စနစ်၏ မစ်ရှင်အသစ်
Vol. 11 Ch. 208
ကျောက်စိမ်းရေဓားစင်မြင့်၏ ဂိုဏ်းသခင်ဖြစ်သူ၏ အမည်မှာ ဟောင်တုန်းပိုင်ဖြစ်သည်။ သူသည် အပြင်ပန်းအားဖြင့် အသက်သုံးဆယ်ကျော်အတွင်းဟု ထင်ရပြီး ရုပ်ရည်ရူပကာမှာ ချောမောရည်မွန်သည့် အသွင်မျိုးဆောင်နေသည်။ သို့သော် အခြားဂိုဏ်းများ၏ ဂိုဏ်းသခင်များ နှင့် ဟောင်တုန်းပိုင်တို့အကြား ကွာခြားချက်မှာ ကျင့်ကြံမှုအဆင့်အတန်းဖြစ်သည်။ ဟောင်တုန်းပိုင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် ဟွားမန်ရုံသည် သူ့ကို အလွန်လေးစားကြည်ညိုစွာ ဆက်ဆံနေခြင်းဖြစ်သည်။ ဟောင်တုန်းပိုင်သည် မြေပြင်ထက်သို့ သက်ဆင်းပြီးနောက် ဟွားမန်ရုံထံသို့ လျှောက်လာစဉ် လူစိမ်းနှစ်ဦး ရောက်ရှိနေသည်ကိုမြင်၍ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုအခါ ဟွားမန်ရုံက ကျန်းချန်ရွှမ်တို့စုံတွဲနှင့် မိတ်ဆက်ပေးပြီး လာရင်းကိစ္စကိုလည်း ရှင်းပြလိုက်သည်။
ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်အား ဓားအာရုံတံဆိပ်ပြား အပ်နှံလိုက်သည်ဆိုသော နေရာကိုရောက်လျှင် ဟောင်တုန်းပိုင်၏ မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့အားသင့်မိသွားသည်။ ဆရာကုယွဲ့ဖန်းသည် ထိုတံဆိပ်ကို သူ့အား နောက်ဆုံးချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အချိန်မှာ လွန်ခဲ့သည့် နှစ်၂၀၀ ကျော်ကဖြစ်သည်။ သည်ကြားထဲတွင် တံဆိပ်တော်ချီးမြှင့်ခံရသူမရှိသေးပါ။ စင်မြင့်၏ အထူးချွန်ဆုံး ပါရမီရှင် မျိုးဆက်သစ်များပင် ထိုတံဆိပ်ကို မရရှိခဲ့ကြပါ။ ဆရာကုယွဲ့ဖန်းသည် ကျန်းပိုင်လုံ၏ စာလွှာကို ထူးထူးခြားခြား အလေးအနက်ထား၍သာ ကျန်းချန်ရွှမ်လို လူစိမ်းတစ်ဦးကို တံဆိပ်တော် အပ်နှင်းလိုက်ခြင်းဖြစ်မည်ဟု ဟောင်တုန်းပိုင်တွေးမိသည်။
ကုယွဲ့ဖန်းသည် တောင်တုန်းပိုင်အား မကြာခဏဆိုသလို သင်ကြားလမ်းညွန်မှုများ ပေးတတ်သလို ဓားအာရုံတံဆိပ်ကိုပါ ချီးမြှင့်ခဲ့သော်လည်း အမှန်စင်စစ်တွင် ဟောင်တုန်းပိုင်သည် ကုယွဲ့ဖန်း၏ တရားဝင်တပည့်မဟုတ်ပါ။ သို့သော် ဟောင်တုန်းပိုင်အနေနှင့် ကုယွဲ့ဖန်းကို ဆရာရင်းတစ်ဦးပမာ ဆက်ဆံခဲ့သည်သာဖြစ်သည်။ ကျောက်စိမ်းရေဓားစင်မြင့်၏ ဂိုဏ်းသခင်ဖြစ်လာသည့်တိုင် ကုယွဲ့ဖန်း၏ ရှေ့ရောက်လျှင် ဟောင်တုန်းပိုင်သည် ရိုကျိုးသော ဂိုဏ်းတပည့်တစ်ဦးပမာ မိမိကိုယ်ကို မှတ်ယူနေဆဲဖြစ်သည်။ ဟွားမန်ရုံ၏ စကားဆုံးလျှင် ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို စေ့စေ့ကြည့်လိုက်ပြီး နှုတ်ဆက်သည့်အနေနှင့် ပြုံးပြလိုက် သည်။ ထို့နောက် ဟွားမန်ရုံဖက်ကို လှည့်ပြီး
“ဆရာကု ဉာဏ်စဉ်တက်နေတယ်ဆိုတော့ ငါနှောက်ယှက်ဖို့မသင့်ဘူးပဲ။ ဆရာကု ပြန်ထွက်လာရင် ငါ့ကိုအကြောင်းကြားလိုက်ပါ”
“နားလည်ပါပြီ စင်မြင့်သခင်ကြီး”
ထို့နောက် ဟွားမန်ရုံက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဟောင်တုန်းပိုင်အား
“ဒါနဲ့ စင်မြင့်သခင်ကြီး၊ ကြာခုနစ်ပွင့်ဂိုဏ်းအကြောင်း စုံစမ်းနေတာ တိုးတက်မှုရှိရဲ့လား”
ဟောင်တုန်းဖန်သည် ဟွားမန်ရုံတစ်ယောက် လူစိမ်းနှစ်ဦးရှေ့တွင် ထိုကိစ္စကို ထုတ်ဖော်မေးမြန်းလိုက်သည့်အတွက် အံ့အားသင့်လျက် မျက်ခုံးပင့်သွားသည်။ သို့သော် ဆရာဖြစ်သူ ကုယွဲ့ဖန်း၏ ကျန်းချန်ရွှမ်အပေါ် သဘောထားကို ပြန်ပြောင်းသတိရမိသောအခါတွင် ထိုနှစ်ဦးရှေ့တွင် ဖုံးကွယ်နေရန် မလိုတော့ကြောင်း နားလည်လိုက်သည်။
“လတ်တလောမှာတော့ ဘာမှမထူးသေးဘူး။ အခုဆရာကုနဲ့ တွေ့ဖို့လာတာကလည်း ဒီကိစ္စ ပြောမလို့ပဲ”
ဟောင်တုန်းပိုင်လို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင် ကြာခုနစ်ပွင့်ဂိုဏ်း၏ လှုပ်ရှားမှုကို မထောက်လှမ်းနိုင်သည်ကို သိရလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ သက်ပြင်းကိုယ်စီ ချမိ လိုက်ကြသည်။ ထို့နောက် ဟောင်တုန်းပိုင်က
“မကြာခင် ခွန်ရှုတောင်ကိုသွားပြီး တာအိုမိတ်ဆွေ ခွန်ရှုကို အကူအညီတောင်းဖို့ စီစဉ်ထားသေးတယ်။ သူ့နဲ့ ချိတ်ပြီး ကောင်းကင်ယွဲ့ဂိုဏ်းရဲ့ အကူအညီယူဖို့ပါ”
ခွန်ရှုဆိုသူမှာ လျန်နိုင်ငံတွင် လူသိများသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တွက်ချက်ခြင်းနည်းစနစ်များကို အထူးကျွမ်းကျင်သည်ဟု ထင်ရှားသည်။ သို့သော် ခွန်ရှုလိုအဆင့်မျိုးနှင့်ပင် ကြာခုနစ်ပွင့်ဂိုဏ်း၏ တည်နေရာ၊ ဌာနချုပ်ကို ထောက်လှမ်းရန် မလွယ်ကူပါ။ သို့ရာတွင် ခွန်ရှုသည် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွီဂိုဏ်းနှစ်ဖွဲ့လုံးနှင့် ခင်မင်ရင်းနှီးပြီး နှစ် ဖွဲ့လုံးက မှီခိုအားထားရသူဖြစ်၍ ဟောင်တုန်းပိုင်အနေနှင့် ခွန်ရှုမှတဆင့် ကောင်းကင်ယွီဂိုဏ်း ကို ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဟောင်တုန်းပိုင့်စကားကို ကြားလျှင် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး
“ဒီဂိုဏ်းကိုနှိမ်နင်းဖို့က ကျုပ်တို့ကျင့်ကြံသူအားလုံးရဲ့ တာဝန်ပါ။ ဒီအရေးကိစ္စမှာ စင်မြင့်သခင် အနေနဲ့ ကျုပ်တို့ကျန်းမိသားစုရဲ့ အကူအညီလိုရင် အချိန်မရွေး အသိပေးလိုက်ပါ”
ကြာခုနစ်ပွင့်ဂိုဏ်းနှင့် ရင်ဆိုင်ရမည့်အရေးတွင် ကျန်းမိသားစုမှာ ထိထိရောက်ရောက် ကူညီပေးနိုင်မည်မဟုတ်သော်လည်း ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်တို့စုံတွဲ၏ ခံယူချက်ကို လေးစားကြည်ညိုသွားပုံရသည်။ သူက ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်ရင်း
“ကောင်းပါပြီ၊ ခင်ဗျားတို့ကျန်းမိသားစု ပိုင်နက်မှာ ဒီဂိုဏ်းရဲ့ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့ရင် ကျုပ်တို့ကို ချက်ချင်း အကြောင်းကြားပေးပါ”
“ကောင်းပါပြီ”
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပြန်ချိန်တန်ပြီဟု ယူဆသောကြောင့် ဟောင်တုန်းပိုင်နှင့် ဟွားမန်ရုံတို့ကို နှုတ်ဆက်လိုက်ကြပြီး ကျန်းမိသားစုထံ ပြန်လည်ထွက်ခွာသွား တော့သည်။ ကျန်းမိသားစုနယ်မြေကို ရောက်လျှင်ရောက်ချင်း ဇနီးမောင်နှံနှစ်ဦးသည် ရွှမ်းမင်တောင်ထွတ်သို့တက်၍ ဂူပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။ သည်တစ်ကြိမ်တွင် ရေ ဓတ်ဆီးသီးကိုသုံး၍ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် စဉ်းစားမိသည်။ ကျန်းချန်ရွှမ်တစ်ယောက် ရေဓာတ်ဆီးသီးကို ထုတ်ယူလိုက်ချိန်တွင် စနစ်မှ အချက်ပေးသံဝင်လာတော့သည်။
[စနစ်မှမစ်ရှင်အသစ် ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင် စွမ်းအင်လည်ပတ်ခြင်းကို အကြိမ် ၁၀၀၀ ပြုလုပ်ပါ]
[လက်ရှိအခြေအနေ ၀ ရာခိုင်နှုန်း]
မစ်ရှင်အသစ်ကို တွေ့လိုက်ရသောအခါ ကျန်းချန်ရွှမ်တစ်ယောက် ကြက်သေသေငိုင်သွားမိသည် လွန်ခဲ့သည့်အခေါက်ကပင် စွမ်းအင်လည်ပတ်ခြင်း မစ်ရှင်ကို အကြိမ် ၁၀၀ ပြုလုပ်ပြီးပြီ မဟုတ်ပါလား။ နောက်ဆုံးတစ်ခေါက်နှင့် မတူသည်က သည်တစ်ကြိမ်တွင် အကြိမ် ၁၀၀၀ ဆောင်ရွက် ခိုင်းခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်တွေးမိသည်က သူဆောင်ရွက်ခဲ့ပြီးသော မစ်ရှင်များကိုလည်း ထိုနည်းတူ နောက်တစ်ဆင့်မြှင့်တင်၍ ပြန်လည်ဆောင်ရွက်ခိုင်းမည်လား ဟူသောအချက်ပင် ဖြစ်သည်။ သူတွေးသည့်အတိုင်းမှန်လျှင် စနစ်မှ ချီးမြှင့်မည့် ဆုလာဘ်များမှာ ပို၍ မျှော်လင့်စရာ ကောင်းလာပါလိမ့်မည်။ နောင်လာမည့်မစ်ရှင်များသည် ယခုတစ်ခေါက်နည်းတူ ဖြစ်မည်ဆိုပါ က ကျန်းချန်ရွှမ် ကျင့်ကြံရမည့် အချိန်ကာလနှင့် အားထုတ်မှုပမာဏသည်လည်း ရှေးကထက် အဆများစွာ ပိုလာပါလိမ့်မည်။ သို့သော် မစ်ရှင်အပြီး ရရှိမည့် ဆုလာဘ်များသည် အားထုတ်ရ သည်နှင့် ထိုက်တန်ပါက ကျန်းချန်ရွှမ်အနေနှင့် ထိုမစ်ရှင်များကို လိုလိုလားလား ဆောင်ရွက်မည်သာဖြစ်သည်။
ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ရေဓာတ်ဆီးသီးကို တစ်ကိုက်မျှ စမ်းကိုက်ကြည့်လိုက် သည်။ အေးစက်စက်အော်ရာတစ်ခုက လည်ချောင်းမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားပြီးနောက် ဓမ္မစွမ်းအင်အဖြစ်သို့ ကူးပြောင်းသွားသည်။ ကျန်းချန်ရွှမ်သည် အခြေခံဓာတ်ငါးပါး ကျင့်စဉ်ကို စတင်လိုက်ပြီး ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်ကို လှည့်ပတ်လိုက်သည်။
***