန်ရုံ၏ စကားဆုံးလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်မှောင်များ ကြုတ်သွားကြသည်။ ဤအရေးသည် သူတို့ထင်ထားသည်ထက်ပင် အရေးကြီးနေဟန်တူသည်။ မဟုတ်လျှင် ရွှေအမြုတေအဆင့်ရှိ အင်အားစုကြီးများဖြစ်သည့် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဓားဂိုဏ်းတို့ အတူလက်တွဲပြီး လျန်နိုင်ငံရှိ ကျန်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ချေမှုန်း တိုက်ခိုက်ရနိုင်သည့် အခြေအနေထိ ဆိုက်ရောက်သွားလိမ့်မည် မဟုတ်ပါ။ သို့မဟုတ် သည်အတောအတွင်း သူတို့မသိမှီလိုက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်များလား။ ထိုအတွေး ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများမှာ အေးစက်တည်ငြိမ်သွားတော့သည်။

ထိုအခိုက်တွင် အထက်ကောင်းကင်တစ်နေရာတွင် ဓားအလင်းတန်းတစ်ခု ပြိုးပြက်သွားပြီး ထို အလင်းသည် သူတို့ရှေ့မှောက်သို့ တစ်ခဏချင်း ရောက်ရှိလာသည်။

“စင်မြင့်သခင်ကြီးပဲ”

ဟွားမန်ရုံက ရုတ်တရက် ရေရွတ်လိုက်မိသည်။ ဓားအလင်းတန်းသည် သူတို့ရှေ့မှောက်ရှိ မြေပြင်ထက်သို့ သက်ဆင်းလိုက်သည်။ ထိုအခါ ဟွားမန်ရုံက ရိုသေလေးစားစွာ ဦးညွတ်လိုက်ပြီး

“နှုတ်ဆက်ပါတယ် စင်မြင့်သခင်ကြီး”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အလားတူ ဦးညွတ်လိုက်ကြသည်။

“နှုတ်ဆက်ပါတယ် စင်မြင့်သခင်”

***

All Chapters